ခုလိုမေလမှာပေါ့။ ကျမခင်ပွန်းကို ထောင်ဝင်စာတွေ့ခွင့်ရဖို့ ကြိုးစားခဲ့ရတာလေ။ အင်းစိန်အကျဉ်းထောင် ရှေ့မှာ ထောင်ဝင်စာ တွေ့ဖို့ ကြိုးစားခဲ့ရတဲ့ ကျမတို့ အကျဉ်းကျမိသားစုတွေရဲ့ ရင်ထဲက အပူကို မေလရဲ့ အပြင်းဆုံး အပူရှိန်တောင် အရှုံးပေးခဲ့ရတယ်။ ကတ္တရာလမ်းက တံလျှပ်တွေလည်း ငုတ်လျှိုးသွားရတယ်။
ခင်ပွန်းသည် ဖမ်းဆီးခံရပြီး ၄ လ ကြာမှ ပထမဆုံးအကြိမ် ထောင်ဝင်စာ တွေ့ခွင့်ရပြီလို့ ထောက်လှမ်းရေးက ခွင့်ပြုတော့ စားစရာ တဆွဲတပိုးနဲ့ ပြောစရာစကားတွေ ရင်နဲ့အပြည့် သည်လာတဲ့ ကျမတို့ သားအမိ အင်းစိန်ထောင်ဗူးဝရှေ့ ရောက်ခဲ့တယ်။
ဗူးဝထဲ မဝင်ခင် နာမည်ခေါ်တဲ့ အဆောင်လေးမှာ ကျမတို့သားအမိ နားရသေးတယ်။ ကျမခင်ပွန်း နာမည်ကို စာရွက်ပေါ် ချရေးသူ နားမှာရှိတဲ့ ဝန်ထမ်းတဦးက “ငါတော့မထင်” ... “ငါတော့မထင်” လို့ဘောလ်ပင်ကို လက်နဲ့တောက်ရင်း ရေရွတ်နေတာကို ကျမလှမ်းကြည့်လိုက်တယ်။ ကျမအကြည့်ထဲမှာ သောကနဲ့ ဒေါသခိုးတွေ ပါနေတာကို သိသွားပုံရတယ်။ ဘာမှ ဆက်မပြော တော့ဘူး။
၂ နာရီလောက် ကြာတော့မှ တာဝန်ရှိဝန်ထမ်းက ခင်ပွန်းသည် နာမည်ကိုခေါ်လိုက်တယ်။ ကျမ အသည်းနှလုံးကို ဓားနဲ့မွှမ်းမယ့် အသံလို့ နောင်မှ ကျမတွေးမိတာ။
“နေဦး ………… ကလေး အကျဉ်းထောင်…….။ ပြစ်ဒဏ် ၁၄ နှစ်” …………………………..တဲ့။
ထောင်ဝင်စာ မတွေ့ရဘဲ သားကို လက်ဆွဲပြန်ခဲ့ရတဲ့ အိမ်အပြန်ခရီးက တကယ့်ကို ပင်ပန်းလွန်းလှပါတယ်။ အဝတ်တထည် ကိုယ်တခုနဲ့ ထောင်ပြောင်းသွားရမယ့် ခင်ပွန်းသည် ဝေးလံခေါင်သီတဲ့ အကျဉ်းစခန်းမှာ ဘယ်လိုနေထိုင် ဖြတ်သန်းပါ့မလဲ။မြန်မာပြည်မြေပုံရဲ့ ဘယ်နေရာမှာ ကလေးမြို့ အကျဉ်းထောင် ရှိတာပါလိမ့်။ အဲဒီနေရာကို အရောက်သွားဖို့ လမ်းစရိတ် ... အို ကျမ ဦးနှောက်တွေ အရည်ပျော်သွားတယ်။
ကျမအဒေါ် ဝမ်းကွဲက တမူးမြို့မှာ ဈေးရောင်းဖူးတယ်။ တမူးလမ်း ခေတ်ကောင်းချိန်ကပေါ့။ ဒေါ်လေးကို ပြောပြတော့ ကလေးမြို့ ဆိုတာ စစ်ကိုင်းတိုင်းထဲမှာ ပါတယ်။ ကလေးမြို့ကို ရောက်ဖို့ ရက်အကြာကြီးသွားရမယ်တဲ့။
