ကလေးမြို့နှင့် ကလေးဝမြို့တို့တွင် ရေကြီး

E-mail Print
မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ကလေးဝမြို့တို့တွင် ရေကြီး၍ လူနေအိမ်များ ရွှေ့ပြောင်းနေရပြီး ကလေးမြို့ နည်းပညာ တက္ကသိုလ်လည်း ပိတ်ထားရကြောင်း သတင်းရရှိသည်။

kalay-town-2
“ကလေးမြို့ကနေ ထိုမာရွာဖက်သွားတဲ့လမ်း၊ ကလေးကနေ ၇ မိုင်ဝေးတဲ့ နည်းပညာတက္ကသိုလ်ရှိတဲ့ နေရာမှာ ဇင်းကလင်းချောင်း တံတားဘေးက မြေတွေကို ရေတွေတိုက်စားပြီး ချောင်းကြီးဖြစ်သွားတယ်။ တံတားလည်း မျောသလိုဖြစ်သွားတော့ ကားသွားမရဘူး။ နည်းပညာတက္ကသိုလ် ပိတ်လိုက်ရတယ်။ ကလေးထောင်သွားတဲ့လမ်းလည်း ရေမြုပ်နေတယ်” ဟု ကလေးမြို့ခံတဦးက ပြောသည်။

ကလေးမြို့ပတ်ဝန်းကျင်ရှိ ပျဉ်သာ၊ တောင်ငူ စသည့်ရွာများလည်း ရေလွှမ်းနေပြီး ညောင်ပင်သာ၊ ပင်လုံစသည့် ရပ်ကွက်များရှိ အနိမ့်ပိုင်းများတွင်လည်း ရေစတင်လွှမ်းနေကြောင်း၊ ရေဘေးဒုက္ခသည်များကို အောင်မင်္ဂလာ ဇာတ်ရုံတွင် ထားရှိကြောင်း သိရသည်။

“မြို့အ၀င် ဖောင်ကူးလမ်းတွေ၊ ရွာတွေဆို ရေ၀င်ကုန်လို့ မြင့်တဲ့နေရာ လမ်းမပေါ်ကို ၀က်တွေရော ကြက်တွေရော နွားတွေရော အကုန်ရောက်နေတာ။ လူတွေလည်း ပြောင်းကြရွှေ့ကြပေါ့။ ရက်ရှည် မိုးရွာနေတော့ ရေလျှံလွန်းရင် သီးနှံတွေပျက်မှာစိုးတယ်” ဟု ကလေးမြို့ခံက ပြောသည်။

လေးရက်နီးပါး မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်အတွင်း စီးဝင်သော ကလေးမြို့ပတ်ဝန်းကျင်ရှိ မြစ်သာမြစ်နှင့် ချောင်းငယ်များမှ ရေတက်လာခြင်းဖြစ်ကြောင်း၊ ထို့အတူ ကလေးဝမြို့ဘက်တွင်လည်း ရေကြီးနေကြောင်း သိရသည်။

“မနေ့ကတည်းက ကလေးဝနဲ့ ၁၆ ကြားမှာ ၂ နေရာ တောင်ပြိုကျတော့ လမ်းပိတ်သွားပြီ။ ရဲစခန်းထဲရော မြို့ထဲ နိမ့်တဲ့နေရာတွေရော ရေတွေဝင်တယ်။ ပြီးခဲ့တဲ့လကလည်း ရေ၀င်တယ်၊ ဒီလလည်း ၀င်တယ်။ ကလေးဝကတော့ မိုးတွင်းတိုင်း အနည်းဆုံး ၃ ကြိမ်လောက်တော့ လျှံတာပဲ” ဟု ကလေးဝမြို့ခံတဦးက ပြောသည်။

မော်လိုက်၊ ကလေးဝတို့တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ မုံရွာ၊ ရွှေကျင်၊ တောင်ငူ၊ ပဲခူး၊ မဒေါက်၊ ငသိုင်းချောင်းနှင့် ဘားအံတို့တွင်လည်း မြစ်ရေကြီးနိုင်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်