လင်မ်ခွန်းစခန်းနဲ့ ပထဝီနိုင်ငံရေး

(၁)

သူတို့အားလုံး စိတ်တူကိုယ်တူ သူတို့ကိုယ် သူတို့ သရဏဂုံ တင်လိုက် ကြပါတယ်။ ဗမာလည်းဆန် ယုံကြည်မှုလည်း ရစေခဲ့ပါတယ်။ မထင်မှတ်ဘဲ စဉ်းစား ရွေးချယ် နိုင်ခဲ့ကြတဲ့ အပြုအမူ တခုက ရေခြား မြေခြား တိုင်းတပါးက ဗမာလူငယ်တွေအတွက် စိတ်အနေမြင့်စေ ခဲ့ပါတယ်။ ငါတို့ဟာ ဒုက္ခသည်တွေမဟုတ်ဘူး။ငါတို့လာခဲ့တာ နိုင်ငံအသစ် တခုလိုချင်လို့။ မဝရေစာစားပြီး သံဆူးကြိုးအတွင်းမှာ ငါတို့ အကျဉ်းသားတွေလို မနေဘူး။ အဲဒီဆုံးဖြတ်ချက်တွေနဲ့ သံဃာ ၂ ပါးနဲ့ သူတို့ ၃ ယောက် ပြောဆိုပိုင်းဖြတ်ပြီး ကိုယ့်အဖွဲ့ အစုနဲ့ ကိုယ် အဆောင်အပြင်ကို ထွက်လိုက်ကြပါတယ်။ ပစ္စည်းတွေ ကျောပိုးအိတ်ထဲထည့်ပြီး အဆောက်အဦး အပြင်မှာပဲနေကြတဲ့ သပိတ်ပါ။ ပြည်နယ်အစိုးရရဲ့သဘောထားကို ဆန္ဒပြကြတာဖြစ်ပါတယ်။အားလုံး တညီတညွတ်တည်းပါပဲ။ စခန်းကိုရောက်ကတည်းက ဒီလောက်ညီညွတ်တာ တခါမှ မတွေ့ခဲ့ဖူးဘူး။လိုက်ဖက်တဲ့ ဥပဓိရုပ်တွေကို မြင်နေရပြီ။ စိတ်ထဲကလည်း အလိုလိုသိနေပါတယ်။ကြီးမားတဲ့ အပြောင်းအလဲ တခုတော့ ရင်ဆိုင်ရတော့မယ်။

(၂)

ဗမာပြည်ရဲ့ အနောက်ဘက် စွန်းမှာ နယ်စပ် မြို့ကလေး ၂ မြို့ ထိစပ်နေ ပါတယ်။ ဗမာဘက်က တမူး၊ အိန္ဒိယ ဘက်က မိုရေး။ မိုရေး မြို့လေး ပေါ်ကနေ တောင်ပေါ် ကားလမ်း လေးအတိုင်း ကားနဲ့ ဆက်သွား ရပါတယ်။ ကွေ့ကွေ့ ကောက်ကောက် ပါပဲ။ မဟာမြိုင် တောလမ်း နဲ့တော့ တခြားစီ။ သိပ်မကျယ် လှပေမယ့် ကတ္တရာလမ်း ပီပီသသ ပါပဲ။ မဏိပူရ် ပြည်နယ် ထဲက စစ်တပ် ၀င်းလေး တခုနားမှာ တောင်ကုန်း လေးတွေ ရှိပါတယ်။ အဲဒီ တောင်ကုန်းလေး တခုပေါ်မှာတော့ စစ်တန်းလျား ဆန်ဆန် တထပ် အုတ်တိုက် ရှည်လေး တခုနဲ့ ရွက်ဖျင် တဲလေးတွေ ရှိနေပါတယ်။ အဲဒီစုဖွဲ့ တည်ရှိနေတဲ့ အဆောက် အအုံလေး တွေကို သံဆူးကြိုးနဲ့ ဝင်းခတ် ထားပြီး အဲဒီစခန်းကို လင်မ်ခွန်း စခန်းလို့ ခေါ်ပါတယ်။