သားက ၄ နှစ်အရွယ်ပဲ ရှိသေးတာမို့ လမ်းခရီးဒဏ်ကို ခံနိုင်ဖို့မလွယ်ဘူး။ ဒီတော့ ကျမမေမေနဲ့ ထားခဲ့ဖို့ အကြံပေးတယ်။ သားက တော့ အဖေနဲ့တင်မဟုတ်ဘဲ အမေနဲ့ပါ ခွဲရမယ်ဆိုတော့ သိပ်ကို စိတ်ထိခိုက်သွားပုံရတယ်။
ညှိုးငယ် တိတ်ဆိတ်နေတဲ့ သားမျက်နှာလေးက အသံထွက်ပြီး ငိုတာထက် ပိုပြီး စိတ်ထိခိုက်ဖို့ ကောင်းလှပါတယ်။
ဒီလိုနဲ့ ဒေါ်လေးဦးဆောင်တဲ့ ကလေးမြို့အကျဉ်းထောင်မှာ ထောင်ဝင်စာ တွေ့နိုင်ဖို့ နိုင်ငံရေးအကျဉ်းကျ မိသားစုရဲ့ ထောင်ဝင်စာ ခရီးကို ကျမ အစပြုလိုက် ရပါတော့တယ်။
ရန်ကုန် - မုံရွာ “စိန်ဌေးလှိုင်” ကားက ခရီးစရိတ် သက်သာတယ်ဆိုပြီး ဒေါ်လေးက ဆုံးဖြတ်ခဲ့တာ။ ကုန်တဝက်၊ ခရီးသည်တဝက် ပါတဲ့ စိန်ဌေးလှိုင်ကားက ၂ ညနဲ့ ၃ ရက်ကြာမှ မုံရွာကိုရောက်ပါတယ်။ လမ်းတလျှောက် ရွှေရောင် ဝင်းနေတဲ့ ဘုရားပုထိုး စေတီတွေ၊ စစ်ကိုင်းတောင်ရိုးက ထုံးဖွေးဖွေးနဲ့ စေတီတွေကို ကြည်နူးရွှင်ပျ လက်အုပ်ချီရင်း ကျမ ဆုတောင်းခဲ့ရတာ။ တငြိမ့်ငြိမ့် စီးဆင်းနေတဲ့ ဧရာဝတီမြစ်ထဲမှာ ငှက်သဗ္မာန်တွေနဲ့ ဖြတ်သန်းသွားလာနေတဲ့သူတွေ၊ ရေချိုးဆိပ်မှာ ရေချိုးနေသူတွေကို ကြည့်ပြီး “အေးချမ်းလိုက်ကြတာ။ သူတို့တတွေ ချစ်ရသူတွေနဲ့ ခွဲခွာဖူးမယ် မထင်ဘူး” လို့ ကျမ အားကျမိသေးတယ်။
“စိတ်ကူးယဉ်မယ့် အတူတူ ကောင်းမှုတော်လောက်တော့ ယဉ်လိုက်ပ” လို့ တိုင်တည် ပြောတတ်ကြတဲ့ ကောင်းမှုတော် စေတီကြီး ကို လက်အုပ်ချီ ဖူးရင်း ကျမလည်း စိတ်ကူးယဉ်လိုက်တယ်။ “မြန်မာပြည် ပြည်သူလူထုနဲ့အတူ ကျမတို့ မိသားစုပါ တိုင်းပြည် ချစ်စိတ်နဲ့ နိုင်ငံရေးသမားတွေ စိုက်ပျိုးထားတဲ့ ပန်းတွေကို ပန်ဆင်လို့လေ။ အဲဒီ ပန်းရနံ့တွေက တတိုင်းတပြည်လုံး သင်းပျံ့ မွှေးကြိုင်လို့။ ငြိမ်းချမ်းရေး ချိုးငှက်တွေလည်း ကောင်းကင်မှာ ပျော်ရွှင်မြူးထူး နေကြတာပေါ့ …………………………”
ထွန်ရေးညက်နေတဲ့ မြေနီနီတွေ၊ တမာပင်တန်းတွေကို ဖြတ်သန်းပြီး မကြာခင်မှာပဲ သလ္လာဝတီမြို့တော် မုံရွာကို ရောက်ခဲ့ တော့တယ်။ မုံရွာကားဝန်းထဲမှာ ကလေးမြို့ကို ဆက်လက်ခရီးနှင်ဖို့ စုံစမ်းရပြန်ပါတယ်။
