သူတို့ရဲ့ လက်တွေမှာတော့ ၂ ယောက်တတွဲ လက်ထိပ်ကိုယ်စီနဲ့။ သူတို့ရဲ့ပတ်ပတ်လည်မှာတော့ ကာကီရောင် တူညီဝတ်စုံ ၀တ်ဆင်ထားကြပြီး နံပါတ်တုတ် ကိုယ်စီ ကိုင်ဆောင်ထားကြတဲ့ ထောင်ဝန်ထမ်း အယောက် လေးဆယ်လောက်က တင်းမာတဲ့ မျက်နှာထားတွေနဲ့ စောင့်ကြည့်နေကြတယ်။ သူတို့လမ်းလျှောက်နေတဲ့ တခွပ်ခွပ် စစ်ဖိနပ်သံတွေနဲ့ တချက် တချက် ကျီးအာသံကလွဲလို့ ၄ ဆောင်ဟာ အသက်မဲ့နေသလိုပဲ။
ခနအကြာမှာတော့ “ပုံစံ” ဆိုတဲ့ ၀န်ထမ်းတယောက်ရဲ့ အော်သံနဲ့အတူ နိုင်ငံရေးအကျဉ်းသား ၄၂ ယောက် စလုံးရဲ့ ခေါင်းတွေဟာ ပြိုင်တူငုံ့လိုက်ကြတယ်။ “အေးစေ” လို့ ပြန်ပြောပြီး ခေါင်းတွေမော့လိုက်ကြတဲ့အခါ သူတို့ရဲ့ရှေ့မှာ ရပ်နေသူက အမှတ် ၄ အိပ်ဆောင်ရဲ့ တာဝန်ခံအဆောင်မှူး ထောင်မှူးအောင်ကြီး။
ကာကီရောင် ယူနီဖောင်းကို ကော့နေအောင် ၀တ်ထားတဲ့၊ ပုခုံးပေါ်က ငွေရောင်ကြယ်တပွင့်နဲ့ ထောင်မှူး အောင်ကြီးဆီက အသံတခု ဟိန်းကနဲ ထွက်ပေါ် လာခဲ့တယ်။
“မင်းတို့ ထောင်က လုပ်ခိုင်းတဲ့အလုပ်ကို လုပ်မှာလား၊ မလုပ်ဖူးလား” တဲ့။ အားလုံးဟာ တိတ်ဆိတ် ငြိမ်သက်နေတယ်။ အိပ်ဆောင်တွေထဲမှာ သော့ပိတ်ထားတဲ့ တခြား အကျဉ်းသား တွေကလည်း ဘာတွေ ဖြစ်လာဦးမလဲ ဆိုတဲ့ စိတ်နဲ့ ရင်ခုန်တိတ်ဆိတ်စွာ ...။
ခဏအကြာမှာတော့ နိုင်ငံရေး အကျဉ်းသား ၄၂ ယောက်ဆီက ပြန်ဖြေသံ ပြိုင်တူထွက်လာခဲ့တယ်။
“လုံးဝမလုပ်နိုင်ဘူး ...”
အင်းစိန်ထောင်ရဲ့ ထောင်တွင်းအလုပ် ဆန့်ကျင်ရေးတိုက်ပွဲက စခဲ့ပါပြီ။
ခနအကြာမှာ ၀ီစီသံတွေ ထွက်ပေါ်လာခဲ့ပြီး လက်မောင်းမှာ တာဝန်ဆိုတဲ့ လက်ပတ်အနီ တပ်ဆင်ထားတဲ့ ထောင်တွင်း ဒုစရိုက်နှိမ်နင်းရေးလို့ ခေါ်ဝေါ်ကြတဲ့ မိန်းဂျေး အထူးအကျဉ်း ဦးစီးဝန်ထမ်းတွေ ရောက်လာကြ ပါတော့တယ်။ သူတို့ကို ဦးဆောင်လာခဲ့သူက ထောင်တွင်းမှာ နာမည်ဆိုးနဲ့ ကြော်ကြားနေတဲ့ တပ်ကြပ်ဝင်းမြင့်။
သူက စက်တင်ဘာ ထောင်တွင်းဆန္ဒပြမှုမှာ နိုင်ငံရေး အကျဉ်းသားတွေကို လူမဆန်စွာ ရိုက်နှက် ပြခဲ့တာကြောင့် ထောင်အာဏာပိုင် အရာရှိတွေက နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်ကွပ်မှုအတွက် ရှေ့တန်းတင် ထားခံရသူ … (အဲဒီအကြောင်းကို သတ်သတ် တင်ပြပါ့မယ်)