စခန်းထဲမှာ ၈၈ တွေရှိတယ်။ ကျောင်းသားတွေရှိတယ်။ လူအမျိုးမျိုး အစားစား၊ အရပ်ရပ်အနယ်နယ်ကပါပဲ။ကလေးမြို့သားတွေ။ ချင်းတိုင်းရင်းသားတွေ၊ ဘုန်းကြီး၊ ကျောင်းဆရာ၊ စာပေသမား၊ အမဲလိုက်တဲ့ မုဆိုးကြီးတောင် ပါလိုက်ပါသေးတယ်။ မိန်းကလေး ၂ ယောက်၊ အကသ လေးတွေလည်း ပါတယ်။သူတို့အားလုံး တူညီတာတခုက မတရားတာကို ခေါင်းငုံ့မခံချင်တဲ့ စိတ်ဓာတ်ပါ။ နောက်တခုကတော့ မျှော်လင့်ချက်။ မျှော်လင့်ချက် အကြီးကြီးနဲ့ သူတို့ဘဝတွေကိုပါ ပစ်ချပြီး လာခဲ့ကြခြင်းဖြစ်ပါတယ်။

အချိန်ကြာလာလေ အလဟဿဖြစ်လေလေ၊ မျှော်လင့်ချက် ကျဲပါးလာလေလေ စိတ်အချဉ်ပေါက်မှုတွေက ထူပျစ်လာလေလေပါပဲ။ အဲဒီအချိန်က အရင်ရောက်နှင့်နေတဲ့ စခန်းလူကြီးတွေရှိတယ်။ ဒေါက်တာဘရန်နဲ့ ကျော်ကျော်ထွဋ်က အပြင်မှာ အနေများတယ်။ စခန်းကို ဝင်လိုက် ထွက်လိုက်နဲ့။ဒေါက်တာမန်းမြင့်ဆိုင်က မဝင်ဘူး၊ မိုရေးမှာပဲ ထိုင်ထားတယ်။ ကိုကူးမားက မိုရေးအဆက်အသွယ်။ လင်မ်ခွန်းမှာက ဦးအောင်ဇေယျလို့ အမည်ပေးထားတဲ့ ဦးရွှေထူးနဲ့ ဒေါက်တာအောင်ကျော်ဦးရှိတယ်။

သူတို့ရန်ကုန်အဖွဲ့က အုပ်စုလိုက်၊ အုပ်စုလိုက် ရောက်လာကြတယ်။ သူတို့အဖွဲ့ ရောက်ခါစ စခန်းမှာ လှုပ်လှုပ်ရွရွဖြစ်သွားတယ်။ တချို့ငိုက်မျဉ်းနေရာက ခေါင်းထောင် ကြည့်လာတယ်။ တချို့ မေးခွန်း ထွက်လာတယ်။ သူတို့က မေးခွန်းတွေမကြောက်ဘူး။ ဘာအစီအစဉ်တွေရှိလဲ၊ ပြည်နယ် ကျောင်းသားသမဂ္ဂ သဘောထားကရော ဘယ်လိုလဲ၊ ဘယ်သူတွေနဲ့ ဆွေးနွေးပြီးပြီလဲ၊ ပြည်နယ်အစိုးရရဲ့ အနေအထားက ဘာလဲ၊ ဗဟိုအစိုးရ ရွေးကောက်ပွဲက ဒီ လင်မ်ခွန်းတောင်ကုန်းလေးပေါ်မှာ ဘယ်လောက်လွှမ်းမိုးမှာလဲ၊ ဘာလဲ၊ ဘယ်လဲ။

သူတို့ ရောက်ပြီးမကြာခင်မှာ စကားပြောပွဲ ဆွေးနွေးပွဲ လုပ်ဖြစ်ခဲ့တယ်။ မကြာ မတင်မှာဘဲ အခု ကွယ်လွန် ရှာပြီဖြစ်တဲ့ ဇော်ထိုက်ရဲ့ အစွမ်းအစကြောင့် ဗကသ ကျောင်းသား ခေါင်းဆောင် သူရိန်၊ မြင့်စန်းနဲ့ နေနွယ်တို့ အဖွဲ့ ဒီပြည်နယ် လင်မ်ခွန်းစခန်းမှာ ရောက်နေကြောင်း ပြည်နယ် သတင်းစာမှာ ပါလာတယ်လို့ ကြားရတယ်။