ရန်ကုန်မှာ အမြန်ယာဉ်အဖြစ် အသုံးပြုတဲ့ ဒတ်ဆန်းအမျိုးအစား ကားကို အမိုးဖွင့်ထားတဲ့ “ငွေချိုးဖြူ” ကားက ဒီညထွက်မယ်။မဟာတောကို ဖြတ်ပြီး ချင်းတွင်းမြစ်ကမ်းနဖူး “ကိုင်း” ရွာအထိ ရောက်မယ်လို့ ပြောကြတယ်။
ချင်းတွင်းမြစ်ကို ကူးတို့လှေနဲ့ကူးပြီး ကလေးဝဆိပ်ကမ်းကိုသွား။ ကလေးဝကနေ ကားဆက်စီးရင် ကလေးမြို့ ရောက်ပြီလို့ ပြောပါတယ်။
ရှေ့ခရီးကို အမြန်ရောက်ချင်တဲ့စိတ်၊ ခင်ပွန်းကို စိုးရိမ်ပူပန်နေတဲ့ ကျမက မုံရွာမှာ တညလောက်တောင် မနားတော့ဘဲ ညနေကားနဲ့ ချက်ခြင်းသွားမယ်လို့ ဒေါ်လေးကို ပြောလိုက်တယ်။်
မုံရွာက ကားဝန်းထဲ ဈေးဆိုင်တွေပေါ်က သနပ်ခါးတုံးတွေကို သနပ်ခါးကြိုက်တဲ့ကျမ ကိုင်တောင် မကြည့်ခဲ့ဘူး။ နံ့သာလိမ်း၊ပန်းပန်တာကို ဥပုသ်သီလမယူဘဲ ကျမ ရှောင်ကျဉ်ခဲ့တာ ရင်ထဲက သောကအပူတွေကြောင့်ပါပဲ။
အမိုးပွင့်ကားရဲ့ ကြမ်းပြင်ပေါ်မှာ ကုန်ပစ္စည်းက အပြည့်အမောက်ရှိနေတယ်။ ကားရှေ့ခန်းကို မျက်နှာမူပြီး ဒူးနှစ်လုံးကို ထောင်လိုက်ရတော့ ဒူးနဲ့မေးစိက ထိလုနီး။ ပဋိသန္ဓေ နေစဉ်က မိခင်ဝမ်းတွင်းမှာ နေရတဲ့အနေအထားက အခုလိုပဲ ဖြစ်လေမလားလို့ ကျမစဉ်းစားမိတယ်။
ကားအရှိန်နဲ့ ညလေပြည်မှာ တမာပန်းရနံ့တွေက သောကအပြည့်နဲ့ ကျမကို အမောပြေအောင် လုပ်ပေးသေးတယ်။သင်းပျံ့တဲ့ ပန်းရနံ့ကို ရှုရှိုက်ရင်း သဘာဝတရားကြီးကို ကျမကျေးဇူးတင်မိတယ်။
မရောက်ဘူးတဲ့ ဒေသတွေကို ရောက်ရတော့ တွေ့ရမြင်ရတာတွေက ကျမအတွက် အသစ်အဆန်း ဖြစ်နေပါတယ်။ပထမဆုံး ထောင်ဝင်စာ ခရီးကို ကျမ ဒီနေ့အချိန်ထိ မေ့မရနိုင်ခဲ့ပါဘူး။ “တန့်ဆည်” မြို့နယ်ထဲက “ကံထူးမ” ဆိုတဲ့ မဟာမြိုင် တောင်ခြေရင်းကို ရောက်တဲ့ အချိန်က ည ၁၀ နာရီပါပဲ။ မည်းမှောင်နေတဲ့ ကောင်းကင်မှာ ကြယ်တွေမစုံဘူး။ ညအမှောင်ထဲ လူးလားပျံနေတဲ့ ပိုးစိမ်းကြူးလေးတွေကို ကျမ အားကိုးတကြီး ကြည့်မိတယ်။
မဟာမြိုင် တောင်ခြေရင်းဆိုတဲ့ ခရီးသည်တွေ ပြောတဲ့စကား၊ ကားစပယ်ယာကို ဒရိုင်ဘာက “ဖယောင်းတိုင် အမွှေးတိုင် မီးခြစ် အဆင်သင့် ထုတ်ထား။ နတ်နန်းမှာ ဗိဿနိုး မယ်တော်ကြီးကို ပူဇော်ဖို့” ဆိုတဲ့ အသံက မဟာမြိုင် တောတောင်ကို ပိုပြီး ဂမ္ဘီရဆန်အောင် ကူပံ့လိုက်တယ်။