သူတို့ ရောက်လာပြီး ခနအကြာမှာတော့ လက်ထိပ်ကိုယ်စီ အခတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၄၂ ယောက်ဟာ အမှတ် ၄ အိပ်ဆောင်ထဲကနေ ၂ ယောက်တတွဲ တန်းစီပြီး မိန်းဂျေးလို့ခေါ်တဲ့ ဗဟိုရုံးခန်း ရှိရာကို ထွက်ခွာ လာခဲ့ကြတယ်။ မိန်းဂျေး ရောက်တဲ့အခါမှာတော့ သူတို့ရဲ့ ခြေထောက်ကိုယ်စီကို အချိန်အားဖြင့် ၃ ပိဿာ ၅၀ သား ရှိတဲ့ သံဒေါက်ခြေခြင်းတွေ တပ်ဆင်လိုက် ပါတော့တယ်။
၄၂ ယောက်စလုံး ဒေါက်ခြေခြင်း ခတ်ခံရအပြီးမှာတော့ နံပါတ်တုတ် ကိုယ်စီကိုင်ဆောင်ထားတဲ့ အကျဉ်းဦးစီး ၀န်ထမ်းတွေခြံရံပြီး ဒေါက်ခြေခြင်းသံ တချွင်ချွင်နဲ့ မိန်းဂျေးကနေ တန်းစီ လျောက်လှမ်းခဲ့ကြတယ်။ သူတို့ ဦးတည်နေတဲ့ နေရာကတော့ ထောင်ကျ အကျဉ်းသားတိုင်း နာမည်ကြားရုံနဲ့ ဖိန့်ဖိန့်တုန်အောင် ကြောက်ကြတဲ့ စစ်ခွေးပြစ်ဒဏ်တိုက် ဆီကိုပါ။
စစ်ခွေးတိုက်ဆိုတာ ထောင်ကို လှည့်တဲ့ စစ်ခွေးတွေကို ထားတဲ့၊ အိပ်ဆောင်တွေနဲ့ သီးခြား ဝေးတဲ့ နေရာတခုဖြစ်ပြီး အဲဒီဝန်းထဲမှာ တခန်းကို ၈ ပေ ပတ်လည် ကျယ်ဝန်းတဲ့ ၁၀ ခန်းတွဲ တိုက်ခန်း ရှိနေပါတယ်။ စစ်ခွေးတိုက်ကို ၀င်ဝင်ခြင်းမှာပဲ သူတို့ ၄၂ ယောက်ရဲ့ ခေါင်းတွေကို ခေါင်းစွပ်တွေ စွပ်လိုက်တာ ခံလိုက်ကြရပြီး ဘယ်ကမှန်း မသိတဲ့ နံပါတ်တုတ်ချက်တွေက ခေါင်းကလွဲလို့ ခန္ဓာကိုယ် နေရာအနှံ့ကို ကျရောက် လာပါ တော့တယ်။
အဲဒီလိုနဲ့ ရိုက်နှက်ကန်ကျောက် ခံရင်းနဲ့ပဲ သူတို့ဟာ ၈ ပေ ပတ်လည် အခန်းတခန်းကို လူ ၆ ယောက်နှုန်းစီနဲ့ အထည့်ခံလိုက် ရပါတယ်။ အဲဒီနောက်တော့ ထောင်လောကရဲ့ ရာဇ၀တ်သားထဲမှာ နာမည်ဆိုးနဲ့ ကျော်ကြား နေတဲ့ စိုးမြတ်၊ ကျော်သူ၊ စတဲ့ ရာဇ၀တ်သားတွေက စစ်ခွေးတိုက်ရဲ့ ပုံစံထိုင်နည်းကို စတင် ပြသပါတော့တယ်။
ပုံစံထိုင်နည်းကတော့ … အရင်က ပုံစံဆိုရင် အကျဉ်းသားတွေအားလုံးက တင်ပလ္လင်ခွေ ခေါင်းငုံ့ထိုင်ရပေမယ့် စစ်ခွေးတိုက်က အပြစ်ဒဏ်သမားတွေ အားလုံးကတော့ ပုံစံဆိုရင် ရှေ့လက် နှစ်ချောင်းကို ရှေ့ကိုပစ်ပြီး နဖူးနဲ့ ကြမ်းနဲ့တိုက်၊ ဖင်ဘူးထောင်း ထောင်ထားရတဲ့ ပုံစံပါ။ (ဒါကို ထောင်အခေါ် ... ခွေးဝပ် ၀ပ်ခိုင်းတယ်လို့ ခေါ်ပါ တယ်)