ကိုဝင်းနိုင်ဦးနဲ့ ဒေါက်တာအောင်ကျော်ဦး ပြည်နယ်လူကြီးတွေနဲ့ ထွက်တွေ့ဖို့စီစဉ်ဖြစ်တယ်။ စာအုပ် စာစောင်ထုတ်ဖို့ ဝိုင်းပြီးစဉ်းစားကြတယ်။ ဒါပေမယ့် စခန်းတခုလုံးမှာတော့ ရေဒီယို တလုံးပဲ ရှိသေးတယ်။

(၃)

ရေအိုးအဖုံးပေါ်မှာ ရေလွှာ ပါးပါးလေးခဲနေပြီ။ ချမ်းလွန်းလို့ မီးတွေ ဖိုထားရတယ်။ မီးဖိုက မီးတွေလို စိတ်အချဉ် ပေါက်မှုတွေက တောက်လောင်နေပြီ။ မီးခိုးတွေအူနေသလို ငြီးငွေ့မှုတွေလည်း အူနေပါတယ်။စခန်းတခုလုံးပါပဲ။

ထင်းတွေ လောင်ကျွမ်းသွားသလို လောင်ကျွမ်းနေတဲ့ ကျောင်းသားတချို့ အိမ်ပြန်စပြုလာပါတယ်။ကိုဝင်းနိုင်ဦးနဲ့ ကိုတင်လင်းကိုလည်း နည်းလမ်းရှာဖို့ ပြည်တွင်းကို ပြန်လွှတ်လိုက်ပါတယ်။ ပါလာတဲ့ စီကိုနာရီတွေ၊ လက်ဝတ်လက်စားတွေလည်း လက်ကနေ ဖြုတ်ပြီး ရောင်းစားကြရလို့ ကုန်သလောက် ရှိနေပါပြီ။ စခန်းမှာက တခါတရံမှ ကျွဲခြေထောက်ကို အကောင်းစားလုပ်ပြီး ဟင်းချက်စားနိုင်တာပါ။

သူစားနေတဲ့ ထမင်းပန်ကန်ထဲ ငရုတ်သီးတတောင့်၊ ကြက်သွန်နီတလုံး လာထည့်ပေးတဲ့ ဒေသခံ ကျောင်းသား တချို့နဲ့ ထမင်းလက်ဆုံ စားရတာလည်း အရသာတခုပါ။ အောင်ဆန်းလင်းတို့ မျောက်ညိုတို့ကတော့ ဇာခြင်ထောင်နဲ့ ဖမ်းလာတဲ့ စမ်းချောင်းထဲက ကျောက်ငါးလေးတွေကို ချက်ကျွေးတတ်ပါတယ်။ တခါတလေ သူတို့တဲမှာချက်တဲ့ လက်ပံခေါင်း ချဉ်ရည်။ တခါတလေလည်း မုန့်ညှင်းဆီနဲ့ ထိုးတဲ့ ဆီထမင်း။ ကလေးမြို့သားလေးတွေရဲ့ စေတနာကို စားရတာလည်း ဘယ်တော့မှ ဆားပေါ့တယ် ရယ်လို့မရှိခဲ့ပါ။

ခဲရာခဲဆစ် ရပ်တည်နေကြရတဲ့ ကြားထဲ သတ်ပွဲပုတ်ပွဲ တွေလည်း ကြုံခဲ့ရပါတယ်။ တောထဲမှာ သေနတ် တလက်နဲ့ မုဆိုးလုပ်လာတဲ့ ကိုအဲကြီးဆိုတဲ့လူက မျက်နှာပြဲပြဲ ဗလကောင်းကောင်းနဲ့ပေါ့။စိတ်ထား ကောက်ကျစ်တဲ့ ပုံတော့မဟုတ်ပါ၊ ကြမ်းတမ်းတဲ့ပုံပါ၊ စဉ်းစားနိုင်စွမ်း ပြဿနာပါ။

