ဝမ်းရောဂါ ပျံ့ပွားမည်ကို ရန်ကုန်ဒေသခံများ စိုးရိမ်

E-mail Print
ရန်ကုန်မြို့ ဆင်ခြေဖုံး ဒေသများတွင် ယခု လဆန်းပိုင်းမှ စတင် ဖြစ်ပွားနေသော ဝမ်းနှင့် ပတ်သက်သည့် ရောဂါများ ပိုမို ကူးစက် ပျံ့ပွားမည်ကို ရန်ကုန် မြို့သူမြို့သားများ စိုးရိမ်နေ ကြသည်ဟု သိရသည်။

မြောက်ဥက္ကလာပ မြို့နယ်ရှိ အထည်ချုပ် စက်ရုံတချို့က ဝမ်းရောဂါ ဖြစ်ပွားနေသည့် ရပ်ကွက်များမှ အလုပ်သမားများကို ရောဂါ ကူးစက်နိုင်သည်ဟု ဆိုကာ လုပ်ငန်းခွင်သို့ ဝင်ခွင့် မပြုဟု ဆိုသည်။

“အထည်ချုပ် စက်ရုံတွေက ဘုန်းကြီးလမ်း၊ ၂ ရပ်ကွက်က အလုပ်သမားတွေ ဆိုရင် စက်ရုံကနေ ပြန်လွတ်တယ်။ ၂ ရပ်ကွက်က ဆိုတာနဲ့ အလုပ်တက်တဲ့ အကြောင်း လက်မှတ်ထိုး၊ ပြီးရင် ပြန်။ ရောဂါ ရှိရှိ မရှိရှိ ပြန်ခိုင်းတယ်။ သူတို့ စက်ရုံထဲမှာ အကူးမခံရရင် ပြီးရော” ဟု မြောက်ဥက္ကလာပမှ ဒေသခံတဦးက ပြောသည်။

ဝမ်းရောဂါ ဖြစ်ပွားခြင်း မရှိသော ရပ်ကွက်တွင် နေထိုင်သည့် အလုပ်သမားများ ဖြင့်သာ အထည်ချုပ် လုပ်ငန်းများ ဆက်လက် လည်ပတ်နေကြသည်ဟု သိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ နှင့် ကာလဝမ်းရောဂါ မတူကြောင်းကို ကွဲကွဲ ပြားပြား သိရန် လိုအပ်သည်ဟု  ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းမှ ဒေါက်တာသီဟမောင်က ပြောသည်။

“ဗမာလိုကတော့ ဝမ်းရောဂါချည်းပဲပေါ့ဗျာ အကုန်လုံးက။ ဒါပေမယ့် ကူးစက်တတ်တဲ့ ရောဂါဆိုတာ ဝမ်းရောဂါလို့ ပြောတာထက် ရှေ့က ‘ကာလ’ လေး ထည့်ပြီးတော့ ကာလဝမ်းရောဂါလို့ ပြောတယ်” ဟု ဒေါက်တာသီဟမောင်က ရှင်းပြသည်။

ယခု ဖြစ်ပွားနေသော ဝမ်းရောဂါမှာ ကာလဝမ်းရောဂါအဆင့်သို့ မရောက်သေးကြောင်း မြောက်ဥက္ကလာပ မြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ကျ ဆရာဝန်တဦးက ပြောသည်။

“အခုဖြစ်နေတာ ဝမ်းပျက် ဝမ်းလျှောရောဂါပါ၊ ကူးစက်ရောဂါ မဟုတ်ပါဘူး” ဟု အဆိုပါ အမည်မဖော်လိုသူ ဆရာဝန်က ပြောပြသည်။

သို့သော်လည်း အဆိုပါ ဆေးရုံတွင် ဝမ်းရောဂါဖြင့် သေဆုံးသူ ၃ ဦး ရှိခဲ့သည်ဟု မြောက်ဥက္ကလာပ ဒေသခံ တဦးထံမှ သိရသည်။

“ဒီတခေါက် ဝမ်းရောဂါ ဖြစ်တဲ့သူ တော်တော် များတယ်။ သေတာတော့ နည်းပါတယ်။ ဆေးရုံ တက်နေတုန်း လူနာ ၄ ယောက် ဆုံးသွားတာ တွေ့တယ်။ အဲဒီထဲမှာ  ၃ ယောက်က ဝမ်းသွားပြီး ဆုံးတယ်လို့ ဆိုတယ်။ ဆေး မမီတော့လို့ ဆုံးသွားတာ တဲ့” ဟု အဆိုပါ ဒေသခံက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက်များ အတွင်း ကျန်းမာရေးဌာန၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) တို့က လိုက်လံ စစ်ဆေးနေသည်ဟု သိရသည်။ ရပ်ကွက် ဓမ္မာရုံများတွင် ဆေးခန်းများ ဖွင့်ထားသည်ဟု ဆိုသည်။

“ထုံးဖြူး ဘာဖြူး လိုက်လုပ်တယ်။ ပြီးတော့ ယူနီဆက်ဖ်က ကားတွေ ၇ စီးလောက် ရှိတယ်၊ လမ်းထဲမှာ လိုက်စစ်တယ်။ ကာကွယ်ဆေးတွေ တိုက်တယ်” ဟု မြောက်ဥက္ကလာပ မြို့နယ်မှ အမျိုးသားတဦးက ပြောသည်။

ဝမ်းရောဂါသည်များ သောက်သုံးရသည့် ဓာတ်ဆားထုတ်များလည်း ဈေးခုန်တက်သွားသည်ဟု သိရသည်။

“လတ်တလော ရောင်းကောင်းနေတာ ဓာတ်ဆားပဲ။ ဓာတ်ဆားက အရင် ၄ဝဝ၊ ၄၅ဝ ရောင်းရတယ်။ အခု ကျနော်တို့ ယူဈေးတင် ၅၂ဝ ဖြစ်နေပြီ။ ဒါကြောင့် ၆ဝဝ ရောင်းနေရတယ်” ဟု မြောက်ဥက္ကလာပ မြို့နယ်မှ ဆေးဆိုင် ပိုင်ရှင်တဦးက ပြောသည်။

မယ်တော်ဆေးခန်းမှ ဒေါက်တာသီဟမောင်က ရောဂါ ကြိုတင် ကာကွယ်ရန်အတွက် ပညာပေးမှု အရေးကြီးသည်ဟု ဆိုသည်။

“တကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးကို ဂရုစိုက်ဖို့က ဝမ်းလျှော ဝမ်းဖော ရောဂါ အတွက်ရော၊ ကာလဝမ်းရောဂါ အတွက်ရော ထိရောက်တဲ့ ပညာပေးမှုပဲလေ” ဟု ဒေါက်တာသီဟမောင်က ပြောသည်။

ယမန်နေ့က မြန်မာ့အလင်း သတင်းစာတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာန၏ ဝမ်းပျက် ဝမ်းလျှော ရောဂါ ကာကွယ်ရေး နှိုးဆော်ချက်ကို ထည့်သွင်းထားသည်။ ထို နှိုးဆော်ချက်တွင် ဝမ်းနှင့် ပတ်သက်သော ရောဂါများ ဖြစ်ပွားတတ်ပုံများ၊ ကာကွယ်နည်းများကို ဖော်ပြထားသည်။

“ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ သတင်းပို့၍ ကုသမှု ခံယူကြပါရန် နှိုးဆော်ပါသည်”ဟု ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်