သွန်းခါရေ အေးစေမှာလား ...

နွေနေပူပူမှာ စိတ်တိုတောင်းစွာ တောက်တချက် ခေါက်လိုက်သံ ကြားတော့ ကိုယ့်စိတ်ကူး လေးနဲ့ကိုယ် ငြိမ်းချမ်းနေသော စည်သူ စိတ်ညစ် သွားမိသည်။ တောက်ခေါက် လိုက်သူက အခုမှ အအေးဆိုင်ထဲကို မောကြီးပန်းကြီးဝင်လာသော ကျော်ကျော်။ တီရှပ်ကို ရင်ဘတ်နားမှ ဆွဲစုကာ တဖျပ်ဖျပ်ခါရင်း သူ့ကိုယ်သူ အေးစေရန် လုပ်နေသည်ကိုမြင်ရသည်က ပူလောင်ချင်စရာ။ ပြီးတော့ မှုန်မှုန် ကုပ်ကုပ်။

“ဘယ်လိုဖြစ်လာတာလဲ ကျော်ကျော်ရာ.. မင်းကြည့်ရတာ”

“စိတ်တို လာတယ်ဟေ့ .. စိတ်တို လာတယ်..၊ တကယ်ကွာ.. ဒီ ညီမ တယောက် ရှိတာ အတော် ရှုပ်တာပဲ..၊ မင်းတို့ တယောက် ယောက် မယူလိုက် ချင်ဘူးလား ဟင်”

ဘာဖြစ် လာသည် မသိဘဲ ညီမ အတင်း ထိုးပေး နေသဖြင့် စည်သူနှင့် ငစိုင်း တယောက်ကို တယောက် ပြန်ကြည့်မိ ကြသည်။ ကျော်ကျော် ကတော့ သူ့ဘာသာသူပဲ ဆက်လက် ညည်းညူနေ၏။

“ငါ့ဘာသာငါ ကိုလင်းနဲ့ မဏ္ဍပ် လိုက်ထိုင် မလို့ကိုကွာ.. ဘွားတော်က.. ငါ့ညီမ ကိုပါ အတင်း ခေါ်ထည့်နေတယ် .. ပိုက်ဆံဖြင့် မရှိဘဲနဲ့.. ခုတော့ အလကားပဲ.. လမ်းထိပ်နားက မဏ္ဍပ် အစုတ်လေးကို ယွန်းရ တော့မယ့်ဘဝ.. ဟေ့ကောင်.. စည်သူ မင်း သင်္ကြန် ဘာလုပ်မှာ လဲဟေ”

“ငါ ဘာမှမလုပ်ဘူး.. အိမ်မှာပဲနေမယ်.. စာအုပ်တွေ အများကြီးစုထားတယ်ကွ.. စာအုပ်ဖတ်မယ်.. အခွေတွေဝယ်ထားတာ မီးလာရင်ကြည့်မယ်.. စားမယ်.. အိပ်မယ်.. ဒါပဲလေ”ဟု စည်သူက ကျော်ကျော့် အမေးကို အဖြေပြန်ပေးလိုက်သည်။

“ပျင်းစရာကြီး မင်းဟာက”

ကျော်ကျော်က ညည်းညူပြလိုက်သည်။

“ငါမှ သင်္ကြန်လည်တာ မကြိုက်တာ.. နေပူပူမှာ ရေစိုတာလည်းမကြိုက်ဘူး.. မူးကြ ကဲကြတွေလည်း မမြင်ချင်ဘူး.. ဒီတော့ ငါ့ဘာသာငါ အိမ်မှာပဲနေတာပဲ.. နေပါဦး.. မင်းက ဘာဖြစ်လာတာလဲဟ”

“မပြောချင်ပါဘူးကွာ”

