မဲဆောက်မြို့တဘက်ကမ်း ကရင်ပြည်နယ် မြ၀တီမြို့မှ မော်တော်ယာဉ်များကြောင့် ၎င်းတို့၏လုပ်ငန်း ထိခိုက်ပြီး ၀င်ငွေလျော့နည်းလာကြောင်း၊ ယခင်က အာဏာပိုင်များကို တိုင်ကြားခဲ့သော်လည်း အရေးယူပေးခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ဆန္ဒပြရခြင်းဖြစ်ကြောင်း မော်တော်ယာဉ်အသင်း ဥက္ကဋ္ဌက သတင်းထောက်များကို ရှင်းပြသည်။
ယနေ့ နေ့လည်ပိုင်းတွင် မဲဆောက်မြို့ အာဏာပိုင်များက မြ၀တီမြို့ဘက်သို့ သွားရောက်ပြီး မြန်မာအာဏာပိုင်တို့နှင့် တွေ့ဆုံ ညှိနှိုင်းရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း မြန်မာအာဏာပိုင်တို့အား ဆက်သွယ်၍ မရသေးဟု သိရသည်။
မဲဆောက်မြို့တွင် ထိုင်းတို့၏ ခရီးသည်တင် မော်တော်ယာဉ်လိုင်း အများအပြားရှိရာ သတ်မှတ်ထားသည့် လမ်းကြောင်းများ အတိုင်းသာ ပြေးဆွဲကြရသည်။
မြ၀တီမှ မော်တော်ယာဉ်များကမူ မဲဆောက်မြို့အတွင်း ခရီးသည် သွားရောက်လိုသည့် နေရာများသို့ ကြိုပို့ပေးလျက်ရှိသည်။
မော်တော်ယာဉ်များက လမ်းပိတ်ဆို့ ဆန္ဒပြနေပြီး အငှားဆိုင်ကယ်များကလည်း ပို့ဆောင်ပေးခြင်း မရှိသဖြင့် မြန်မာပြည်မှ ခရီးသည်များ မြ၀တီမြို့ဘက်သို့ ပြန်လှည့်ကြရသည်ဟု သိရသည်။
ယခု ဆန္ဒပြနေသည့် ချစ်ကြည်ရေးတံတားမှ မဲဆောက်မြို့တွင်းသို့ အကွာအဝေးမှာ ၄ မိုင်ခန့် ရှိပြီး ရာသီဥတုလည်း ပူပြင်းသဖြင့် ခရီးသည်များ အခက်အခဲ တွေ့နေကြသည်။
မဲဆောက် မြ၀တီ ဒေသသည် ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ဒေသဖြစ်သောကြောင့် ယခုကဲ့သို့ လမ်းပိတ်ဆို့ပြီး ဆန္ဒပြမှုသည် ကုန်သွယ်စီးပွားလုပ်ငန်းကိုလည်း ထိခိုက်လျက်ရှိကြောင်း သိရသည်။
< Prev | Next > |
---|