အင်းစိန်ထောင် အစာငတ်ခံ ဆန္ဒပြပွဲ နှင့် Black September

ယခုရက်ပိုင်းတွင် ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံ ဆန္ဒပြခြင်း သတင်းများ ကြားရသော အခါ တချိန်က အစာငတ်ခံ ဆန္ဒပြခဲ့စဉ်က အတွေ့အကြုံများကို ပြန်လည် မြင်ယောင် ခံစားမိရင်း ဆန္ဒပြသူများအတွက် လွန်စွာ စိုးရိမ်ပူပန်မိပါသည်။

သက်ရှိသတ္တ၀ါတိုင်း၏ အသက်သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ ပေါ်တွင် တည်မှီသည်။ ထိုအထဲတွင် အာဟာရသည် လူသားတိုင်း၊ သက်ရှိသတ္တ၀ါတိုင်း အသက် ရှင်သန်စေသည့် အဓိက အကြောင်းပင် ဖြစ်သည်။ မြန်မာစကားပုံ တခုတွင် ထမင်းအသက် ၇ ရက်၊ ရေ အသက် ၁ မနက်ဟု ဆိုထားသည်။

Insein-prisonကျွန်ုပ်တို့ဘ၀တွင် အစာအာဟာရသည် အရေးကြီးသည့် အသက် ရှင်သန်ရာဖြစ်သည်။ သို့သော် အသက်သေဆုံး ရမည်ကို မကြောက်ဘဲ မိမိ၏ ယုံကြည်ချက်နှင့် ဆုံးရှုံးနစ်နာနေသည့် တောင်းဆိုချက် တစုံတရာကို အစာငတ်ခံ၍ မိမိဆန္ဒကို ထုတ်ပေါ်ပြသခြင်းသည် ဘ၀တွင် အမြင့်မားဆုံး စွန့်လွှတ်ခြင်းဖြစ်သည်။

အာဏာရှင်လက်အောက် မြန်မာနိုင်ငံ စစ်အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသားများက  မကြာခဏ ဆိုသလို အစာငတ်ခံ ဆန္ဒပြလေ့ ရှိသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ် အသတ် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကို န-၀-တ စစ်အစိုးရက အာဏာမအပ်သဖြင့် အာဏာလွှဲပေးရေး၊ မတရား အကျဉ်းချခံထားရသူများအား ခြွင်းချက်မရှိ လွှတ်ပေးရေး၊ အကျဉ်းသား အခွင့်အရေးများအတွက် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများနှင့် အခြား သေဒဏ်ကျ အကျဉ်းသားများ စုစုပေါင်း ၂၀၀ ခန့်က အစာငတ်ခံ ဆန္ဒပြကြသည်။

ထိုဖြစ်ရပ်သည် ဂန္ဓီကြေညာချက်၏ အကျိုးဆက်ဟု ပြောလျှင် ရမည် ထင်ပါသည်။  အနိုင်ရပါတီ NLD မှ လွှတ်တော် ကိုယ်စားလှယ်များ အပါအ၀င် တခြား နိုင်ငံရေးပါတီ များမှ လွှတ်တော် ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ဂန္ဓီခန်းမတွင် စုဝေးပြီး ၁၉၉၀ စက်တင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားကာ စစ်အစိုးရ၏ ကတိ အတိုင်း လွှတ်တော် ခေါ်ပေးရမည်ဟု တောင်းဆို ကြေညာခဲ့သည်။

ကြေညာချက်ထုတ် တောင်းဆိုစာများလည်း ထောင်တွင်းရှိ ကျနော်တို့ လက်ဝယ်ရောက်ရှိနေကြပြီး နိုင်ငံရေး အကျဉ်းသားများ အပါအ၀င် အခြား ကြိုးသမားများ(သေဒဏ်ကျ အကျဉ်းသားများ)ကလည်း စစ်အစိုးရ၏ မရိုးသားမှု၊ ကတိ မတည်မှု အပေါ် မကျေမနပ် ဖြစ်နေကြချိန်လည်း ဖြစ်သည်။

