မန္တလေး ကျောက်စိမ်းဈေးကွက် အေးစက်

E-mail Print
နေပြည်တော်တွင် ကျင်းပသည့် ၄၉ ကြိမ်မြောက် ကျောက်မျက်ရတနာ အထူးရောင်းချပွဲပြီးနောက် အရောင်းအ၀ယ် ကောင်းခဲ့သော မန္တလေး ကျောက်စိမ်းဈေးကွက်သည် ယခုရက်ပိုင်း သိသိသာ အရောင်းအ၀ယ် ထိုင်းသွားကြောင်း သိရသည်။

မန္တလေး ကျောက်စိမ်းဈေးကွက်သည် တရုတ် အများစုကိုမှီခို အရောင်းအဝယ်ပြုနေရကြောင်း၊ မန္တလေး ကျောက်စိမ်း ဈေးကွက် အေးစက်နေရခြင်းမှာ တရုတ်အစိုးရက ၎င်းတို့နိုင်ငံသား ကျောက်ကုန်သည်များ ၀ယ်ယူလာသည့် ကျောက်များ၏ တန်ဖိုးအပေါ် ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဟု ပြဋ္ဌာန်းလိုက်သောကြောင့် ဖြစ်နိုင်ကြောင်း မန္တလေး အခြေစိုက် ကျောက်မျက်ကုန်သည် များကဆိုသည်။

ထို့အပြင် မန္တလေးရေကြီးမှုကြောင့်လည်း ရက် ၂၀ ကျော် အရောင်းအ၀ယ် ဆက်တိုက် ကောင်းမွန်ခဲ့သော ကျောက်စိမ်း ဈေးကွက်ကို အရှိန်တန့်စေခဲ့သည်ဟု မန္တလေးအခြေစိုက် ဝါရင့် ကျောက်မျက်ကုန်သည် ဦးဝင်းလှက ပြောပြသည်။

“ပြီးခဲ့တဲ့ လဆန်းလောက်က တော်တော်အရောင်းအ၀ယ် ဖြစ်တာဗျာ။ ရွှေလီဘက်မှာ အရောင်းအဝယ် မကောင်းပေမယ့် ဒီမှာ တော်တော်လေး ကောင်းခဲ့တယ်။ ရေလည်းကြီးကော ဈေးကွက် ပြန်အေးသွားတယ်” ဟု ၎င်းက ဆိုသည်။

သြဂုတ်လဆန်းပိုင်းက ကောင်းမွန်ခဲ့သော မန္တလေးကျောက်ဈေးကွက်သည် ယခုရက်ပိုင်းတွင် သိသိသာသာ အရောင်းအဝယ် ကျဆင်း သွားသည့်အပြင် မန္တလေး ၄၁ လမ်း ကျောက်ဝိုင်းအတွင်း လူအဝင်အထွက် မရှိသလောက် နည်းပါးသွားသည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ ကျောက်စိမ်းဈေးကွက်သည်  ၂၀၀၈ ခုနှစ်မှစတင်၍ အရောင်းအဝယ် ကောင်းမွန်လာခဲ့ခြင်း ဖြစ်ပြီး တရုတ် လူမျိုးအများစုတို့မှာ ကျောက်ဝိုင်းဟု ခေါ်ကြသည့် မန္တလေးမြို့ရှိ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းတွင်ပင် ဆိုင်ခန်းများ ဖွင့်လှစ်၍ အရောင်းအ၀ယ် ပြုလာကြသည်။

တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျောက်စိမ်းဈေးမှ မြန်မာ့ကျောက်စိမ်း အရေအတွက်သည် မန္တလေးကျောက်ဝိုင်းရှိ ကျောက်စိမ်း အရေအတွက်ထက် ဆယ်ဆမက များပြားနေကြောင်း ရွှေလီဘက်သို့ သွားရောက် အရောင်းအ၀ယ် ပြုလုပ်လေ့ရှိသူ ကျောက်မျက်ကုန်သည် ဦးအောင်လှက ဆိုသည်။

“မြန်မာနိုင်ငံက ကျောက်စိမ်းတွေကို တရုတ်တွေက သိမ်းကျူံးဝယ်နေတာ။ ထွက်သမျှကျောက်စိမ်းတွေ တရုတ်ဘက်မှပဲစု နေတယ်။ ဒီမှာ ယွမ် ၁၀၀၀ ကျော်လောက် တန်တဲ့ ကျောက်က ဟိုဘက်ရောက်ရင် တသောင်းကျော် မက တန်နေတယ်။ ဒီက ကျောက်စိမ်းဈေးက သူတို့အတွက် ကလေးကစားစရာ ၀ယ်သလို တန်နေတယ်” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ မြန်မာ့ကျောက်စိမ်းကို ဈေးပေါပေါဖြင့် ထုတ်ရောင်းနေခြင်းကြောင့် မန္တလေးကျောက်ဝိုင်းသည် တရုတ်လူမျိုးများ၏ စားကျက် တခုဖြစ်လာကြောင်း မန္တလေးဒေသခံများက ဆိုသည်။