စခန်းရဲ့ အခြေအနေ အလားအလာနဲ့ ပတ်သက်ပြီး သူထုတ်တဲ့ မေးခွန်းတွေကို လူကြီးလုပ်နေတဲ့ သူတွေ မရှင်းနိုင်ဘူး။ လူကြီးလုပ်သူတွေ ဘက်ကနေ ဒီမေးခွန်းတွေကို မကျေနပ်ဘူး။ အဲဒီမှာ ကိုအဲကြီးက သူ့ကို ရန်ရှာတော့တာပါပဲ။ ကိုအောင်ကျော်ဦးနဲ့ ကျောင်းသားတွေ ဝင်ဆွဲယူရတော့ တာပါပဲ။ စခန်းထဲမှာ ဝါးချွန်လုပ်သူတွေ လက်နက်ဆောင်ထားသူတွေနဲ့ နောက်ပိုင်းမှာ ပိုတင်းမာလာပါတယ်။

တညသား ဝုန်းဝုန်းဒိုင်းဒိုင်း ဆူဆူညံညံတွေ ကြားလို့ ထွက်ကြည့်တော့ လုံးထွေး သတ်ပုတ်နေကြပါပြီ။စခန်းမှာ အလှခင်းထားတဲ့ ရှောက်သီးလုံးလောက် ကျောက်ခဲတွေ၊ တုတ်တွေနဲ့ သွေးသံရဲရဲပါ။ ကျောင်းသား သုံးလေးယောက်လောက် ကွဲပြဲဖူးရောင်နေပါတယ်။ မထနိုင်တော့တဲ့ ကိုအဲကြီးကိုတော့ ဆေးရုံ ပို့လိုက် ပါတယ်။ ဘေးထွက်ဆိုး ကျိုးတွေရဲ့ လက္ခဏာပါ။

(၄)

သူတို့စခန်းမှာ လူယဉ်ကျေးတွေလို သာယာနိုင်စေဖို့ ဂစ်တာတလက်တော့ရှိပါတယ်။အခု နော်ဝေး ရောက်နေတဲ့ ရေဒီယိုထဲက ကိုညိုက ဂစ်တာ အတီးကောင်းတယ်။ သက္ကလပ် ဦးထုတ်အစုတ်တလုံးကို ခပ်စိုက်စိုက်ဆောင်းပြီး ဘယ်သူ့မှမကြည့်ဘဲ တီးပြီဆိုရင်တော့ မျောချင်သူတိုင်း မျောချင်ရာကို မျောခွင့်ရပါပြီ။

ပန်းရည် ဘဏ်တိုက် သီချင်းရေးဆရာကြီးရဲ့ ဇာတိမှာနေတဲ့ တိမွေးကု ဆရာဝန်လေးကတော့ သူ့ရည်းစားအကြောင်း လာပြီး ဖွဲ့နွဲ့တတ်ပါတယ်။ ဒါနဲ့ ဂျာမန်ကဗျာဆရာကြီး ဂါထောရဲ့ ကဗျာတချို့ကို ချရေးပေးလိုက်မိပါတယ်။

“အချစ်ရဲ့ ချိုမြိန်တဲ့ အဆိပ်ကို သင်သိပါစ
ရိုးတွင်းချဉ်ဆီကို ဝါးမြိုပြီး အသစ်ဖြစ်စေတယ်”

သူလည်းအဆွေးကို ဇိမ်ခံပစ္စည်းလုပ်ပြီး လ ကိုငေးမယ်ကြံတော့လည်း တောင်တွေက ကွယ်နေလို့ နောက်ကျပြီးမှ ဆွေးရတယ်။ ဓူဝံကြယ်နဲ့ မာဃသံကောက် ကြယ်ကို မျဉ်းဖြောင့်ဆက်ဆွဲ၊မာလိန်မှူး တယောက်လို တောင်မြောက်ရှာ။ ကောင်းကင်မှာ လမ်းညွန်အိမ်မြောင် ရပြီဆိုရင် မိသားစုလေးရဲ့ တည်နေရာကို မှန်း၊ အဲဒီမှာ အလွမ်းနဲ့ အိမ်နဲ့ တန်းတွေ့တော့တာပါပဲ။ လောင်းကုတ်အင်္ကျီကြီးဝတ်၊ သက္ကလပ်စောင်ကြီးထပ်ခြုံ၊ ဘီလီဆေးလိပ်လေး ဖွာရှိုက်ရင်း ချမ်းချမ်းစီးစီးကြီးထဲမှာ အဝေးကြီးကို ငေးပြီးကြည့်ခဲ့ဖူးပါတယ်။