အဲဒီနောက်ပိုင်း ပိုဆိုးတဲ့ပုံစံကတော့ စစ်ခွေးတိုက် ပုံစံကြီးလို့ခေါ်တဲ့ လက်နှချောင်းကို ယှက်ပြီး ခေါင်းပေါ်တင် ခြေဖျားထောက်၊ ခါးကိုဆန့်ထားတဲ့အချိန်မှာ ကျောပေါ်ကို နံပါတ်တုတ်ပေါင်း များစွာ ကျလာတော့ တာပါပဲ။
အဲဒီင်္လိုနဲ့ တနေ့ကို ၅ ကြိမ်လောက် တိုက်ခန်းထဲကနေ အပြင်ကို ထုတ်ပြီး အနည်းဆုံး ကျောပေါ်ကို နံပါတ်တုတ် အချက်ပေါင်း ၅၀ ကနေ ၁၀၀ ကြား အရိုက်ခံခဲ့ကြရ ပါတယ်။ တနေကုန် အရိုက်ခံလို့ ပြီးသွားလို့ စိတ်ပန်း၊ လူနာ ဖြစ်နေချိန်မှာ မနက် ၀န်ထမ်းနဲ့ ည၀မ်ထမ်း အချိန်းအပြောင်း သူတို့ ၄၂ ယောက်အတွက် ကံဆိုး လိုက်တာက ညဂျူတီ ၀င်လာတဲ့သူဟာ အင်းစိန်မြို့နယ်ရဲ့ အရန်မီးသတ် တယောက် ဖြစ်သလို နိုင်ငံရေး အကျဉ်းသားတွေကို ရန်သူလို သဘောထားတတ်တဲ့ တပ်သား မျိုးနိုင်ဆိုသူပါပဲ။
သူဝင်လာကတည်းက အရက်ကို မူးအောင်သောက်ထားသလို ၀င်လာတာနဲ့ “ပုံစံ” လို့ အော်လိုက်တဲ့အခါ အားလုံးဟာ ခုနက ရေးပြသလို ခွေးဝပ် ၀ပ်ပေး လိုက်ကြရပါတယ်။ ဒါပေမယ့် မျိုးလွင်ဆိုတဲ့ အကျဉ်းဦးစီး ၀န်ထမ်းကတော့ သူ့ရဲ့ပုံစံအတိုင်း “ပုံစံဆိုရင် ခြေခြင်းသံတွေ ညီရမယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုက်ခန်း အပြင်ဝကနေ ၀ါးဆစ်ပိတ်နဲ့ တိုက်ထဲက တယောက်ဆီကို ရိုက်ပါတော့တယ်။ ဒါဟာ သိပ်အေးလှတဲ့ မြန်မာပြည်ရဲ့ ဆောင်းတွင်း သံမံတလင်းပေါ်မှာ ဘာအခင်း၊ ဘာအခြုံမှ မရှိဘဲ အိပ်နေရတဲ့ သံဒေါက် ခြေခြင်းခတ် ခံထားရတဲ့ သူတွေရဲ့ ခံစားချက်ကို နားလည်ကြည့် စေချင်လို့ပါ။ အဲဒီလိုနဲ့ နေ့ငရဲ၊ ညငရဲ ပေါင်းများစွာကို ရက်ပေါင်း ၃၀ ကျော် ဖြတ်သန်းအပြီးမှာတော့ အဲဒီ နိုင်ငံရေးအကျဉ်းသား ၄၂ ယောက် တောင်းဆိုခဲ့တဲ့ “အလုပ်မလုပ်နိုင်ဘူး” ဆိုတဲ့အဖြေထက် သာလွန်တဲ့ အဖြေတခုကို အင်းစိန်ထောင် အာဏာပိုင်တွေဘက်က ပြန်လည် ပေးဆပ်ခဲ့ရ ပါတော့တယ်။
ဒါကတော့ ကိုယ့်တောင်ယာ ကိုယ်လုပ်၊ ကိုယ်လုပ်တာ ကိုယ်စားခွင့် အဖြစ် ကိုယ်ပိုင် ၅ ည တောင်ယာ စိုက်ခင်းတွေကို လုပ်ကိုင်ခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။
(၁၉၉၀ ပြည့်နှစ် စစ်ခွေးတိုက် လေဘာတိုက်ပွဲ အမှတ်တရ)
< Prev | Next > |
---|