ကျော်ကျော် အတော့်ကို စိတ်ညစ်နေသည်။ သူ့မှာက မုန့်ဖိုးလည်း များများစားစား စုမိထားတာမရှိသည်မို့ ဒီနှစ်သင်္ကြန်ကိုတော့ ကိုလင်းက အဖော်ခေါ်သော အင်းလျားလမ်းမဏ္ဍပ်လိုက်ဖို့ စီစဉ်ထားခြင်းဖြစ်သည်။ အင်းလျားလမ်းမဏ္ဍပ်တွေက လက်မှတ်က လည်း ဈေးကြီး၊ သွားရလာရသည်ကလည်း စားရိတ်မသေးလှ၊ ထို့ပြင် စားရသောက်ရသည်ကလည်း အခက်အခဲတွေနှင့်မို့ သူ့ဘာသာသူဆိုလျှင် အနားတောင် သီနိုင်မည်မဟုတ်ချေ။ အခုမှ ကိုလင်းက စိတ်ကောင်းလေးဝင်ပြီး “ငါတယောက်တည်း ပျင်းတယ်ကွာ.. မင်းလိုက်ခဲ့.. ငါအကုန် တာဝန်ယူတယ်”ဟု ဆိုလာသဖြင့် ဝမ်းသာနေတုန်းရှိသေးသည်။

အမေက ညီမလေးကိုပါ ခေါ်သွားစေချင်နေ၏။ မောင်နှမ ၂ ယောက်ရှိတာ တကွဲတပြားစီဖြစ်နေလျှင် စိတ်မချဟု ဆိုလာသည်။ ခေါ်ရတာက အပန်းမကြီးချေ။ သို့သော် မဏ္ဍပ်လက်မှတ်ဖိုး ၄ ရက်စာ ကျပ် ၄ သောင်းခွဲကို ပေးနိုင်မည်လား။ မဏ္ဍပ်က နေ့လယ် စာကျွေးတယ်ဆိုသော်ငြား တခြားဘာလေးညာလေး ဝယ်စားဖို့ မုန့်ဖိုးပေးနိုင်မည်လား။

ကိုလင်းကတော့ ၂ ယောက်စာ စိုက်ပေးမည်မဟုတ်ချေ။ ထိုအချက်များကို ထောက်ပြလိုက်တော့ အထက်အမိန့်က ပြောင်း သွားပြန်သည်။

“ဒါဆို ၂ ယောက် အတူတူသွားနိုင်မယ့် မဏ္ဍပ်ကိုပဲသွား”တဲ့။

ကျော်ကျော့်အကြောင်းကြားတော့ စည်သူနှင့် ငစိုင်းက ရယ်ကြသည်။ သူတို့တွေက ရန်ကုန် သင်္ကြန်ကို စိတ်ပါဝင်စားသူများ မဟုတ်ကြ။ စည်သူက အိမ်တွင်းအောင်းမည်ဖြစ်ပြီး ငစိုင်းက သူ့ဇာတိဖြစ်သည့် တောင်ကြီးကိုပြန်ရန် စီစဉ်ထားကြသူများဖြစ်သည်။
“ကိုလင်းတို့များ ကောင်းလိုက်တာနော်.. ပိုက်ဆံရှိကြတော့ အေးဆေးပဲ.. သင်္ကြန်သုံးဖို့ ငါ့ကိုတောင် ပိုက်ဆံစိုက်ပေးဦးမှာတဲ့.. သူ့အစ်မကိုလည်း စောင့်ရှောက်နေစရာမလိုဘူး.. သူ့အစ်မက သူငယ်ချင်းတွေနဲ့ ချောင်းသာသွားကြမှာ.. မိုက်တယ်ကွာ.. ငါတို့ အိမ် ဘာလို့ သူတို့လို မချမ်းသာရတာလဲ”ဟု ကျော်ကျော်က ကိုလင်းတို့ မိသားစုကို အားကျသည့် လေသံဖြင့် ပြောဆိုနေပြန် သည်။

ကျော်ကျော်တို့လည်း သိပ်အဆင်းရဲကြီး မဟုတ်ကြပါဘဲနှင့် ပိုပြီးသုံးနိုင်ဖြုန်းနိုင်သော ကိုလင်းကို အားကျမိနေခြင်းဖြစ်သည်။ ကျော်ကျော်ကပြောသာ ပြောထွက်သွားသော်လည်း သူ့ထက်စာလျှင် ပိုပြီးနွမ်းပါးသော စည်သူနှင့်ငစိုင်းကို အားနာမိသွားတာတော့ အမှန်ပင်။

