ခိုးကူးခံရမည်စိုးသဖြင့် သင်္ကြန်သီချင်း အထွက်နည်း

E-mail Print
ခိုးကူးခွေ ဈေးကွက် ကြီးထွားနေဆဲ ဖြစ်သောကြောင့် ယခုနှစ် သင်္ကြန် အကြိုကာလတွင် သင်္ကြန်တေး စီးရီးအသစ် ထွက်ရှိမှု နည်းပါးလျက်ရှိရာ ယခုအချိန်အထိ သင်္ကြန် တေးစီးရီးသစ် ၈ ခွေခန့်သာ တွေ့ရသေးသည်။

ပုံမှန်အားဖြင့်  သင်္ကြန်ကာလ ရောက်တိုင်း သင်္ကြန် တေးစီးရီးခွေ အနည်းဆုံး ၂ဝ မှ ၄ဝ နီးပါး ထွက်လေ့ရှိသည်ဟု သိရသည်။ ထိုအထဲတွင် ရိုးရာ သင်္ကြန်သီချင်းဟောင်းများကို ပြန်လည်ဆန်းသစ်ခြင်းများ၊  လူငယ်ကြိုက် မြူးမြူးကြွကြွ ကနိုင် ခုန်နိုင်သည့် ခေတ်ပေါ် ဒီဂျေ၊ ဟစ်ပ်ဟော့ပ် စသည့် ဂီတတို့နှင့် ပေါင်းစပ်ပြီး ပြန်လည် သီဆိုထားမှုများ ပါဝင်သည်။

ခိုးကူးခွေ အရောင်းအဝယ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာသည့် ၂ဝဝ၅ ခုနှစ်မှစပြီး နှစ်စဉ် နှစ်တိုင်း သင်္ကြန်တေးသီချင်းခွေ ထုတ်လုပ်၊ ရိုက်ကူးသူ နည်းလာကြောင်း ရန်ကုန်မြို့မှ တေးစီးရီး ထုတ်လုပ်သည့် နာမည်ကျော် ပရိုဂျူဆာတဦးက ပြောသည်။

“သင်္ကြန်ခွေမှ မဟုတ်ဘူး။ တခြား တေးစီးရီး ခွေတွေ အားလုံးလည်း ဒီအတိုင်းပဲ။ ဒီနေ့ မနက် သီချင်းခွေ တခွေ အသစ် ထွက်ရင် ညနေဆို ခိုးကူးခွေတွေလည်း ထွက်နေပြီ။ စီဒီ ထွက်ရင် စီဒီ ၊ ဒီဗွီဒီ ထွက်ရင် ဒီဗွီဒီ၊ ကြိုက်တဲ့ ပုံစံနဲ့ ထွက်၊ နာရီပိုင်းအတွင်း ခိုးကူးပြီး ဈေးပေါပေါနဲ့ ရောင်းတော့ ပရိုဂျူဆာတွေ ရှုံးတယ်” ဟု နာမည်ကြီး ရော့ခ်အဆိုတော်တဦးက ရှင်းပြသည်။

တေးစီးရီး ထုတ်လုပ်သူများ အရှုံးပေါ်နေချိန်တွင် ခိုးကူးခွေ လုပ်ငန်းမှာ ပုံမှန် လည်ပတ်နေသည်။ သင်္ကြန်ကာလ ဖြစ်သောကြောင့် ခိုးကူးခွေ ဈေးကွက်တွင် သင်္ကြန်နှင့် ပတ်သက်သော ခွေများ အရောင်းသွက်နေသည်။ လွန်ခဲ့သော ၂ နှစ်ခန့်က ထုတ်လုပ်ခဲ့သည့် ရတနာမြိုင် တေးထုတ်လုပ်ရေး၏ အဆိုတော်ပေါင်းစုံ ပါဝင်သည့် သင်္ကြန်သီချင်းခွေ၊ မဏ္ဍပ်များတွင် မြူးမြူးကြွကြွ ကခုန်နိုင်သည့် အဆိုတော်သားစိုး၏ သီချင်းခွေများမှာ အလွန် အရောင်းသွက်နေကြောင်း ပန်းဆိုးတန်းလမ်းမှ ခိုးကူးခွေ ရောင်းချသူတဦးက ဆိုသည်။