မဟာအောင်မြေ ကျောက်မျက်ဈေး၏ ဆိုင်ခန်းများသည် တရုတ်လူမျိုးများကြောင့် ကျပ်သိန်းရာချီ ပေါက်ဈေး ရှိနေကြောင်း လည်း သိရသည်။

“နေရာအကွက်အကွင်း အလိုက်ပေါ့။ တရုတ်တွေထိုင်တဲ့ ဆိုင်ခန်းတွေဆို ကျပ်သိန်း ၃၀၀ လောက်ရှိတယ်။ ဆိုင်ခန်းဈေး မြင့်နေတော့ မြို့ခံတွေက ချောင်ထဲရောက်နေပြီ။ တရုတ်တွေကတော့ ၅ နှစ်၊ ၆ နှစ် အပြတ် စာချုပ်တွေနဲ့ ငှားထားကြတယ်။ ငှားရင် တလကို ကျပ် ၃ သိန်းနဲ့ ၄ သိန်းကြားပဲ” ဟု မန္တလေး ကျောက်မျက်ဝိုင်းမှ ကျောက်ကုန်သည် ဦးဟန်လှကဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်အတွင်းရှိ ကျောက်မျက် ဈေးကွက်အတွင်း တရုတ် လူမျိုးများနှင့် ဒေသခံမြန်မာတို့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး လူမျိုးရေး အညှိုးအတေးများ ရှိခဲ့သော်လည်း ကျောက်စိမ်း ဈေးကွက်သည် တရုတ်လက်ထဲတွင် ရှိနေသည့်အတွက် အဆင်ပြေသလို ဆက်ဆံနေရကြောင်း ၎င်းက ပြောသည်။

“ကျောက်ဝိုင်းထဲမှာ သူတို့က အိမ်ရှင်ဖြစ်နေပြီး ကျနော်တို့က ပွဲစားသာသာပဲ ရှိတော့တယ်။ သူတို့အများဆုံး ကြိုက်တဲ့ လွှာချပ် (ကျောက်စိမ်းပြား) ကိုင်တဲ့သူတွေဆို တရုတ်တွေရဲ့ ဆိုင်ကို တခန်းဝင် တခန်းထွက်လိုက်ပြ နေရတယ်။ မကြိုက်ရင် မောင်းထုတ်တာတောင် ရှိတယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် ကျောက်စိမ်းထွက်ရာ ဒေသများမှာ တော်မှော်၊ လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ တာမခံ၊ ဗာလခ၊ လမု စသည်တို့ ဖြစ်ပြီး တွင်းထွက်သယံဇာတများ အမြဲတစေ ထုတ်ယူနေခြင်းကြောင့် လျော့ပါးလုနီးပါး ဖြစ်နေသည်ကို ဆင်ခြင်သင့်ကြောင်း စီးပွားရေးပညာရှင် တဦးက ပြောသည်။

“မြန်မာနိုင်ငံကထွက်တဲ့ သစ်တွေ၊ ကျောက်မျက်တွေ၊ သဘာဝဓာတ်ငွေ့တွေက ဘယ်လောက်ပဲ ကျန်တော့တယ် ဆိုတာ ချင့်ချိန်သင့်ပြီ။ သစ်တောတွေဆိုလည်း တောင်ကတုံးတွေဖြစ်ကုန်ပြီ။ ကျောက်မျက်ဆိုလည်း ဆယ်စုနှစ် တခုစာလောက်ပဲ ကျန်တော့တယ်။ ဒါတွေကို သိထားဖို့လိုတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၀- ၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ကျောက်စိမ်း တရားဝင် တင်ပို့မှုမှ ရငွေသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော် အထိ ရှိခဲ့ပြီး မြန်မာ့ နံပါတ်(၁) ပို့ကုန် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရငွေမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ ရှိခြင်းကြောင့် တန်းတူ အနေအထားသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း လေ့လာသူ စီးပွားရေးပညာရှင် များက သုံးသပ်ကြသည်ဟု ပြည်တွင်းထုတ် သတင်းဂျာနယ်တစောင်တွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်