ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် တလအတွင်း ၆ ဦးခန့် သေဆုံး

E-mail Print
ရန်ကုန်အပါအဝင် မြို့ကြီးတချို့တွင် ဝမ်းပျက်ဝမ်းလျှော ကြောင့် ယခုလ တလအတွင်း သေဆုံးသူ အနည်းဆုံး ၆ ဦးခန့် ရှိပြီး ဆေးကုသမှု ခံယူနေရသူ ဦးရေ စုစုပေါင်း ၄၀၀ ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယခုလက်ရှိတွင် မြောက်ဥက္ကလာပ ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသော ဝမ်းပျက် ဝမ်းလျှော ကလေး လူကြီး လူနာပေါင်း ၂၀၀ နီးပါးရှိနေပြီး အစိုးရ တာဝန်ရှိသူများနှင့် ကျန်းမာရေး စောင့်ရှောက်သည့် NGO အဖွဲ့များက ကူညီကာ ၂၄ နာရီ စောင့်ကြည့်လျှက်ရှိကြောင်း ကြားသိရသည်။

ယူနီဆက်ဖ်မှ တာဝန်ရှိသူတဦးက ယခုအခါ ဘိုကလေးမြို့နယ်အတွင်းရှိ ရွာပေါင်း ၂၀ ခန့်တွင်လည်း ဝမ်းပျက် ဝမ်းလျှော ရောဂါဖြစ်ပွားသူပေါင်း ၁၀၀ ကျော်ရှိသည်ဟု ပြောကြားသည်။ ၎င်းက ရန်ကုန်ရှိ မြို့နယ်တချို့တွင် ဝမ်းပျက် ဝမ်းလျှော ရောဂါများဖြစ်ပွားမှုရှိသည်ဟု အတည်ပြု ပြောကြားသော်လည်း မည်မျှဖြစ်ပွားသည်ကိုမူ ပြောကြားခြင်း မရှိပေ။

ရန်ကုန်ဒေသခံ ဆရာဝန်တဦး၏ အဆိုအရ မြောက်ဒဂုံမြို့နယ် (၇) ရပ်ကွက်နှင့် (၄၄) ရပ်ကွက်တွင် ဝမ်းပျက် ဝမ်းလျှော ရောဂါကြောင့် သေဆုံးသူ ၂ ဦး ရှိကြောင်း သိရသည်။ ယခုလဆန်းက သာကေတ (၄) ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် လူ ၄ ဦးခန့် သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

ရန်ကုန်တွင်သာမက မန္တလေးနှင့် မြင်းခြံဒေသများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံများ၌ ဆေးကုသမှုခံယူနေရသူများ ရာဂဏန်းကျော်ရှိနေကြောင်းလည်း ဒေသခံများထံမှ ကြားသိရသည်။

ရန်ကုန် မြောက်ဥက္ကလာ (၂) ရပ်ကွက်တွင် ဖြစ်ပွားလျှက်ရှိသော ဝမ်းပျက်ဝမ်းလျှော ရောဂါမှာ စိုးရိမ်ရသည့် အခြေအနေ ဖြစ်နေပြီး ကာလဝမ်းရောဂါအဆင့်သို့ ကူးပြောင်းသွားနိုင်ကြောင်း ဒေသခံ ဆရာဝန်တချို့ထံမှ သတင်းရရှိသည်။

ယခု ဖြစ်ပွားလျှက်ရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါမှာ အလွန်ပြင်းထန်သောကြောင့် တနေ့လျှင် ဝမ်း ၈ ကြိမ်ခန့် အနည်းဆုံးသွားပြီး ကြွက်တက်ကာ သတိလစ်မေ့မျောသွားကြောင်း ဒေသခံဆရာဝန်တဦးက ရှင်းပြသည်။

ကလေးသူငယ်များမှာ ဝမ်း ၂ ကြိမ်သွားရုံဖြင့် မျက်ဖြူစိုက်၍ သတိလစ်မေ့မျော သွားတတ်သည်ဟု သိရသည်။ ဆေးကုသမှုခံယူရာတွင် အနည်းဆုံး ၃ ရက်ခန့် ဆားချိုရည် သွင်းပေးရသည်ဟု ၎င်းဆရာဝန်က ပြောသည်။