အင်းစိန်ထောင် အဆောင် ၃၊ ၄၊ ၅ တို့ရှိ အခြေခံပညာ ကျောင်းသား သမဂ္ဂ (အ-က-သ) အဖွဲ့ဝင်များ အပါအ၀င်  နိုင်ငံရေး အကျဉ်းသားများက အဆိုပါ အစာငတ်ခံ ဆန္ဒပြမှုကို စတင်ခဲ့ရာ ထိုသတင်းသည် အင်းစိန်ထောင် အမျိုးသမီးဆောင်သို့လည်း ပျံ့နှံ့ ရောက်ရှိသွားသည်။

အ-က-သ ကျောင်းသားငယ်များ၏ အစာငတ်ခံ ဆန္ဒပြခြင်းသည် Black September ဟု နာမည်ကြီးသော အင်းစိန်ထောင်တွင်း ကြီးမားသည့် ထောင်တွင်း တိုက်ပွဲကို ဆက်လက် ဖြစ်ပေါ်စေခဲ့သည်။

အဆိုပါသတင်းကို ကြိုးတိုက်မှ နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် ကျန် သေဒဏ်ကျ အကျဉ်းသားများက စိုးစင်းမျှ မသိခဲ့ကြပေ။ အင်းစိန်ထောင် ထောင်ပိုင်အဆင့် ၂ ဗိုလ်မှူးအုန်းဖေ၊ ထောင်ပိုင်အဆင့် ၁ ဦးဘိုကြည် (အထူးထောင်ပိုင်) ၊ ထောင်ပိုင်လေး ဦးလှကြည်၊ ဦးဇော်အုံး စသည်တို့နှင့် အင်းစိန်ထောင်တွင်း တာဝန်ကျ စစ်ထောက်လှမ်းရေးများက သတင်း မကူးစက်စေရန် တိုက်ဝန်းသို့ အ၀င်အထွက် တင်းကျပ်ထားသည်။

သေဒဏ်ကျ ကြိုးသမားများ ၁၀ ယောက်တတွဲစီ ရေချိုးဆင်းချိန်၌ အမျိုးသမီးဆောင်ဘက်မှ အုတ်ရိုးကို ကျော်ပစ်လိုက်သော အထုပ်တထုပ်ကို ကြိုးသမားတယောက်က ကောက်ရလိုက်သည်။

အ-က-သများက တိုက်ပွဲဝင် အစာငတ်ခံ ဆန္ဒပြနေကြကြောင်း ပလတ်စတစ်ပေါ် ရေးထားသော စာတစောင်နှင့် သနပ်ခါးတခဲ အထုပ်ထဲတွင် ပါလာသည်။ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားများက ပေးပို့လိုက်ခြင်း ဖြစ်သည်။

စာကြောင့်  တိုက်ဝန်းအတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ ပူးပေါင်း ပါဝင်ရေး၊ ကြိုးတိုက်ရှိ အကျဉ်းသားများ အလှည့်ကျ အစာငတ်ခံဆန္ဒပြ ကြရေး အတွက် တိုင်ပင်ကြသည်။

“ထောင်တွင်းတိုက်ပွဲ ဖော်တဲ့အခါ အထူးသဖြင့် အစာငတ်ခံဆန္ဒပြမယ် ဆိုရင် သေချာ စဉ်းစားကြပါ၊ ဖြစ်နိုင်ရင် နိုင်ငံ ရေး တောင်းဆိုမှု မလုပ်နဲ့၊ အကျဉ်းသားရပိုင်ခွင့်ပဲ တောင်းကြတာ ပိုကောင်းတယ်။ ဒီလိုမဟုတ်ရင် မင်းတို့အကုန် သေသွားတာပဲ အဖတ်တင်မယ်” ဟု အမှတ် ၁ တိုက်မှ ၀ါရင့် နိုင်ငံရေး အကျဉ်းသားကြီး ဦးမန်းဒါဝိတ်က ကျနော်တို့ကို အကြံပေးသည်။

အစာငတ်ခံဆ န္ဒပြပွဲများကို ထောင်အာဏာပိုင်များက ကြမ်းတမ်း ရက်စက်စွာ ဖြေရှင်းတတ်ကြောင်း လေ့လာ သိရှိထားသဖြင့် ဖြိုခွင်းခံရမှုခြင်း အတူတူ နိုင်ငံရေး တောင်းဆိုမှုများ ပြုလုပ်ရန် ကျနော်တို့ နိုင်ငံရေး အကျဉ်းသား ၅ ဦး ဆုံးဖြတ်လိုက်ကြသည်။