(၅)

ကိုကျော်သန်း၊ ကိုဥက္ကာ၊ တက္ကသိုလ် ဆရာတွေနဲ့ စည်သူ၊ နေလင်းတို့ ကျောင်းသား ငယ်လေးတွေလည်း အခြေအနေကို သည်းမခံနိုင်ကြတော့ပါဘူး။ ကိုချစ်၊ သိန်းထွန်း၊ အောင်အောင်နိုင်၊ ပလုံဗြုံတို့လည်း စိတ်ဓာတ်မာကြပါတယ်။

ပြဿနာကို အစပျိုးနေတာက ကြာပါပြီ။ ရိက္ခာမလောက်ငတာလည်း ကြာပါပြီ။ နှစ်သစ်ကူးနေ့တုန်းကလည်း အပြင်ကို ထွက်လည်ကြတဲ့ အထဲက ကိုဝင်းနိုင်ဦးကို ကားပေါ်က အဆင်းမှာ ကသည်းစစ်သားတွေ ဘာမပြော ညာမပြောနဲ့ ဝိုင်းထိုးကြပါတယ်။ မန္တလေးက ကျောင်းဆရာ ကိုမောင်မောင်မြင့်က သစ်ကိုင်းခြောက် တချောင်းနဲ့ ပြန်ရိုက်ပါတယ်။ လူစုကွဲသွားပြီး ရွာထဲက ဆေးကျောင်းသားတယောက်ကို ရှင်းပြနေတုန်းမှာပဲ စစ်ကားတစီးရောက်လာပြီး သေနတ်တွေနဲ့ ဝိုင်းထားပါတယ်။ အရက်မူးနေတဲ့ စစ်အရာရှိက သဟောက်သဟမ်း လုပ်ပါတယ်။ ခြိမ်းခြောက်ကြိမ်းမောင်းပြီး သူတို့အားလုံးကို စခန်းထဲ ပြန်သွင်းလိုက်ပါတယ်။ ဖြစ်စဉ်က အင်္ကျီ အနီအပြာအကြားကြီးကြောင့်ပါ။

စခန်းရဲ့ လိုအပ်ချက်တွေကို တင်ပြချင်တယ်၊ တောင်းဆိုချင်တယ်။ ဘယ်အရာရှိမှ မလာဘူး၊ ဘယ် ဒီစတြိတ် ကော်မရှင်နာမှ မလာဘူး။ လင်မ်ခွန်းစခန်းကို မလာခင် သိထားတဲ့၊ ရထားတဲ့ အချက်အလက်တွေ အကုန်လုံး လွဲနေတယ်။ ဒီမိုကရေစီနိုင်ငံပါ၊ ဒီမိုကရေစီ အင်အားစုတွေကို အားပေးမှာပါ ကူညီမှာပါဆိုတာ အကုန်လုံး ဝါးလုံးကနေ ဝါးခြမ်းဖြစ်နေတယ်။

အဲဒါတွေကိုဖြေရှင်းဖို့ ရဲဘော်တွေအားလုံး ကွင်းပြင်ထွက်ပြီး ထိုင်ထားကြပါတယ်။ ညီညီညာညာ သပ်သပ်ရပ်ရပ်ပါပဲ။

ရှေ့ဆုံးကနေသူက “We want to meet” လို့အော်လိုက်ပါတယ်။ အားလုံးကသံပြိုင်ပါပဲ။ “DC” တဲ့။