မြောက်ဥက္ကလာပ ဆေးရုံကြီး အရေးပေါ်ဌာနသို့ ဧရာဝတီမဂ္ဂဇင်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဆရာဝန်က “မည်သူ့ကိုမှ ဖြေကြားခွင့်မရှိကြောင်း” ပြန်ကြားသည်။

“ကျနော့်အထင်တော့ လူနာတချို့ပုံစံက ကာလ ဝမ်းရောဂါဖြစ်နေတဲ့ လက္ခဏာ ရှိတယ်” ဟု အမည် မဖော်လိုသည့် ဆရာဝန်တဦးက ပြောသည်။

ယခုအခါ မြောက်ဥက္ကလာ ဆေးရုံကြီးတွင် ဂျပန်မှ လှူဒါန်းသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ နှင့် ပတ်သက်သော သောက်သုံး ဆေးဝါးများကို ယူနီဆက်ဖ်က တဆင့် ပေးဝေလျှက်ရှိရာ ဆေးဝါး မလုံလောက်သောကြောင့် ကိုယ်ခံအား နည်းသော ကလေးငယ်များကိုသာ ဦးစားပေး ဝေငှလျှက်ရှိကြောင်း ရန်ကုန်အခြေစိုက် သတင်းဌာနတခုက ပြောသည်။

သတင်းဌာနများအနေနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် သတင်းများ ရေးသားနိုင် သော်လည်း ဝမ်းရောဂါအဆင့်အထိ ဖြစ်ပွားနိုင်သည် ဆိုသောအချက်ကို ထည့်သွင်းဖော်ပြခွင့်မရှိကြောင်း ၎င်း သတင်းဌာနမှ သိရသည်။

မြောက်ဥက္ကလာ ဒေသခံများ၏အဆိုအရ စစ်ဆင်ရေး အထူးအဖွဲ့ အမှတ် - ၅၊ အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ သည် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားရာ ဒေသသို့ ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့သည်ဟု သိရသည်။

“ရပ်ကွက်ထဲမှာ ရောဂါပိုးတွေ့တယ်လို့ ပြောတယ်။ ယာယီဆေးခန်းလာဖွင့်ပြီး အရေးပေါ် ကုသတာတွေ လုပ်တယ်။ တိုင်းမှူးလည်း လာစစ်တယ်။ သေတာကတော့ ဦးပဉ္ဇင်းမျက်စိနဲ့တော့ မမြင်ဘူး။ ၂ ယောက် ၃ ယောက် သေတယ်တော့ကြားတာပဲ” ဟု မြောက်ဥက္ကလာ ၂ ရပ်ကွက်၊ ဘုန်းကြီးကျောင်းတကျောင်းမှ ဦးပဉ္ဇင်း တပါးက ပြောသည်။

မြောက်ဥက္ကလာ (၂) ရပ်ကွက်သည် လူနေထူထပ်ပြီး အခြေခံလူတန်းစားများ အများစု နေထိုင်သည့် ရပ်ကွက် ဖြစ်ကာ ယင်လုံအိမ်သာများမရှိဘဲ မြေစိုက်အိမ်သာများကို ဖြစ်သလို ဆောက်၍ အသုံးပြုကြသော ရပ်ကွက် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာ တဦးကပြောသည်။

“စဖြစ်တုန်းက ၃ လမ်းတလမ်းတည်း ဖြစ်တာ။ နောက်တော့ တခြားလမ်းတွေကိုပါ ပျံ့ကုန်တယ်။ ဒီတခါ ဖြစ်တဲ့ ဝမ်းလျှောရောဂါက တော်တော်ပြင်းထန်တယ်လို့ ဆရာဝန်တွေက ပြောကြတယ်” ဟု သူက ပြောပြသည်။

ယခုလဆန်းပိုင်းတွင် သာကေတ (၄) ရပ်ကွက်အတွင်း၌ ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားခဲ့သော်လည်း ယခုအခါ ရောဂါကို ထိုဒေသ၌ ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ကြားသိရသည်။