အဲဒီတုန်းက တောတောင်က သိပ်သည်းထူထပ်တုန်းပါ။ တန်ခူး၊ ကဆုန် ဆွေ့ဆွေ့ခုန် ဆိုတဲ့စကားကို ကျမ လက်တွေ့ ရင်ဆိုင်ခဲ့ရတယ်။ ပူလို့ဆွေ့ဆွေ့ခုန်ရတာ မဟုတ်ဘဲ ခိုက်ခိုက်တုန်အောင် အေးတဲ့အတွက် အနွေးထည်ထူထူ မရှိလို့ ခုန်ခဲ့ရတာပါ။
မဟာမြိုင် တောတောင်တလျှောက် တောကြက်၊ ခါ၊ ငုံး၊ ယုန်လေးတွေလို တောကောင်လေးတွေကနေ မျောက်လွှဲကျော်တွေ၊သမင်တွေလို တောကောင်ကြီးတွေ ကားမီးရောင်မြင်လို့ ပြေးကြလွှားကြတာကိုလည်း မြင်ခဲ့ရတယ်။ ရွာ ဆက်ပြတ်တဲ့၊ လူသူဝေးတဲ့ ဒီလိုတောတောင် ထဲမှာ တစုံတခုသာ ဖြစ် ဘယ်သူမှမသိဘူး ဆိုတဲ့ အသိကလည်း ကျမကို ထိတ်လန့်တုန်လှုပ် စေပါတယ်။
အဲဒီအချိန်မှာပဲ ကားထိုးရပ်လိုက်တယ်။ မဟာမြိုင်ရဲ့ အမြင့်ဆုံးတောင်ထိပ်လို့ ဘေးက ခရီးသည်က ပြောပါတယ်။ဘာဖြစ်တာလဲလို့ ကျမက မေးမိတာကိုး။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ကြယ်ရောင်မှိန်မှိန်အောက်မှာ နတ်နန်းတခု။နတ်နန်းထဲမှာတော့ ဖယောင်းတိုင် မီးအလင်းရောင် ရှိတယ်။ ကားဆရာ ကားရပ်တဲ့အချိန်မှာ ကားစပယ်ယာ လေးက ကားကို ဂျမ်းတုံးခုပြီး နတ်နန်းရှေ့ ပြေးသွားတယ်။ အမွှေးတိုင်၊ ဖယောင်းတိုင်ထွန်းပြီး စပယ်ယာလေး ကန်တော့နေချိန်မှာ ကားဒရိုင်ဘာက ဟွန်းသုံးချက်တီးပြီး ကားပေါ်ကနေ ကန်တော့တယ်။ အတွေ့အကြုံအသစ် ကျမအတွက် ကားမူးတာတောင် ပျောက်ရတဲ့အထိပဲ။
လေတဟူးဟူး တိုက်နေတဲ့ မဟာမြိုင်ရဲ့ အမြင့်ဆုံးတောင်ထိပ်မှာ ရှေ့ကားတွေ ထွန်းညှိသွားတဲ့ ဖယောင်းတိုင်မီးတွေ မငြိမ်းသလို ကျမတို့ကားက ထွန်းညှိထားတဲ့ ဖယောင်းတိုင်မီးလည်း မငြိမ်းဘူး။
ဗိဿနိုး မယ်တော်ကြီးရဲ့ တန်ခိုးလို့ ယုံကြည်သက်ဝင်မှုထဲမှာ ဒီအကြောင်းအရာလည်း ပါတယ်တဲ့။မီးရောင်တွေကြောင့် ဗိဿနိုး မယ်တော်ကြီးရဲ့ ရုပ်ထုက ပိုပြီး အသက်ဝင်နေသလိုပဲ။ လူသူဝေးတဲ့ ညအမှောင် ဒီတောင်ထိပ်မှာ ဗိဿနိုး မယ်တော်ကြီးက ကျမတို့ကို ရှေ့ခရီးအန္တရာယ် ကင်းအောင် ဖြတ်သန်းနိုင်ဖို့ စိတ်ခွန်အားတွေ ပေးလိုက်တယ်။
