အိမ်ခြံမြေ၊ တိုက်ခန်းများလည်း အရောင်းပါး

E-mail Print
မြန်မာနိုင်ငံ၏ အိမ်ခြံမြေနှင့် တိုက်ခန်း ဈေးနှုန်းများ တည်ငြိမ်ကာ အရောင်းအ၀ယ် ပါးနေပြီး ငွေကြေး လည်ပတ်မှု ရပ်တန့်လုနီးပါး ဖြစ်နေသည့် အတွက် ကန်ထရိုက်တိုက် ဆောက်လုပ်ရေး ကုမ္ပဏီများ အခက်အခဲဖြစ်နေကြောင်း ရန်ကုန်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် စီးပွားရေး အသိုင်းအ၀န်းမှ သတင်း ရရှိသည်။

ပြည်တွင်းအိမ်ခြံမြေ၊ တိုက်ခန်း အရောင်းအ၀ယ်ဈေးကွက်တွင် ကုမ္ပဏီများက ဆောက်လုပ် ရောင်းချသည့် ဈေးကွက်နှင့် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများက ရောင်းချသည့် ဈေး ကွက် ဟူ၍ နှစ်မျိုးရှိပြီး ဈေးနှုန်းများ သိသာထင်ရှားစွာ ကျဆင်းခြင်းမရှိဘဲ အရောင်းအ၀ယ် နှေးကွေးနေကြောင်း လှိုင်မြို့နယ်အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ မန်နေဂျာ တဦး က ရှင်းပြသည်။

“အရောင်းအ၀ယ်က ၈၀ ရာခိုင်နှုန်းလောက် ရပ်သွားတယ်။ ငွေအရမ်းလိုတဲ့သူက မတန်တဆ ဈေးအနိမ့်နဲ့ ထိုးရောင်းလို့ အရောင်းအ၀ယ် ဖြစ်တာမျိုး လောက်ပဲရှိတယ်။ ဈေးကွက် တခုလုံးနဲ့ ခြုံကြည့်ရင်တော့ အရောင်းအ၀ယ် ရပ်နေတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ပိုင်ရှင်တဦးက ပြောသည်။

အကျိုးဆောင် ကုမ္ပဏီများကဆောင်ရွက်သည့် အိမ်ခြံမြေ တိုက်ခန်းဈေးကွက်တွင် အရောင်း အ၀ယ်များ အလွန်အေးစက်နေသော်လည်း ဈေးနှုန်း ပြောင်းလဲမှု နည်းပါးကြောင်း၊ ငွေလိုအပ် သူမှအပ အိမ်ခြံမြေတိုက်ခန်း ပိုင်ရှင်များမှာ ၎င်းတို့ ခေါ်ယူထားသည့် ရောင်းဈေးများကို လျှော့ ချခြင်း မရှိကြကြောင်း ရန်ကုန်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် စီးပွားရေးကုမ္ပဏီ သုံးခုက အတည်ပြုပြောသည်။

အိမ်ခြံမြေ ဈေးကွက်တွင် အရောင်းအ၀ယ်ဖြစ်စေသည့် လူတန်းစားသုံးမျိုးရှိပြီး ငွေပိုငွေလျှံ ရှိသည့် အတွက် အိမ်ခြံမြေ ၀ယ်ယူသည့် လူတန်းစား၊ အိမ်ခြံမြေ အရောင်း အ၀ယ်ကို စီးပွားရေးလုပ်ငန်း သဖွယ်လုပ်ကိုင်သည့် ၀ယ်ရောင်း များနှင့် အမှန်တကယ် နေထိုင်ရန် အတွက် ၀ယ်ယူသည့် လူတန်းစားဖြစ်ကြောင်း အိမ်ခြံမြေ ဈေးကွက် ကျွမ်းကျင်သူ ပွဲစားတဦးက ပြောသည်။

“ဈေးကွက်မှာ ငွေပိုငွေလျှံရှိလို့ ၀ယ်တဲ့ လူတန်းစားနဲ့ စီးပွားရေးလုပ်တဲ့ ၀ယ်ရောင်း လူတန်းစား နှစ်မျိုး ပျောက်သွားတယ်။ ဒီလူတန်းစား နှစ်ရပ်မရှိတော့ ဈေးကွက်က ၈၀ ရာခိုင်နှုန်း အရောင်းအ၀ယ် တန့်သွားတာ” ဟု ၎င်းကပြောပြသည်။