“ဘာဖြစ်လဲကွာ မဏ္ဍပ်ပဲ.. ဘယ်နားဖြစ်ဖြစ်ပေါ့”ဟု စည်သူက အရေးမကြီးသည့် ပုံဖြင့် ပြောသည်။

“အေးလေ.. မင်းကလည်း သင်္ကြန်ဆိုတာ နှစ်ဟောင်းအညစ်အကြေးတွေ နှစ်သစ်မပါအောင် ဆေးတာပါ.. မဏ္ဍပ် အကောင်း စားကြီးသွားမှ သင်္ကြန်မဟုတ်ပါဘူးဟ”ဟု ငစိုင်းက လည်း စည်သူ့ လေနောက်က လိုက်၍ ပြောလိုက်သည်ကိုတော့ ကျော်ကျော် စိတ်တို သွားပြန်သည်။

“အပိုတွေ.. ကလီရှေး(ရှေးရိုးစွဲ)စကားတွေ လာပြောမနေနဲ့ ငစိုင်း..သင်္ကြန်လေးပဲ ကဲရတာ.. မူးရတာ.. ပျော်ရတာကွ”

စည်သူ့စကားကို ငစိုင်းကပါ ထောက်ခံနေတော့ သူ့ခံစားချက်များကို ပြောပြမိခါမှ မစာနာပေးသူများနှင့် လာတွေ့နေရသည်ဟု ကျော်ကျော်ပိုပြီး ဒေါသထွက်လာသည်။ လေသံမာမာဖြင့် ပြန်အော်နေတော့ စည်သူက အအေးခွက်ကို အသာချကာ ခပ်အေး အေးစကားစလာ၏။

“အေး.. ငါက အဲ့ဒါကို မကြိုက်တာ.. ကျော်ကျော်.. တကယ်တော့ ငစိုင်းပြောတာမှန်တယ်ကွ.. ခေတ်ကြီးပြောင်းလာတဲ့အတွက် နှစ်ကူးပွဲတော်ကို ကျင်းပတဲ့ပုံစံတွေ ပြောင်းလာတာ လက်ခံပါတယ်.. အရင်ခေတ်တွေက သပြေခက်နဲ့ပက်ချင်ပက်မယ်.. နောက်တော့ခွက်နဲ့လောင်းတယ်.. နောက်တော့ ပိုက်တွေနဲ့ပက်မယ်.. ခုဆို မဏ္ဍပ်တွေကို သိန်းနဲ့ချီအကုန်ခံပြီးဆောက်.. ရေပိုက်တွေ.. မော်တာတွေ.. မီးစက်တွေ.. Project III, IV ဆောင်းဘောက်စ်တွေကတင် သိန်း ၃၀ လောက် အကုန်ခံကြ.. DJ တွေ.. Disco တွေ.. ဘီယာပုလင်းတွေ.. အကင်မျိုးစုံ.. ပေါင်တိုစကပ်တွေ.. ချက်ပေါ်တွေ.. အတွင်းခံမပါတဲ့ အင်္ကျီတွေနဲ့ ကောင်မလေးတွေ.. သင်္ကြန်ဆိုတာ အဲဒါပဲလား”ဟု စည်သူက ရှည်ရှည်လျားလျား ပြောချလိုက်သည်။

ပြောရင်းဆိုရင်းမှာပင် စည်သူတို့လမ်းထဲမှ ကောင်မလေး ၃ ယောက် ရှပ်ပြာရှပ်ပြာဖြင့် ဆိုင်ထဲဝင်လာကြပြီး မဏ္ဍပ်ကြော်ငြာ စာရွက် များကို အအေးဆိုင်ပိုင်ရှင် ဦးလေးကြီးထံ ဝင်ပေးနေကြသည်။ တယောက်က ဆိုင်နံရံမှာ ကြော်ငြာတချို့ကို လိုက်ကပ် နေပြီး သူတို့စားပွဲဆီကိုလည်း ၂ ရွက် ၃ ရွက်လာချပေးသွား၏။

“စည်သူ.. တို့ဆီမှာဝယ်ရင် ၅ စောင်ဝယ် ၁ စောင် ဖရီးနော် သိလား.. ဝယ်မယ်ဆို အခုကတည်းက ဝယ်ထားနော်”ဟု မဲဆွယ် သွား သေးသည်။ သူတို့ ပြန်ထွက်သွားတော့ ဆိုင်လည်း ပြန်လည်တိတ်ဆိတ်သွားပြန်ကာ ထိုအခါမှ စည်သူက စကား ပြန်ဆက်သည်။