“ဒါက မင်းတို့ဆုံးဖြတ်ချက်နဲ့ မင်းတို့ပဲ။ ဒါပေမယ့် အစာငတ်ခံ ဆန္ဒမပြခင် ကြိုတင် ပြင်ဆင်ရမှာတွေကို မင်းတို့ လုပ်ဆောင်ရမယ်။ ဒီလိုမှ မဟုတ်ရင် မင်းတို့ ၄ ရက်မကျော်ဘူး” ဟု ဦးမန်းဒါဝိတ်က အကြံပေးခဲ့သည်။

ထို့ကြောင့် အစာငတ်ခံ ဆန္ဒပြရာတွင် တယောက်ကျ၊ တယောက်တက်စနစ် သုံးရေး တိုင်ပင်ကြသည်။

ပထမအဆင့် အလှည့်ကျ အစာငတ်ခံ ဆန္ဒပြကြမည့်သူများသည် နိုင်ငံရေး ယုံကြည်ချက်ဖြင့် စစ်အစိုးရက သေဒဏ် ချမှတ်ခံထားရသူများ ဖြစ်သည်။ မနက်ဖြန်ဆိုသည့် အနာဂတ် ပျောက်ဆုံးနေသူများ ဖြစ်သောကြောင့် အာဇာနည် အဖြစ် သေဆုံးသွားချင်ကြသည်။

ဦးမန်းဒါဝိတ်၏ အကြံပြုချက်ကို ယုံကြည် လေးစားစွာဖြင့် ပြင်ဆင်ခဲ့ကြသည်။

ဦးစွာပထမ ၀မ်းနုတ်ဆေးများ စားကြပြီး ၀မ်းစင်စင်သွားသည် အထိ ရေကိုသာ သောက်သုံးနေရသည်။ နောက်တနေ့ နံနက်တွင် ထောပတ် မရှိသည့်အတွက် စားအုန်းဆီကို ဆားအနည်းငယ် ခပ်၍ လက်ဖက်ရည် ဖန်ခွက်ငယ် တလုံး နီးပါးကို ရေသောက်သကဲ့သို့ မြိုချခဲ့ပြီး ကျနော် အပါအ၀င် သေဒဏ်ကျ အကျဉ်းသား သုံးဦးသည် အစာငတ်ခံ ဆန္ဒပြရန် အဆင်သင့် ဖြစ်ခဲ့ကြသည်။

သို့နှင့် ကြိုးတိုက်သို့ လာရောက် ဝေငှသော နေ့လယ်စာ ထမင်း၊ ပဲဟင်း၊ ငါးပိ တို့ကို လက်မခံလိုကြောင်း၊ အကြောင်းမှာ အဆောင် ၃၊ ၄၊ ၅ မှ အစာငတ်ခံ ဆန္ဒပြသူများနည်းတူ အစာငတ်ခံခြင်း ဖြစ်ကြောင်း တိုက်ထောင်မှူး ဦးမင်းသူရွှေအုံး ကို ခေါ်ယူ အကြောင်းကြားခဲ့သည်။ 

မေလ ၂၄ ရက်နေ့ နံနက် ကျနော်တို့၏ အစာငတ်ခံ ဆန္ဒပြခြင်း တရက်ပြည့်သွားသည် အထိ မည်သည့် ထောင်အာဏာပိုင်ကမှ ကျနော်တို့ ၃ ဦးကို မေးမြန်းခြင်း မရှိဘဲ ထောင်ပုံစံ ထမင်းဟင်းများကို လာဝေပေးနေမြဲ ဖြစ်သည်။ ကျနော်တို့လည်း ဆက်လက် ငြင်းပယ်ဆဲဖြစ်သည်။ အစာငတ်ခံ ဆန္ဒပြခြင်းကို အလှည့်ကျ ၀င်ရောက်ရန် အတွက်လည်း ကျန်သူများအားလုံးက ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် အဆင်သင့် ဖြစ်နေကြသည်။