အကျိုးဆောင် ကုမ္ပဏီများ၏ အိမ်ခြံမြေဈေးကွက်တွင် အရောင်းအ၀ယ်မဖြစ်သော်လည်း အိမ်၊ တိုက်ခန်းအငှား ဈေးကွက်မှာ ရာနှုန်းပြည့် လည်ပတ်ပြီး စီးပွားရေးကောင်းနေကြောင်း၊ ရန်ကုန်မြို့တော်ရှိ အများစုသော အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများသည် အငှား လုပ်ငန်းကိုသာ တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ပေးနေရ ကြောင်း သိရှိရသည်။

“အငှားက အရမ်းသွက်တယ်။ ကျပ် ၅ သိန်းအောက်တိုက်ခန်းတွေ၊ ကွန်ဒိုတွေ အငှား ပိုသွက်တယ်။ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေက အငှားဈေးကွက်နဲ့ ဆက်ရပ်တည် နေလို့ ရသေးတဲ့ အခြေအနေမှာရှိပါတယ်” ဟု လသာမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင် တဦးက ပြောသည်။

အိမ်ခြံမြေ အငှားဈေးကွက်တွင်လည်း စီးပွားရေးလုပ်ငန်း တွဲဖက်လုပ်ကိုင်နိုင်သည့် မြေညီထပ်၊ တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ တွဲဖက်လုပ်ကိုင်နိုင်သည့် မြေညီထပ်များသာ အငှားသွက် နေကြောင်း တာမွေမြို့နယ်ရှိ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတခုမှ သိရှိရသည်။

ရန်ကုန်တမြို့လုံးတွင် အထပ်မြင့် တိုက်များ၊ အထပ်မြင့် ကွန်ဒိုမီနီယံတိုက်ခန်းများနှင့် လုံးချင်းတိုက်အိမ်များ ဆောက်လုပ်ရောင်းချသည့် ကုမ္ပဏီများသည် အရောင်းအ၀ယ် ပါးသည့်အတွက် ငွေကြေးလည်ပတ်မှု တန့်နေသောကြောင့် တချို့ဆောက်လုပ်ဆဲ တိုက်များ ကို ဆက်လက် ဆောက်လုပ်ခြင်း မပြုဘဲ ရပ်ဆိုင်းခြင်း၊ တချို့ကို ကြိုတင် အရစ်ကျ ရောင်းချခြင်းများ ပြုလုပ်နေရကြောင်း ရန်ကုန် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီများမှ သတင်းရရှိသည်။

ရန်ကုန်တွင် ကွန်ဒိုမီနီယံတိုက်များနှင့် လုံးချင်းအိမ်ရာများ ဆောက်လုပ်နေသည့် Naing Group Construction Co.,Ltd က ၎င်းဆောက်လုပ်နေသည့် အထပ်မြင့် ကွန်ဒိုမီနီယံ ၈ လုံးအတွက် ကြို့ပွိုင့် ၀ယ်ယူလိုသူများ ဖိတ်ခေါ်ထားပြီး ဈေးနှုန်းများကို ငါးရာခိုင်နှုန်းမှ ဆယ်ရာခိုင်နှုန်းထိ လျှော့ချ၍ အရစ်ကျစနစ်ဖြင့် ရောင်းချပြီး တိုက်များ ဆက်လက် ဆောက် လုပ်ရန် ငွေရှာနေရကြောင်း သိရသည်။

“ဗိုလ်ရာညွန့်လမ်းက တော်ဝင်နှင်းဆီ ကွန်ဒို ဆိုရင် အခန်းတခန်းအတွက် အနည်းဆုံး ကျပ် ၁၀၆၈ သိန်းနဲ့ အများဆုံး ၁၂၄၂ သိန်း ထိ ရှိတယ်။ရောင်းတဲ့ ဈေးနှုန်းကို တခါတည်း အပြတ်ပေးစရာမလိုဘူး။ အရစ်ကျ ခွဲပေးလို့ ရတယ်” ဟု Naing Group Construction Co.,Ltd မှ အရောင်းဝန်ထမ်းတဦး ကပြောသည်။

ဦးတေဇပိုင် ထူး ထရေးဒင်းကုမ္ပဏီက မရမ်းကုန်းမြို့နယ်တွင် ဆောက်လုပ်ရောင်းချ နေသည့်
မင်းဓမ္မ အဆင်မြင့် အိမ်ရာ စီမံကိန်းသည်လည်း ၀ယ်ယူသူနည်းသည့် အတွက် ကြိုပွိုင့် အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချနေရကြောင်း သိရှိရသည်။

