နိုင်ငံရေးသမား စာပေအနုပညာရှင် ဒေါ်ကြည်ဦး ကွယ်လွန်

E-mail Print
ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သော စာရေးဆရာမကြီး ကြည်ဦး၏ ဈာပနကို စနေနေ့က ပြုလုပ်ရာ စာပေ အနုပညာ လောကနှင့် နိုင်ငံရေး လောကမှ ပရိသတ် ထောင်နှင့်ချီ၍ တက်ရောက် ခဲ့သည်။ ဒေါ်ကြည်ဦး (အသက် ၈၄ နှစ်) သည် သည်းခြေအိတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဒေါ်ကြည်ဦးသည် စာရေးဆရာကြီး နန်းညွန့်ဆွေ၏ ဇနီးဖြစ်သည်။ ဤ စာပေအနုပညာရှင် နှစ်ဦးက နာမည်ကျော် စွယ်စုံရ အနုပညာသည် ဇာဂနာကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။

“ဇာဂနာက သူ့အမေရဲ့ ပါရမီမျိုး ရခဲ့တယ်” ဟု ဆရာကြီး နန်းညွန့်ဆွေက ပြောပြသည်။ ၎င်းတို့၏ သားဖြစ်သူ ဇာဂနာသည် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်ပြီး ယခုအခါ မြစ်ကြီးနားထောင်တွင် ရောက်ရှိနေသည်။

ဒေါ်ကြည်ဦးသည် ကိုလိုနီခေတ် နိုင်ငံရေးလှုပ်ရှားမှုမှ ယနေ့ခေတ် ဒီမိုကရေစီအရေး လှုပ်ရှားမှုအထိ ပါဝင် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

“အမေက သူယုံကြည်တာကို ဘယ်တော့မှ နောက်မဆုတ်ဘူး၊ မတရားမှုတွေကိုလည်း လက်မခံဘူး၊ အမြဲတမ်း မြန်မာပြည်သူတွေဘက်ကပဲ ရပ်တည်ခဲ့တယ်” ဟု ဒေါ်ကြည်ဦး၏ သားတဦးဖြစ်သူ ကိုတေဇက ပြောသည်။  သားသုံးဦးကိုလည်း ၎င်းကဲ့သို့ပင် ကျင့်ကြံနေထိုင်ရန် သွန်သင်ဆုံးမခဲ့သည်ဟု ဆိုသည်။

ဒေါ်ကြည်ဦးသည် နိုင်ငံရေးသမားတဦး ဖြစ်သော်လည်း မဂ္ဂဇင်း စာစောင်များတွင် နိုင်ငံရေးအပြင် ဘာသာရေး၊ ယဉ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့သည်။

“ဒေါ်ကြည်ဦးက မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ကဏ္ဍ အစုံ ရေးခဲ့တယ်” ဟု စာရေးဆရာကြီး ပါရဂူက ဧရာဝတီသို့ ပြောပြသည်။ ဇာဂနာ၏ မိခင် ဖြစ်သောကြောင့် ဒေါ်ကြည်ဦးရေးသားသည့်စာများကို အာဏာပိုင်တို့က ပိုမို စိစစ်ခဲ့ပုံရှိသည်ဟု ဆိုသည်။

ဒေါ်ကြည်ဦး၏ အမည်ရင်းမှာ ဒေါ်လှကြည် ဖြစ်သည်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်း ဇာတိ ဖြစ်သည်။ အဘ ဗိန္ဒောဆရာကြီး ဦးသက်နှံနှင့် အမိ ဒေါ်ငွေယုန်တို့၏ သမီး ဖြစ်ပြီး ၁၉၂၅ ဇွန်လ ၂၃ ရက်နေ့တွင် ဖွားမြင်သည်။ မွေးချင်း ခြောက်ယောက်တွင် ငါးယောက်မြောက် ဖြစ်သည်။

၁၉၅၃ ခုနှစ်တွင် လူထု ပညာရေး ကောင်စီမှ ထုတ်ဝေသည့် လူထုပညာ စာစောင်တွင် လက်ထောက် အယ်ဒီတာ၊ ယုဝတီဂျာနယ် တွင် အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့သည်။

၁၉၅၉ ခုနှစ်က ဖွဲ့စည်းခဲ့သည့် 'မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း' ကို စတင် တည်ထောင်သူတဦး ဖြစ်သည်။

ရာဇဝင်ထဲက တစ္ဆေများ၊ အမှတ်တရ ရွှေရုပ်လွှာများ အတွဲ ၁ နှင့် အတွဲ ၂၊ မြန်မာ့ရိုးရာ စကားထာ၊ ကလေးကြေးမုံ ငှက်မျိုးစုံ၊ ကလေးကြေးမုံ သစ်ပင်မျိုးစုံ ပုံပြင်များ၊ ရှေးထုံးစဉ်လာ မြန်မာမှုများ၊ အလောင်းတော်ကဿပ တောလား၊ လူဝင်စားများနှင့် တွေ့ဆုံခြင်း၊ ဗုဒ္ဓဂယာ ဓမ္မခရီး၊ ထူးဆန်းအံ့ဘွယ် ပရလောကနယ် စသည့် စာအုပ်များကို ရေးသားပြုစုခဲ့သည်။
ဘတ္တိယဒေဝီ၊ မေ့ကွက်ကိုရှာ၊ ကိုကိုတို့ အရွယ် စသည့် ဝထ္တု သုံးအုပ်ကိုလည်း ရေးသားခဲ့သည်။ နောက်ဆုံး ရေးသားခဲ့သော စာအုပ်မှာ အရှင်ဖာဟီရန်၏ ဓမ္မခရီးစဉ် မှတ်တမ်း ဖြစ်သည်။

ဒေါ်ကြည်ဦး ရေးသားပြုစုခဲ့သော စာပေလက်ရာ ၃ဝဝ ကျော် ရှိသည်ဟု ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှ တာဝန်ရှိသူတဦးက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကို နှစ်ပေါင်းများစွာ ကူညီခဲ့သူအဖြစ်လည်း ထင်ရှားသည်။ ပြီးခဲ့သည့်နှစ်က တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဒုက္ခရောက်သူများကိုလည်း ကူညီခဲ့သူဖြစ်သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်