ထိုညပိုင်းတွင် ကြိုးတိုက်တွင်းရှိ ကျန် နိုင်ငံရေး အကျဉ်းသားများနှင့် ကြိုးသမားများက မကျေနပ်ကြတော့ဘဲ ကမ္ဘာမကျေဘူး သီချင်းအပါအ၀င် နိုင်ငံရေး နိုးကြားတက်ကြွ သီချင်းများကို ထိုည တညလုံး သံပြိုင် သီဆိုခဲ့ကြသည်။

ည ၉ နာရီ တွင် အိပ်ချိန်သံချောင်း ခေါက်ပြီး အိပ်ချိန် ပေးခဲ့သော်လည်း ထောင်ဥပဒေ စည်းကမ်းကိုဆန့်ကျင်ပြီး နိုင်ငံရေးသီချင်းများက ကြိုးတိုက်တွင်းမှ ကျယ်လောင်စွာ ပျံ့နှံ့နေဆဲဖြစ်သည်။Inside_Insein

သန်းခေါင်ကျော် နံနက် ၂ နာရီထိုးသည်အထိ ကြိုးတိုက်တွင်းမှ ဗိုလ်မှူးဟောင်း စာရေးဆရာ မောင်သော်က (NLD)  လူ့ဘောင်သစ် ပါတီဥက္ကဋ္ဌ ကိုအောင်ဇေယျ၊ ဒေါက်တာတင်မျိုးဝင်း (ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်)၊ ပြည်သူ့ရဲဘော် ဗိုလ်အောင်နိုင်၊ စာရေးဆရာ ဒါရိုက်တာ ဦးမိုးသူ(NLD) စသည့် ပုဂ္ဂိုလ်များနှင့် ၂ တို ဟုလည်း ခေါ်သည့် ကြိုးတိုက်အတိုရှိ လူ့ဘောင်သစ်ပါတီမှ ကိုမိုးဟိန်း၊ ကိုသန်းဇော်(NLD) စသည်တို့သည်လည်း အလှည့်ကျ နိုင်ငံရေးမိန့်ခွန်းများ ဟောပြောကြသည်။

မေလ ၂၅ ရက်နေ့ နံနက် ထောင်ဖွင့်ချိန် ရောက်သည့်အခါ ကြိုးတိုက်တံခါးများကို လာရောက် ဖွင့်ပေးခြင်း မရှိတော့ပေ။ နံနက်တိုင်း လုပ်နေကျ ဆီးခွက်၊ မိလ္လာခွက်များ ချရန်အတွက် အခက်အခဲ ဖြစ်နေကြသည်။

အခန်းတွင်း ဆီး၊ မစင်(မိလ္လာ) ခွက်များ ပြည့်လျှံနေသည့်အတွက် အခက်အခဲများ ပိုဖြစ်လာပြီး ကြိုးတိုက်ရှိ အကျဉ်းသား အားလုံး မကျေမနပ်ဖြစ်လာကြသည်။ ထိုစဉ်တွင် နံနက်စာကို ကြိုးတိုက်အတွင်းသို့  ယခင်ထက် စောစွာ လာရောက်ဝေငှသောအခါ တတိုက်လုံးက လုံးဝ လက်မခံကြောင်း ပြောဆို ပြန်လွှတ်ခဲ့ကြသည်။ ထိုစဉ်က ကြိုးတိုက်တွင် နိုင်ငံရေးအကျဉ်းသားများအပါအ၀င် အကျဉ်းသား ၁၃၀ ခန့်ရှိသည်။

ငြိမ်းချမ်းစွာ အစာငတ်ခံ ဆန္ဒပြရေးအတွက် ဆူပူအော်ဟစ်မှုများ ကို ရှောင်ကျဉ်ကြရန် ကျနော်တို့ နိုင်ငံရေး အကျဉ်းသားများက ဟောပြောခဲ့ကြသည်။

“ငါတို့ အစာငတ်ခံ ဆန္ဒပြရင် သူတို့က ရေပါ ဖြတ်လာမယ်၊ သူတို့ ဖြတ်တာကို ငါတော့ လက်မခံဘူး၊ ဒီတော့ ငါ့ ရေအိုး ငါရိုက်ခွဲမယ်”ဟု အရိုးကျည်းပေါင်းတက် ရောဂါ ခံစားနေရပြီး လမ်းလျှောက်ရ ခက်ခဲနေသည့် ဦးသော်က က အများ ကြားအောင် ပြောဆိုလိုက်သည်။

