ကျောင်းသူတဦး သေဆုံးပြီးနောက် ချင်းမိုင်တွင် အဖမ်းအဆီးကြမ်း

E-mail Print
ထိုင်းကျောင်းသူ တဦးအား မြန်မာပြည်သား အလုပ်သမားနှစ်ဦးက သတ်ဖြတ်ခဲ့သည် ဟူသော သတင်း ထွက်ပေါ်လာပြီး နောက်တွင် ချင်းမိုင်မြို့ရှိ တရားမ၀င် မြန်မာ အလုပ်သမား များကို ထိုင်း အာဏာပိုင်တို့က လိုက်လံ ဖမ်းဆီးလျက် ရှိသည်ဟု သိရသည်။

 

“အခုရက်ပိုင်း အတွင်း ဖမ်းဆီးမှုက ဒီအမှုနဲ့ ပတ်သက်မှု ရှိတယ်လို့ ထင်တယ်။ ဒီသတင်း မထွက်ခင်က ချင်းမိုင်မှာ ဒီလောက် အဖမ်းအဆီး မတင်းကျပ်ခဲ့ဘူး” ဟု လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း (HRDF) အဖွဲ့၏ ရွှေ့ပြောင်း အလုပ်သမားများ တရားမျှတမှု စီမံကိန်းတွင် လုပ်ကိုင်နေသူ မချယ်ရီက ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ၂ ရက်အတွင်း မြန်မာပြည်သား အလုပ်သမား အနည်းဆုံး ၂၀၀ ကျော် ဖမ်းဆီးခံရသည်ဟု သိရသည်။ အများစုမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ ဖြစ်သည်။

ချင်းမိုင်မြို့ပြင်ရှိ မဲဂျိုး (Mae Jo) တက္ကသိုလ်မှ ကျောင်းသူတဦး မတရား ပြုကျင့်ပြီး အသတ်ခံခဲ့ရသည့် အမှုတွင် ကျူးလွန်သူ ၂ ဦးကို ဖမ်းဆီးမိပြီး ဖြစ်ကြောင်း ရုပ်မြင်သံကြား သတင်းများက ဆိုသည်။ ပြစ်မှု ကျူးလွန်သူမှာ ၂ ဦးထက် ပိုနိုင်ကြောင်း ရဲတို့က ယူဆနေကြသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် ထောင်နှင့်ချီသည့် ကျောင်းသူ၊ ကျောင်းသားများက ပြီးခဲ့သည့် တနင်္လာနေ့က စုဝေး ဆန္ဒပြခဲ့ကြပြီး ကျောင်းအနီးရှိ မြန်မာပြည်သား အလုပ်သမားများ နေထိုင်ရာ အိမ်တန်းလျားများကို ရွှေ့ပြောင်းရန် အာဏာပိုင်တို့ကို တောင်းဆိုခဲ့သည်။

ယနေ့တွင် ထိုင်း အာဏာပိုင်များက မဲဂျိုးတက္ကသိုလ် အနီးရှိ တိုက်ခန်း ပိုင်ရှင်များအား ခေါ်ယူပြီး တရားမဝင် မြန်မာပြည်သား အလုပ်သမားများကို လက်ခံခြင်း မပြုရန် ပြောကြားခဲ့သည်ဟု Chiang Mai အင်တာနက် သတင်းစာတွင် ဖော်ပြထားသည်။

ဤအမှုကြောင့် မြန်မာပြည်သား အလုပ်သမားများကို နှိမ်နင်း ဖမ်းဆီးနေခြင်းမှာ မှားယွင်းသည်ဟု အလုပ်သမားအရေး ဆောင်ရွက်သူ တဦးက သုံးသပ်သည်။

“ဒီအမှုက အမျိုးသမီးငယ် တဦးရဲ့ အင်မတန် ကြေကွဲစရာ ကောင်းတဲ့ ဖြစ်ရပ်ပါပဲ၊ မတရား ပြုကျင့်မှုတွေကို အများအားဖြင့် ယောင်္ကျားတွေကပဲ ကျူးလွန်ကြတာပါ၊ လူမျိုးတမျိုးက ကျူးလွန်တာ မဟုတ်ပါဘူး”ဟု ချင်းမိုင်မြို့ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား ကူညီ စောင့်လျှောက်ရေး အဖွဲ့ (MAP) မှ တာဝန်ခံ တဦးဖြစ်သည့် မစ္စဂျက်ကီ ပူးလော့က ဧရာဝတီသို့ ပြောပြသည်။

ရွှေ့ပြောင်း အလုပ်သမားများက ဓားစာခံ ဖြစ်နေကြရသည်ဟုလည်း ဂျက်ကီက ဆိုသည်။

ဤအတောအတွင်း အလုပ်လုပ်ခွင့် လက်မှတ် မရှိသော မြန်မာ ပြည်သားများသည် အလုပ်ဆင်းရန် မ၀ံ့ရဲဘဲ  တိမ်းရှောင်နေ ကြသည်ဟု သိရသည်။

မြန်မာ အလုပ်သမား အများစု လုပ်ကိုင်ကြသည့် ချင်းမိုင်ဈေးကြီး (Kad Luang Market) တွင်လည်း ရဲများက စောင့်ဖမ်းလျက် ရှိသည်ဟု အဆိုပါ ဈေးမှ အလုပ်သမားတဦးက ပြောပြသည်။

“သူတို့ သံသယဖြစ်တဲ့ သူတွေကို ခေါ်တယ်၊ လက်မှတ် စစ်တယ်။ လက်မှတ် (နေထိုင်ခွင့် လက်မှတ် သို့မဟုတ် အလုပ်သမား မှတ်ပုံတင်) မရှိတဲ့ သူဆိုရင် လမ်းမှာပဲ ဖမ်းသွားပြီး ချုပ်ထားလိုက်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော် ချင်းမိုင်တွင် တရားဝင် မြန်မာလုပ်သား ၆ သောင်းကျော်ရှိပြီး တရားမဝင် အလုပ်သမား ခန့်မှန်းခြေ ၂ သိန်းကျော် ရှိသည်ဟု သိရသည်။ အများစုမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်သည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ စားသောက်ဆိုင်များ၊ အရောင်းဆိုင်များ၊ အိမ်များ၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်ကြသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်