ရာသီဥတု အလွန်ပူပြင်းပြီး ယင်ကောင်ပေါက်ပွားသည့် အချိန်ဖြစ်သောကြောင့် သန့်ရှင်းမှုမရှိလျှင် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားနိုင်ပြီး ရေဓာတ်ခန်းခြောက်သည့် ဒဏ်ကိုခံနိုင်ရည်မရှိသောကြောင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အတွက် စိုးရိမ်ရကြောင်း ရန်ကုန်မြို့ခံ ဆရာဝန်တဦးက ရှင်းပြသည်။

ရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ရန်အတွက် ဓာတ်ဆားရည်ကို ရောဂါမဖြစ်မီကပင် သောက်သုံးသင့်သည်ဟု ၎င်းက ဆက်လက်အကြံပေးပြောကြားသည်။ ၎င်းဆရာဝန်က “ဒါ ကူးစက်တက်တဲ့ ဗိုင်းရပ်စ်တမျိုးလို့ သံသယရှိတယ်။ ဒီလို တကယ်ဖြစ်လာရင် အားကောင်းတဲ့ ယောက်ျားသားတွေပဲ ခံနိုင်ရည်ရှိမယ်။ အဓိကကတော့ ခံနိုင်ရည်ရှိအောင် ဓာတ်ဆားရည် အဆက်မပြတ် တိုက်ပြီး ကြက်ပြုတ်ရည်လို အားရှိတဲ့ အစားအသောက်တွေ ကျွေးမွေးဖို့ လိုအပ်တယ်” ဟု ရှင်းပြသည်။

ယခုရာသီတွင် ဆေးဆိုင်များ၌ ဓာတ်ဆားထုပ်များ အရောင်းရ တွင်ကျယ်လျှက်ရှိပြီး ဈေးနှုန်းလည်း ၂ ဆခန့် ထိုးတက်သွားကြောင်း သတင်းရရှိသည်။ ဓာတ်ဆား တထုပ် ရောင်းဈေးမှာ ကျပ် ၆၀၀ ခန့် ရှိသောကြောင့် အခြေခံလူတန်းစား တဦး၏ တရက်တာ လုပ်အားခမှာ ဓာတ်ဆား ၂ ထုပ်ဖိုးနှင့်ညီမျှသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်သည့် ဖြစ်ပွားမှုနှုန်း၊ ပြန့်ပွားနှုန်း သတင်းများ ကို အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခြင်းမရှိသော်လည်း ဝမ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ရေး နှိုးဆော်ချက်များကို နေ့စဉ်ရက်ဆက် ဆိုသလို ဖော်ပြလျှက်ရှိသည်။

ထိုသို့ဖော်ပြရာတွင် မိုးရွာချိန်၌ သောက်သုံးရေကန်၊ ရေတွင်းများ အတွင်းသို့ မသန့်ရှင်းသော ရေများ ဝင်လျှင် ရောဂါပိုးများ ပြန့်ပွားနိုင်သောကြောင့် သောက်သုံး ရေတွင်းရေကန်များကို အိမ်သာများနှင့် နီးကပ်စွာ မထားရန်၊ အိမ်သာထက် နိမ့်သောနေရာများတွင် မဆောက်လုပ်ရန်၊ ယင်လုံအိမ်သာသုံးရန်၊ ယင်နားစာများ မစားရန် စသည်ဖြင့် ပါရှိသည်။

သို့ရာတွင် အခြေခံလူတန်းစားများ နေထိုင်ရာ ရပ်ကွက်များ၌ တကိုယ်ရေသန့်ရှင်းရေး အတွက် ထိရောက်စွာ ပညာပေးခြင်းမျိုးမရှိဘဲ ထိုဒေသများတွင် နေထိုင်သူများ အနေနှင့် ပညာပေး ခြင်းများကို လိုက်နာဆောင်ရွက် နိုင်သည့် အနေအထားမရှိကြောင်း ဒေသခံများထံမှ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်