ဘယ်လောက်များ ကျေနပ်သလဲ မဆိုနိုင်ဘူး။ အသံကြီးက ဟိန်းထွက်လာပါတယ်။ ကိုရွှေ DC ကြီးကလည်း မနေနိုင်တော့ပါဘူး။ တောင်းဆိုသံကြီးဆီကို ရောက်လာပါတယ်။ ကားတစီးနဲ၊့ ကုလားထိုင်နဲ့၊ ထီးတလက်နဲ့။တီဗီထဲမှာ ဗိုလ်ချုပ်တွေ သူ့ထက်ကြီးတဲ့၊ ဗိုလ်မရှိတဲ့ နေရာရောက်လာတဲ့အခါ ထားတဲ့ မျက်နှာပေးမျိုးနဲ့ ဟိုလျှောက် ဒီလျှောက် လာလုပ်ပြနေတယ်။ ထီးတော်မိုးနဲ့၊ ကုလားထိုင်တော်ကိုင်တွေ ကလည်း အရိပ်အခြေ ကြည့်ပြီး နောက်ကလိုက်နေရတယ်။ သူကြာကြာရပ်တဲ့နေရာမှာ ကုလားထိုင်တော် ခင်းပေးရတယ်၊ ထီးတော်မိုးပေးရတယ်။ စိတ်ထဲမှာကြည့်နေရင်း ဟာသမင်းသားကြီး၊ ပညာရှင်ကြီးတွေ ဖြစ်တဲ့ ဖိုးပါကြီးနဲ့ သန်းနွဲ့ရဲ့ ဗိုလ်ကာတွန်းတို့၊ ဗိုလ်ပလာတာတို့ကို သတိရပြီး ပြုံးမိရသေးတယ်။

အရေးပါ အရာရောက်သူကြီး အဖြစ် သရုပ်ဆောင် ဂိုက်ထုတ်နေရတာနဲ့ပဲ ရယ်ချင်စရာ ပြုံးချင်စရာ ဖြစ်နေရတာကို သတိပြုမိပုံမရဘူး။ သြော် ... ဗျူရိုကရက်ဆိုတာ လူရယ်စရာကြီးပါလား။

DC ဗိုလ်ကာတွန်းကြီးက ထိုင်ပြီးတော့မှ ပြောစရာရှိတာ လာပြောဖို့ ခေါ်တော်မူပါတယ်။ အဲဒီမှာ ဒေါက်တာအောင်ကျော်ဦးက လက်နှစ်ဘက်ယှက်ပြီး DC ကြီးရှေ့မှာ ခြေစုံသွားရပ်ပါတယ်။

ရှေ့ဆုံးသူ့ဘေးမှာ ထိုင်နေတာက ကိုမြင့်စန်း၊ မြောက်ဥက္ကလာပမြို့နယ် တမြို့နယ်လုံး ခေါ်ထုတ်နိုင်ခဲ့တဲ့ လှုံ့ဆော်ရေးသမား။ ဒီလိုငြိမ်ဝပ်ပိပြားတဲ့ မြင်ကွင်းမျိုး မကြိုက်ဘူး။ လက်ညှိုး ငေါက်ငေါက်ထိုးပြီး အသံမာမာနဲ့ လှမ်းပြောလိုက်တယ်။

“ကိုအောင်ကျော်ဦး၊ တန်းတူရည်တူ ကုလားထိုင်နဲ့ ထိုင်ပြီးဆွေးနွေးပါ”

ဒီလောက်ပဲပြောလိုက်တာပါ။ ကိုအောင်ကျော်ဦးလည်း ထိုင်ပြီးပြောရှာပါတယ်။ ဒီလောက်နဲ့ပြီးမသွားတာက အဲဒီနေ့က ကိုမြင့်စန်းဝတ်ထားတဲ့ အနီနဲ့အပြာအကြား၊ အကြားအင်္ကျီကြီး။ သူ့ဘေးမှာ ထိုင်နေတာလည်း ကိုဝင်းနိုင်ဦး။ ကိုဝင်းနိုင်ဦး အထိုးခံရတဲ့နေ့မှာ အဲဒီအနီနဲ့အပြာအကြား၊ အကြား ဆွယ်တာကြီးကို ဝတ်ထား လျက်သားပါ။ ဒီလောက်ဆို ကသည်းစစ်သားတွေရဲ့ လောဂျစ်ကို ရိပ်စားမိလောက်ပါပြီ။