(ဦးသော်ကသည်  ဆန္ဒပြပွဲပြီး များမကြာမီ ကြိုးတိုက် အခန်းနံပါတ် ၂၇ တွင်လဲကျ သေဆုံးသွားသည်။ သို့သော်လည်း အာဏာပိုင်တို့က သူ့ကို ရန်ကုန်ဆေးရုံကြီးသို့ ထုတ်သွားကာ ဆေးရုံကြီးတွင် သေဆုံးသည်ဟု သတင်း လွှင့်ခဲ့သည်။)

ကြိုးတိုက်တွင်းရှိ အကျဉ်းသားအများစုကလည်း မိမိတို့၏ အခန်းရှေ့မှ သောက်ရေအိုးများကို ဦးသော်က နည်းတူ ခွဲခဲ့ကြသည်။

ထိုအချိန်တွင် ကြိုးတိုက်၏ နောက်ကျောဘက်တွင် နံပါတ်တုတ်များ၊ လေးခွများ၊ ဂမ်းပိုက်(မီးသတ်ပိုက်တို) စသည်တို့ ကိုင်ဆောင်ထားသော ထောင်ဝန်ထမ်းများ၊ စစ်ခွေးများထံမှ အင်အားပြ ခြိမ်းခြောက်သံများ ထွက်ပေါ်လာသည်။

ထောင်အာဏာပိုင်များက မည်သို့မျှ အကြောင်းမပြန်ပေ။ ဖြိုခွဲမည့် လက္ခဏာများ မြင်တွေ့နေသည့် အတွက် အကျဉ်းသားတချို့က သည်းမခံနိုင်တော့ဘဲ ပုံစံပန်းကန်များကို တံခါးသံတိုင်တွင် ရိုက်ခတ်ကာ “အာဏာရှင်ကို တောခြောက် မောင်းထုတ်ကြ” ဟု အော်ဟစ်ကြသည်။

မူလ စီစဉ်ထားခဲ့သော ငြိမ်းချမ်းတိတ်ဆိတ်စွာ အစာငတ်ခံ ဆန္ဒပြခြင်းအစား အော်ဟစ်ပြီး အစာငတ်ခံ ဆန္ဒပြသည့် အခြေ အနေ တခုဆီသို့ တွန်းပို့ခြင်း ခံလိုက်ကြရသည်။ တိုက် ၀န်းအတွင်းရှိ အခြားတိုက်များကလည်း ထောက်ခံသံများဖြင့် ပူးပေါင်းခဲ့ကြသည်။

သို့နှင့် လူစာရင်း ပုံမှန် စစ်ခြင်းကို ထောင်ဝန်ထမ်းများက ၀င်ရောက် လုပ်ကိုင်ခြင်း မရှိတော့ဘဲ ကြိုးတိုက် ထိပ်နှစ်ဘက် သံတံခါးများကို ပိတ်ထားကြသည်။ ထောင်ပိတ် သံချောင်းခေါက်ခြင်းလည်း မပြုတော့ပေ။

ကြိုးတိုက် နောက်ဘက်တွင် ဆက်သွယ်ရေးစက်များ လာရောက်ထားသည်ကို တိုက်ခန်း ပြူတင်းပေါက်မှ တဆင့် တွေ့ကြရသည်။

ထို့နောက် တိုက်ဝန်းများမှ အော်ဟစ်တောင်းဆိုသံများ ဖုံးလွှမ်းသွားစေရေး၊ ရိုက်နှက် ညှဉ်းပန်းသံများ ပြင်ပမှ မကြားစေရေးတို့အတွက် ဟင်္သာတထွန်းရင်၏ “စာဥ”သီချင်းကို အင်းစိန်ထောင် ပင်မဘူးကြီးနှင့် ဘူးများ(ထောင် အုတ် ရိုး ပေါ်ရှိ လက်နက်ကိုင်အစောင့် များနှင့်ကင်းတဲများ) ပေါ်ရှိ အသံချဲ့စက်များဖြင့် ကျယ်လောင်စွာ ဖွင့်လေသည်။