လမ်းကြမ်းတဲ့ တောတောင်ခရီးမှာ မြင်အပ်၊ မမြင်အပ်၊ သက်ရှိသက်မဲ့တွေ၊ တောစောင့်နတ်၊တောင်စောင့်နတ်တွေကို မေတ္တာပို့ပြီး လိုရာ ခရီးအရောက် ပို့ပေးပါလို့ ဆုတောင်းကြတာ ကားသမားတွေတင် မဟုတ်ဘူး၊ ကျမတို့ ခရီးသည်တွေပါ ပါတယ်။ကျမတို့ ကားပေါ်မှာ ခရီးသည်က “စုံ” မဖြစ်ရဘူး။ “မ” ဖြစ်ရမယ်တဲ့။ ဒါကြောင့်ထင်ပါရဲ့၊ ကားစပယ်ယာလေးက ကားထွက်ခါနီးမှာ ခဲလုံးကြီးတလုံး ကောက်ပြီး ကားပေါ်တင်ခဲ့တာ။ ဒီမြင်ကွင်း၊ ဒီအဖြစ်အပျက်၊ဒီလို ခံစားမှုမျိုးကို နှစ်အကြာကြီး ကျမခံစား ဖြတ်သန်းပြီး ထောင်ဝင်စာ တွေ့ခဲ့ရတာပါ။
မဟာမြိုင်တောက တချို့နေရာတွေမှာ ညို့ညို့မှိုင်းမှိုင်း၊ တချို့က ဟာလာဟင်းလင်း၊ တချို့က စိမ်းစိမ်းစိုစို။ မဟာမြိုင် တောတောင်ကို တညလုံး ဖြတ်ပြီးရင်တော့ ချင်းတွင်းမြစ်ကမ်းနဖူး “ကိုင်းရွာ” ကို ရောက်ပါတယ်။မနက် ဝေလီဝေလင်းမှာ မဟာမြိုင် တောင်ပေါ်ကနေ ကြည့်ရင် ချင်းတွင်းမြစ်က ငြိမ်သက်စွာ စီးဆင်းနေတယ်။
“ကိုင်းရွာ” မှာ ခေတ္တခဏ ရပ်နားပြီး ကူးတို့လှေထွက်မယ့် အချိန်ကို စောင့်ရပါတယ်။ ချင်းတွင်းမြစ် ရေစီးသံက မောပန်းလာတဲ့ ကျမတို့ ခရီးသည်တွေကို ဂီတသံစဉ် ဖန်တီးပေးရင်း ချော့သိပ်တယ်။
စားသောက် ဆိုင်လေးတွေမှာ ခရီးသည်တွေ နားနားနေနေ နေဖို့ နေရာကျယ်ကြီး ထားပေးတယ်။ ကိုယ့် ခရီးဆောင် အိတ်လေးတွေကို ခေါင်းအုံးရင်း ဝါး ကြမ်းခင်းမှာ ကျောဆန့်နားကြတယ်။ ဝါးကြမ်းခင်းရဲ့ အေးစိမ့်တဲ့ အထိအတွေ့က ညောင်းညာ ကိုက်ခဲမှုကို ယူပစ်လိုက်သလိုပဲ။
ထောင်ဝင်စာ ခရီးသည် ကျမ သုံးညနဲ့ လေးရက်ကြာတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို တဒင်္ဂ ပြေပျောက်စေတာက ကိုင်း ရွာရဲ့ တဲစခန်းလေးပါပဲ။အဲဒီ ချင်းတွင်းမြစ်ကမ်းနဖူး တဲစခန်းလေးကနေ ခင်ပွန်းနဲ့ သားကို ကျမ တလှည့်စီ လွမ်းနေတုန်းမှာပဲ မြစ်ရေကို ဖြတ်တိုက်လာတဲ့ လေနဲ့အတူ ရလိုက်တဲ့အနံ့ကြောင့် ကျမ အလန့်တကြား ထလိုက်တယ် ………..။
ဒီအနံ့က ကျမရင်ကို တုန်လှုပ်စေတယ် ………။ ဟင်းသိုးနံ့ …………၊ မှိုတက်တဲ့ အနံ့ ………….။
ခင်ပွန်းသည်အတွက် ကျမချက်ပြုတ် ကြော်လှော်လာတဲ့ ထောင်ဝင်စာထုပ်ကို ကြည့်ပြီး ကျမ မျက်ရည် မဆည်နိုင်တော့ဘူး။ ။
< Prev | Next > |
---|