“ရတနာမြိုင်သင်္ကြန်ခွေက ဒီနှစ်လည်း ပြန်ရောင်းကောင်းတယ်။ သားစိုး၊ ပြီးတော့ ဇော်ဝမ်း နဲ့ တခြား ခေတ်ဟောင်း အဆိုတော်တွေ ဆိုထားတဲ့ သင်္ကြန် အမ်ပီသရီး သီချင်းခွေလည်း ရောင်းရတယ်။ သင်္ကြန်ခွေ ချည်းပဲ တနေ့ကို သုံးသောင်းကျော်လောက် ရောင်းရတယ်” ဟု ထို ခိုးကူးခွေရောင်းသူက ပြောသည်။

ခိုးကုးခွေလုပ်ငန်းကြောင့် တေးသီချင်း ထုတ်လုပ်မှု နည်းပါးလာပြီး အနုပညာရှင်များ အခက် အခဲ တွေ့နေရကြောင်း ဆရာဝန်ဘွဲ့ရ နာမည်ကျော် အဆိုတော်တဦးက ပြောသည်။

“အဆိုတော်၊ တီးဝိုင်း၊ သီချင်းရေးဆရာတွေဆိုတာ သူတို့ရဲ့ အနုပညာနဲ့ ထုတ်လုပ်ထားတဲ့ သီချင်းခွေတွေ ရောင်းကောင်းမှ၊ မြတ်မှ ဝင်ငွေရလမ်း ဖြောင့်တာ။ အခု ခိုးကူးခွေတွေကြောင့် သီချင်းခွေထုတ်မယ့် ပရိုဂျူဆာ မရှိတော့ ဂီတနဲ့ အသက်မွေးတဲ့သူ အားလုံး အရမ်းကို ထိခိုက်နေရပါတယ်” ဟု ၎င်း အဆိုတော်က ပြောသည်။

နာမည်ရ အဆိုတော်များ စုပေါင်း သီဆိုထားသည့် မူရင်းသင်္ကြန် တေးစီးရီး ဗွီစီဒီ ကာရာအိုကေ တခွေလျှင် အနည်းဆုံး ကျပ် ၁၅ဝဝ မှ ၂၅ဝဝ အထိ ပေါက်ဈေးရှိသည်။ သို့သော်လည်း ခိုးကူးခွေ ဈေးကွက်တွင် ကျပ် ငါးရာမျှဖြင့် ရနိုင်သည်။ ထို့ကြောင့် မူရင်းခွေများမှာ ခိုးကူးခွေများနှင့် ယှဉ်ပြိုင် ရောင်းချနိုင်ခြင်း မရှိကြောင်း တေးထုတ်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောသည်။

ခိုးကူးခွေ ရောင်းချသူများသည် အုပ်စုကြီးများ ဖွဲ့ထားသည်ဟု ဆိုသည်။ အုပ်စု ခေါင်းဆောင်များမှာ ငွေကြေး အင်အား တောင့်တင်းပြီး ဒေသခံ အာဏာပိုင်များ နှင့် ရင်းနှီး ကျွမ်းဝင်အောင် ပေါင်းသင်းထားသည်ဟု သိရသည်။

ခိုးကူးများကို နှိမ်နင်းရန် ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်သည့် ဥပဒေတရပ် ပြဌာန်းသင့်သည်ဟု ဂီတသမားတဦးက သုံးသပ်ပြောသည်။

“လမ်းဘေး ခိုးကုးရောင်းလို့ အဖမ်းခံရရင် ဒဏ်ငွေ တသိန်း ဆောင်လိုက်ရင် အမှုက တရားရုံးမှာတင် ပြီးတယ်။ ထောင်မကျဘူး။ ခိုးကူးတွေ အတင့်ရဲနေတာ တင်းကျပ်တဲ့ ဥပဒေ မရှိတာကြောင့်လည်း ပါတယ်” ဟု၎င်းက ရှင်းပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်