“အရင်ကဆို သင်္ကြန်နီးရင် ဆိုင်တွေမှာမြင်ရတတ်တာက ရေပြွတ်လေးတွေ.. ပိတောက်ပန်းခြောက်တွေ.. ပန်းကုံးတွေ.. ပလတ်စတစ်ခွက်ကလေးတွေ.. မြင်လိုက်တာနဲ့တင် သင်္ကြန်ဆိုတဲ့ အငွေ့အသက်ကိုရတယ်.. သင်္ကြန်ရဲ့ရနံ့ ကို ခံစားမိတယ်.. ခုတော့ သရဲမျက်နှာဖုံးတွေ.. လက်ပတ်လက်ကောက်တွေ.. ကြောင်ကြောင်ကြားကြား အင်္ကျီဘောင်းဘီ.. ရောင်စုံဆံပင်ဆိုးဆေး ဘူးတွေ.. ဘာဆိုင်လဲကွ.. ဘာပတ်သက်လို့လဲ.. သင်္ကြန်နီးပြီဆိုတဲ့ အသိကိုဘာအကြောင်းနဲ့မှ သူတို့က မပေးနိုင်ဘူးဖြစ်နေ တယ်.. သင်္ကြန်ရဲ့အနှစ်သာရကြီးပျောက်နေတာ နှမျောစရာကြီး”ဟု စည်သူက ဝေဖန်ရေးလေသံဖြင့် ပြောသည်။

ကျော်ကျော်က ခေါင်းတချက် ဆတ်လိုက်ပြီး“အဲ့ဒါ မင်းတို့က သင်္ကြန်မှာ မပျော်ဘူးလို့ ပြောကြတာ.. ရေလည်းစိုစိုမှာ ဘီယာလေးသောက်.. အရက်လေးမူးပြီး ကောင်မလေးတွေနဲ့ ကဲရတာကို မင်းတို့ မခံစားဘူးလို့ ပြောတာ”ဟု တုံ့ပြန်သည်။

“မဆိုင်ဘူး ကျော်ကျော်ရ .. ငါလည်း ရေစိုစိုမှာ ကဲဖူးပါတယ် .. ဒါပေမယ့်လေ .. ငါတို့မြို့မှာ .. နေ့လယ်ဆို ငါတို့တွေ ဆိုင်ကယ် တွေနဲ့ ရေပက်ခံ ထွက်ကြ.. ရည်းစားတွေ ခေါ်လည်ကြ.. တချို့လည်း မင်းပြော သလို မူးကြ ရူးကြပေါ့.. ဒါပေမယ့် ညဘက် ဆိုရင် အလှပြ မဏ္ဍပ် ကြီးတွေ.. ရပ်ကွက် အလိုက် ယိမ်းအဖွဲ့တွေ .. ကကြ ဆိုကြနဲ့.. ရိုးရာ မပျက်ဘူးနော .. အတက်နေ့တို့ နှစ်ဆန်း ရက်တွေတို့ ဆိုရင်လည်း လူငယ်တွေ ကလေ ကိုယ့်ဘာသာကိုယ် အဖွဲ့လိုက် အစုလိုက် လေးတွေ ဘုန်းကြီး ကျောင်းတွေမှာ လိုက်ပြီး အလှူစာ တွေလှူကြတာ.. ပျော်စရာ သိပ်ကောင်းတာပဲ.. ပျော်တာ ကဲတာကို လုပ်ခဲ့ပေမယ့် သင်္ကြန်ရဲ့ အနှစ်သာရကို မမေ့ဘူးကွ.. သိလား.. ရန်ကုန်သင်္ကြန်လို အနှစ်သာရမမဲ့ဘူး”ဟု ငစိုင်းကလည်း ၀င်ပြောသည်။

စည်သူနှင့် ငစိုင်း နှစ်ယောက်သား ဖိပြောလိုက်တော့ ကျော်ကျော် ဘာမှ မပြောတော့ဘဲ ငြိမ်နေကာ အအေးကိုသာ သဲကြီးမဲကြီး သောက်နေတော့သည်။