အင်းစိန်ထောင် အထူးထောင်ပိုင် ဦးဘိုကြည်၊  ဒု- ညွှန်ချုပ် ဦးအုန်းဟန် အပါ အ၀င် စစ်ထောက်လှမ်းရေးတချို့က လမ်းလျှောက် စကားပြောစက်များ ကိုင်ဆောင်ကာ ကြိုးတိုက်ရှိ အခန်း တခုချင်းစီသို့ ချဉ်းကပ်လာသည်။ စစ်ဝတ်စုံ ၀တ်၂ ဦးနှင့် အရပ်ဝတ် စစ်ထောက်လှမ်းရေးများလည်း ပါဝင်သည်။ “မင်းတို့ တောင်းဆိုချင်တာပြောလေကွာ”ဟု ဆို သည်။

ခါးတွင် သေနတ်ချိတ်ထားသူ ဒုညွှန်ချုပ် ဦးအုန်းဟန်ကမူ ၁ တိုက်ရှိ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ကိုမင်းဇေယျာ အခန်းရှေ့ရပ်ပြီး ဘောင်းဘီဇစ်ကို ဆွဲချွတ်ကာ “မင်းတို့ လိုချင်တဲ့ ဒီမိုကရေစီတော့ မရဘူး၊ ဒါပဲရမယ်”ဟု ပြောခဲ့သည်။ ကြိုးတိုက်အခန်း တချို့ရှေ့တွင်လည်း အလားတူ ပြုမူခဲ့သည်။

မကြာခင်တွင် အင်းစိန်ထောင် ၀န်ထမ်းဦးရေ ၁၅၀ ခန့်၊  အကစ ရုံးချုပ်နှင့် သင်တန်းကျောင်းတွင် ရောက်နေသူ ၀န်ထမ်း များ စုစုပေါင်း ၃၀၀ ၀န်းကျင်တို့က ကြိုးတိုက်တွင်းသို့ ၀င်လာသည်။ လက်ကိုင်တုတ်များ၊ လေးခွများ၊  ခေါင်းစွပ်များ ကိုင်ထားကြသည်။

ကျနော်တို့ တယောက်ချင်းစီကို ခေါင်းစွပ်စွပ်ကာ လက်ထိပ် ခတ်ပြီး အခန်းတွင်းမှ စတင် ထုတ်သွားကြသည်။

အခန်းမှ စတင်ထုတ်ထုတ်ချင်း ထိုးကြိတ် ရိုက်နှက်မှုများ စတင်လေသည်။ မိုင်ဝက်နီးပါးရှိ မြေလမ်းအတိုင်း ထောင်ဘူးဝ နားရှိ အချုပ်ရုံး ရှိရာသို့ အတင်း ဆွဲခေါ်သွားကြသည်။ ထိုနေရာတွင် တဦးချင်းစီကို ထောက်ခြေကျင်းများ ခတ်လိုက်သည်။ ခေါင်းစွပ်ကို ဖြုတ်ပေးခြင်း မရှိပေ။  မိန်းဂျေးလ် အ၀ိုင်း ပတ်လည်တွင် မြေနီ ဂ၀ံခဲများပေါ် ၀မ်းလျားမှောက်ခိုင်းကာ လူအုပ်စုနှင့် အဆက်မပြတ် ရိုက်နှက်ကြသည်။

နောက်ပိုင်း ရိုက်ချက်များ နာကျင်မှု မဖြစ်တော့ဘဲ ထုံသွားသကဲ့သို့ ခံစားခဲ့ရသည်။ ထို့အပြင် ကျနော်တို့၏ အမည် နာမရှေ့တွင် “မ” တပ် ခေါ်ပြီး “ရှင်”ဟု ထူးခိုင်းသည်။ “မ xxxxx! ” ဟု ထောင်ဝန်ထမ်းက ခေါ်လျှင် “ရှိ”ဟု ဖြေရမည့် အစား မြန်မာအမျိုးသမီးများ ဖြေသကဲ့သို့ “ရှင်”ဟု ရိုက်နှက် ခေါ်ဆိုခိုင်းခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကလည်း ယောက်ျားမာနကို ချိုးနှိမ်လို၍ လုပ်ဆောင်နေသည့် ထောင် ၀န်ထမ်းများ၏ လုပ်ရပ်ကို အံတုကာ “ရှိ” ဟုပင် ထူးကြသည်။ ထို့ကြောင့် ဆက်လက် ရိုက်မြဲ ရိုက်နေခဲ့ကြသည်။