စခန်းမှာ ချင်းအမျိုးသမီး မစိန်းဖွီးနဲ့ မိန်းကလေးတယောက်လည်း ရှိပါတယ်။ အဲဒီမိန်းကလေးကို ကသည်း စစ်တပ် ဂျမခါတယောက်က ခေါ်ထုတ်ပြီး ညားသွား ကြပါတယ်။ ဒါကိုလည်း ကလေးမြို့သားတွေက မကျေနပ်ခဲ့ကြပါဘူး။

ကသည်း ပွဲတော်နေ့ တနေ့ သျှောင်ရှမ်းမှာ စခန်းအပြင် ထွက်လည်တဲ့ မျောက်ညိုနဲ့ ကျောင်းသား လေးငါးယောက်ကို ဖမ်းမိသွားပြန်ပါတယ်။ ပြင်းပြင်းထန်ထန်လည်း ရိုက်နှက် ဆုံးမလိုက်ကြပါတယ်။

ဒဏ်ရာဒဏ်ချက်တွေနဲ့  ကိုယ့်လူတွေကို မြင်ရတော့ စခန်းမှာ မခံမရပ်နိုင်ဖြစ်ကုန်ကြပါပြီ။

(၆)

မခံမရပ်နိုင် ဖြစ်နေရာကနေ ပေါက်ကွဲသွားနိုင်တယ်။ အစီအစဉ်မဲ့ ဖရိုဖရဲဖြစ် သွားနိုင်တယ်။ဘယ်လို ဦးဆောင်မှုပေးမှာလဲ။ ခေါင်းဆောင်တွေကိုလည်း မေးခွန်းတွေ ထုတ်လာတယ်။

တယောက်တပေါက် ပြောရာကနေ အများရဲ့အသံထွက်လာတယ်။ ခေါင်းဆောင်အသစ်ပြန်ရွေးမယ်။ခိုင်ခိုင်မာမာရပ်တည်မယ်။

ရေသေလို အီနေတဲ့ အခါတုန်းကလည်း လက်ရှိလူကြီး လုပ်နေတဲ့ သူတွေက ရွေးကောက်ပွဲ လုပ်မယ်ပေါ့။ ရွေးကောက်ပွဲ တခါခေါ်ဖူးတယ်။ ဒီအဆောင်ထဲမှာပဲ။ ဗကသနဲ့ သူတို့အဖွဲ့တွေကိုယ်စား သူကပဲ အရွေးမခံလိုကြောင်း ငြင်းထားခဲ့ဖူးတယ်။ အတန်းလိုက် သုံးစုစီတန်းပြီး တစုကို ခေါင်းဆောင် တယောက် ပြန်ရွေးကြတယ်။ မိုးထဲရေထဲ ဒီအချိန်မှာ တစုရဲ့ခေါင်းဆောင်အဖြစ် သူ့ကိုရွေးတော့ အလုပ်ကို သူ မငြင်းတော့ပါဘူး။ နောက်တစုစီအတွက် ဒေါက်တာအောင်ကျော်ဦးနဲ့ ကလေးမြို့ က ကျောင်းသား တယောက် (အမည်မမှတ်မိတာတောင်းပန်ပါတယ်)။