“မင်းဓမ္မ အိမ်ရာစီမံကိန်းမှာ ဆောက်ထားတဲ့ ကွန်ဒိုတိုက် လေးလုံး ရှိတဲ့အထဲက တလုံးက အခန်းတွေကိုပဲ ရောင်းသေးတယ်။ ရောင်းတဲ့ တိုက်မှာ အခန်း ၄၈ ခန်းရှိတဲ့ အထဲက ၂၅ ခန်း ရောင်းဖို့ ကျန်သေးတယ်။ မျက်နှာစာတန်း တိုက်ခန်းတခန်း ကို ကျပ် သိန်း ၂၂၀၀၊ အနောက်ဘက် တန်းက သိန်း ၁၉၉၀ နဲ့ ရောင်းတယ်။ အရစ်ကျ စနစ်နဲ့ ၁၀ ကြိမ် ခွဲပေးလို့ ရတယ်” ဟု ထူး ကုမ္ပဏီမှ ၀န်ထမ်းတဦးက ပြောသည်။

အဆိုပါ မင်းဓမ္မ အဆင့်မြင့် အိမ်ရာစီမံကိန်းတွင် လုံးချင်း အိမ်ရာများလည်း ပါဝင်ပြီး လုံးချင်း အိမ် တလုံးလျှင် အနည်းဆုံး ကျပ် သိန်း ၈၀၀၀ မှ စတင်၍ အများဆုံး သိန်း ၈၅၀၀ ဖြင့် ရောင်းချနေပြီး ရောင်းချရန် လုံးချင်းအိမ်ရာ အများအပြား ကျန်ရှိနေသေးကြောင်း ထူး ကုမ္ပဏီမှ စုံစမ်းသိရှိရသည်။

ကမာရွတ်မြို့နယ်၊ ဟံသာဝတီ အ၀ိုင်းအနီး တွင် ဇေကမ္ဘာကုမ္ပဏီက တည်ဆောက်နေသော Pyay Garden အိမ်ရာတွင် ၂၅ ထပ်ရှိ ကွန်ဒိုတိုက် သုံးလုံးတည်ဆောက်ရန် လျာထား သော်လည်း ၀ယ်ယူသူမရှိ ဖြစ်နေ သောကြောင့် တိုက်တလုံးသာ တည်ဆောက်တော့မည် ဖြစ်ကြောင်း ဇေကမ္ဘာကုမ္ပဏီနှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။

ယခု ဇေကမ္ဘာကုမ္ပဏီက တည်ဆောက်နေသော ၂၅ ထပ်ရှိ အထပ်မြင့် အဆောက်အအုံမှ တိုက်ခန်း တခန်းလျှင် ကျပ်သိန်း ၁၄၀၀ နှင့် သိန်း ၁၅၀၀ ဈေးနှစ်မျိုး၊ အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချနေသော်လည်း ၀ယ်ယူသူ မရှိဖြစ်နေကြောင်း သိရှိရသည်။

အိမ်ခြံမြေ ဈေးကွက်တွင် အရောင်းအ၀ယ်များ ငြိမ်သက်နေချိန်တွင် စစ်အစိုးရက အိမ်ခြံမြေ တိုက်တာ အဆောက်အဦးများနှင့် ဟိုတယ်များကို လေလံတင်ရောင်းချရန် ဇန်န၀ါရီလ အတွင်းက ကြေညာခဲ့သည်။

ယခု အနေအထားတွင် စစ်အစိုးရလေလံကို ဆောက်လုပ်ရေး လုပ်ငန်းရှင်များက စိတ်ဝင်စား သော်လည်း ငွေကြေး အဆင်မပြေမှုကြောင့် ၀ယ်ယူမည့်သူ နည်းပါးကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။

“အစိုးရလေလံက နှစ်ထပ်လုံးချင်းတိုက် ၂၁၁ လုံး၊ မြေကွက် က ၅၀ လောက်ရှိတယ်။ မြရိပ်ညို ဟိုတယ်က အဆောက်အအုံတွေလည်း ပါတယ်။ အရောင်းအ၀ယ် တန့်နေတဲ့အချိန် လေလံပစ်တော့ အရောင်းအ၀ယ် ပိုထိုင်းတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက ပြောသည်။

ရန်ကုန် အိမ်ခြံမြေဈေးကွက်သည် ယခုပုံစံအတိုင်း ရောင်းဝယ်မှုမရှိဘဲ ဈေးနှုန်းများ ဆက်လက် တည်ငြိမ် နေဖွယ်ရှိပြီး ၂၀၀၉ ခုနှစ်တနှစ်လုံးတွင် အငှားဈေးကွက်သာ ပီပီပြင်ပြင် ဖြစ်ပေါ်မည်ဖြစ်ကာ ၂၀၁၀ ပြည့်နှစ် ကျမှသာ အိမ်ခြံမြေ တိုက်ခန်း အရောင်းအ၀ယ်များ ပြန်လည် ခေတ်စားလာနိုင်ကြောင်း ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အိမ်ခြံမြေ အကျိုးဆောင် များက သုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်