“ငစိုင်းပြောမှ ငါလည်း သတိထားမိတယ်.. ငါတို့ရန်ကုန်မှာ လူငယ်အတော်များများက စတုဒိသာတို့ဘာတို့ ကိစ္စတွေကို မလှုပ်ရှား ကြဘူးနော်.. ကဲချင်တဲ့လူက ကဲတယ်.. မကဲချင်တဲ့ ငါတို့လို လူတွေက အိမ်ထဲနေတယ်.. ဒါမှမဟုတ် တရားစခန်းတွေဝင်တယ်.. သင်္ကြန်ဆို တရားစခန်းတွေ လူသိပ်များတာပဲ.. မင်းတို့မြို့ကလိုမျိုး သူငယ်ချင်းတွေစုပြီး လှူကြတာတို့ ဘုန်းကြီးကျောင်းသွား တာတို့ မရှိဘူးကွ.. မမိုက်ဘူး အဲ့ဒါ”ဟု စည်သူက ဆက်ပြောလိုက်ပြန်သည်။

“ပျော်တာတွေ ကဲကြတာတွေကို ဘာမှ မပြောချင်ပါဘူးကွာ.. ဒါပေမယ့် ဘာအဓိပ္ပာယ်နဲ့ ပျော်နေကြတာလဲ ဆိုတာလေးတော့ တွေးမိကြဖို့ကောင်းတာပေါ့.. ခုတော့ကွာ ဘယ်မှာတော့ ကားတိုက်တာ ဘယ်နှယောက်သေတယ်.. မူးပြီးပြုတ်ကျတာတဲ့ ဘာဖြစ်သွားတယ်.. ကောင်မလေးတွေမူးပြီး ဘယ်လိုတွေဘယ်ပုံတွေဖြစ်ပျက်နေတာ..”ဟု ငစိုင်း စကား မဆုံးခင်ပင် ကျော်ကျော် ဖြတ်အော်လိုက်သည်။

“တော်ကြစမ်းပါကွာ”

ကျော်ကျော်က မခံမရပ်နိုင် ပြန်ပြောနေသေးပေမယ့် ခပ်စောစောကလို အသံကျယ်ကျယ်နှင့် မဟုတ်တော့ဘဲ လေသံနည်းနည်း တော့ ပျော့သွားသည်။

ထိုအချိန်မှာပဲ ဆိုင်ရှေ့သို့ ကားထိုးရပ်လာပြီး ကိုလင်း ဆင်းလာလေသည်။ ကြည်ကြည်သာသာတော့မဟုတ်။ ကျော်ကျော်ဝင်လာ တုန်းက ပုံစံအတိုင်း မှုန်ကုပ်ကုပ် စူပွပွပဲဖြစ်၏။

“ဘာဖြစ်လာပြန်တာတုန်း မင်းကရော”

“အရေးမပါတာတွေ.. မဏ္ဍပ်တွေမှာ ယိမ်းအဖွဲ့တွေထားရမယ်တဲ့ကွ.. မဏ္ဍပ်အကြီးတွေဆိုရင် အလှပြကားတွေ ထွက်ရမယ်တဲ့.. အဲဒီ ကားတွေကလည်း မြို့တော်ဝန်မဏ္ဍပ်ကို သွားရမယ်တဲ့.. အရေးမပါတာ”

“သင်္ကြန်မဏ္ဍပ်မှာ ယိမ်းထည့်ခိုင်းတာ ဘာဖြစ်လဲ ကိုလင်းရ”

“ဟ... ဘယ်တောက အထာတွေလာလုပ်ခိုင်းနေမှန်းမှမသိတာ.. ဒါ ရန်ကုန်ကွ.. ၂၀၁၀ ရန်ကုန်.. ဘာယိမ်းလဲ.. ဘာ အလှပြ ကားလဲ.. အလကား.. ဖွတ်”