သံဃာ ၂ ပါး ... ဦးအာလောက၊ ဦးဇနကနဲ့ သူတို့ ၃ ယောက်။ အားလုံးနဲ့ပြောဆို ပိုင်းဖြတ်ပြီး ဒီစခန်းထဲမှာ ဒီလိုအခြေအနေမျိုးနဲ့ မနေကြတော့ ဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဒီစစ်တပ်ရဲ့ အအုပ်ချုပ်ခံ လက်အောက်ခံ ဘဝမှာ မနေနိုင်ကြောင်း၊ ပြောင်းရွှေ့ပေးစေလိုကြောင်း တုံ့ပြန်အရေးဆို ဆန္ဒပြဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ညဘက်ရောက်တော့ အဆောင်တွေထဲမှာ မအိပ်ကြတော့ပါဘူး။ ဆန့်ကျင်လိုက်ပါပြီ။ အပြင်မှာပဲ မီးတွေဖိုပြီး သီချင်းတွေဆို၊ ဝိုင်းကနဲ့ နှုတ်ဆက်ပွဲ ကျင်းပသလိုတောင် ဖြစ်နေပါတယ်။ အစောင့်စစ်သားတွေကလည်း ဝင်ကတဲ့လူ ကကြပါတယ်။ အဲဒီ အခြေအနေကိုသုံးပြီး အီဆတ်နဲ့ ခိုင်စီတို့နှစ်ယောက် အပြင်သတင်းပို့ဖို့ တိတ်တဆိတ်အမှောင်ထဲမှာ ထွက်သွားကြပါတယ်။

နောက်တနေ့ရောက်တော့ စစ်ကားကြီးတွေ တစီးပြီးတစီးရောက်လာပြီး အသုတ်လိုက် ခေါ်ထုတ် ပါတော့တယ်။ သူနဲ့အတူ ရန်ကုန်က လိုက်လာတဲ့ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မြင့်ဆွေရဲ့သား မျိုးမင်းဆွေနဲ့ ရဲထွဋ်၊ ကိုမြင့်စန်းတို့က ကားပေါ်ပါသွားပါပြီ။ သူတို့တွေလည်း စခန်းပြောင်းရပြီ ထင်နေပါတယ်။

သူတို့ကားပေါ်မှာလည်း တစီးစာအပြည့်ပါပဲ။ ဘယ်ခေါ်သွားမယ် မှန်းလည်း မသိကြရပါဘူး။ လက်နက်ကိုင် အစောင့်တွေလည်း ပါပါတယ်။ တလမ်းလုံး ဇာတိသွေး ဇာတိမာန် သီချင်းတွေ သံပြိုင်ဆိုလာကြတယ်။

ကားထိုးရပ်လိုက်တဲ့ အချိန်မှာတော့ တောင်တခုပေါ်မှာ ရောက်နေပါပြီ။ခြေလျင် ဆက်လျှောက် ကြရပြန်ပါတယ်။ စက်သေနတ်တွေနဲ့ စစ်သားတွေက မလှမ်းမကမ်း နောက်က လိုက်လာပါတယ်။ တောင်ကမ်းပါးယံ တခုရောက်တော့ အောက်မှာ တောင်ကျချောင်းလေးတခု လှမ်းမြင် နေရပါတယ်။ပါလာတဲ့ စစ်အရာရှိက ချောင်းကလေးရဲ့ ဒီဘက်ကို ပြန်မလာဖို၊့ ဒီကနေ ထွက်သွားကြဖို့ ပြောပါတယ်။

စက်သေနတ်တွေနဲ့ စစ်သားတွေကလည်း နေရာယူ ထားကြပါတယ်။ ဒါနဲ့သူလည်း စစ်ဗိုလ်ကို သိချင် တာတွေ မေးရပါတယ်။ ရန်ကုန်က ဟိန္ဒူလူငယ်လေးက စကားပြန်ပေါ့။ ဗမာစစ်တပ်ဒီနားမှာရှိသလား။တောလမ်းအခြေအနေ ဘယ်လိုလဲ။ အနီးဆုံးရွာက ဘယ်ဘက်မှာလဲ။ အားလုံး အေးအေးဆေးဆေးပါပဲ။

ကျောက်တုံး အကြီးကြီးတွေကြားမှာ ရေကနည်းနည်းလေး၊ စပ်စပ်လေးနဲ့ မမျှမတ တွန့်လိမ် ကောက်ကွေး နေတဲ့ တောင်ကျချောင်းလေးဟာ အိန္ဒိယနယ်စပ်ပါပဲ။ အိန္ဒိယအစိုးရရဲ့ပထဝီနိုင်ငံရေးပါပဲ။

တိုက်တိုက်ဆိုင်ဆိုင် နမိတ်ပုံဆန်ဆန် ချောင်းလေးရှိရာ ဦးတည်လိုက်ကြရပါတယ်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်