အရင်ကဆိုလျှင်တော့ ကိုလင်းလေသံလိုက်ပြီး ကျော်ကျော်က ပြောဦးမည်ဖြစ်သော်လည်း ယခုတော့ သူလည်း အသာငြိမ်ပြီးသာ ထိုင်နေသည်။ စည်သူကတော့ စိတ်ထဲကနေ ကျိတ်ပြီး ထောက်ခံလိုက်၏။ ထိုသို့ အတင်းအကျပ်ထိန်းကွပ်ရင်းမှ တဖြည်းဖြည်း တကယ်စိတ်ပါလာအောင် တကယ်ယဉ်ကျေးမှု ရိုးရာကို ထိန်းသိမ်းတတ်လာအောင် လုပ်ပေးနိုင်ပါစေဟုလည်း ဆုတောင်းနေမိ သည်။

“ကျော်ကျော်.. မင်း ငါနဲ့ပဲ လိုက်ထိုင်မှာ မဟုတ်လား.. တခြားမဏ္ဍပ်မစီစဉ်ထားပါဘူးနော်”

“အာ... ကိုလင်း.. ငါ... သိပ်တော့ အင်း.. အဲ.. မသေချာဘူးကွ”

“ဟမ် ဘယ်လိုဖြစ်ပြန်တာလဲ.. မင်းက”

“အင်း.. ဟိုဟာ.. အိမ်က ကိစ္စလေးတွေ နည်းနည်းရှိလို့ပါကွာ”

“ဟာကွာ”

ဆိုင်ထဲမှ မြူမှောင်ဝေကင်း သီချင်းသံက လွင့်ပျံလာ၏။ “ဘာသီချင်းကြီးလဲဟာ လာပြန်ပြီ”ဟု ကိုလင်းက ရေရွတ်တော့ စည်သူက “နိုး နိုး နိုး”ဟု ပြော၏။

“သင်္ကြန်သီချင်းတွေထဲမှာ မြူမှောင်ဝေကင်းကို ငါ အကြိုက်ဆုံးပဲ”

“ဟုတ်တယ်ကွ.. နားထဲအေးပြီး သင်္ကြန်အနှစ်သာရလေးလည်း အတော်ကို ပြည့်တာ.. မိုက်တယ်”

စည်သူနဲ့ ငစိုင်း စကားကို ကျော်ကျော်က အသံတိတ် နားထောင်နေခြင်းအားဖြင့် ထောက်ခံပြီး ကိုလင်းကတော့ “ငကြောင်တွေ”ဟု ရေရွတ်ရင်း ခေါင်းတယမ်းယမ်းလုပ်နေလေသည်။

သင်္ကြန်ယိမ်းထည့်ရမည် ဆိုသည့်ကိစ္စနှင့် မဏ္ဍပ်တွေမှာ ဒီဂျေတွေ ပေးမထားတော့ဘူးဟူသော ကန့်သတ်ချက်ကို အတော်လေး မကျေမနပ်ဖြစ်ကာ ပူပူလောင်လောင်ဖြစ်နေ၏။ သင်္ကြန်ကို ကိုယ်နှင့်မဆိုင်သလို အေးဆေးနေသော သူငယ်ချင်းများဖြစ်သည့် စည်သူနှင့် ငစိုင်းကိုလည်း အားမလိုအားမရဖြစ်လျက် ဒေါသထွက်နေရပြန်သည်။

“အလကား သူတို့ ပိုက်ဆံမရှိတိုင်း မလုပ်နိုင် မကဲနိုင်တိုင်း မကောင်းမြင်နေတယ်”ဟု တွေးမိမှ ကိုလင်း နည်းနည်း နေသာ သလို ဖြစ်သွားတော့သည်။

ကျော်ကျော်ကမူ သူ့အာရုံကို မြူမှောင်ဝေကင်း သီချင်း သံစဉ်ထဲ မျှောထားလိုက်သည်။

တိုင်းမြန်ပြေ ….. အေးချမ်းအောင်ဆု....သွန်းခါရေ... အေးစေကြောင်းလောင်းတဲ့ လုံမေ....ထူးထူးကဲကဲ လှကြပါစေ.... အဆင်ပြေ... မြင်ရသူ ကြည်နူးလောက်ပေ...

သီချင်းသံက အေးအေးငြိမ့်ငြိမ့် ခံစားရသော်လည်း အပြင်ဘက်တွင်တော့ နွေနေ့လယ်က ပူပြင်း ကျွတ်ဆတ်နေဆဲ ဖြစ်သည်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်