ဝိုင်းရိုက်နှက်နေစဉ် ထိုစဉ်က အင်းစိန်ထောင်ဆေးရုံအုပ်ကြီး ဒေါက်တာဦးစိုးကြည်က အကျဉ်းသားများ၏ ရင်ဘတ်ကို နားကြပ်ဖြင့် စမ်းပြီး “ မသေနိုင်သေးဘူး၊ ရိုက်လို့ရသေးတယ်”ဟု ပြောလေသည်။

ကျနော့်အနေဖြင့် မည်သို့မျှ ဆက်လက်ရပ်တည်နိုင်မှု မရှိသည့်နောက် ဉာဏ်ကူရန်အတွက် ချွေးဇောပျံအောင် စဉ်းစားပြီး နောက်ဆုံး အဖြေတခု ထွက်လာသည်။

“မ -------- ” ဟု ထောင်ဝန်ထမ်းက ရိုက်နှက် ထိုးကြိတ် ကန်ကျောက်ရင်း ခေါ်လိုက်သောအခါ မြန်မာအသံ “ရှိ” နှင့် “ရှင်”အကြား “ရှိန့်”ဟု ထူးလိုက်သောအခါ ကျောပြင်နှင့် ဦးခေါင်း အပါအ၀င် တကိုယ်လုံးပေါ်ကျနေသော ရိုက်ချက်များ ရပ်တန့်သွားခဲ့သည်။

ထို့နောက် အစာငတ်ခံ ဆန္ဒပြသူများ ၄၀၀ ခန့်ကို ပြင်းထန်စွာ ရိုက်နှက်ရင်း တချို့ကို စစ်ခွေးတိုက်သို့ ပို့လိုက်ကြသည်။ တချို့ကို တိုက်ဝန်းအတွင်းရှိ ကြိုးတိုက်နှင့် အခြားတိုက်များတွင် လူစုခွဲကာ ဆက်လက် ရိုက်နှက်ကြသည်။ ကျနော့်ကိုတော့ ကြိုးတိုက်အတိုရှိ အခန်းတခုသို့ ပြန်ခေါ်သွားသည်။

နောက်တနေ့ နံနက် စောစောတွင် ကျနော် အပါအ၀င် ကြိုးသမား ၂၀ တို့ကို ခေါင်းစွပ် စွပ်ပေးပြီး ရိုက်နှက်ကာ စစ်ခွေးတိုက်ရှိရာသို့ မိကျောင်းများတွား သွားရသည့်ပုံစံအတိုင်း စစ်ခွေးတိုက် ၁၀ ခန်းတွဲရှိ အခန်းနံပါတ် ၁၀ ရှိရာသို့ အရောက် သွားခိုင်းလေသည်။

စစ်ခွေးတိုက် တာဝန်ကျ တပ်ကြပ်ကြီး ဦးကံထွန်း ခေါ် ဗိုလ်ကံက “စစ်ခွေးတိုက် ၀င်ကြေး” ဟု အော်လိုက်သည်။ စစ်ခွေးတိုက်ဝန်းအတွင်း ဂ၀ံလမ်း တလျှောက် ၂ လက်မ အချင်းရှိ တုတ်ရှည် ဖြင့် တလမ်းလုံး ဆက်လက် ၀ိုင်းရိုက်ကြသည်။

စစ်ခွေးတိုက်ဟူသည်မှာ အကျဉ်းခန်း ၁၀ ခန်းရှိ တိုက် ဖြစ်ပြီး ည ကင်းပတ် စစ်ခွေးများကို ထိန်းကျောင်း သင်ကြားပေးသည့် နေရာ ဖြစ်သည်။ ခွေးသံများဖြင့် ဆူညံနေသည်။ စစ်ခွေးတိုက်တွင်း ရိုက်နှက် ညှဉ်းပန်းသံများကို ထောင်တွင်း မည်သည့်နေရာကမျှ မကြားနိုင်ပေ။

အခန်းတွင်းသို့ ရောက်သောအခါ စစ်ခွေးတိုက်ပုံစံ ထိုင်နည်းကို ရိုက်နှက်သင်ပေးသေးသည်။ စစ်ခွေးတိုက်၏ ပုံစံ ထိုင်နည်းမှာ တင်ပျဉ်ခွေကာ မျက်နှာ၊ ရင်ဘတ်ကို ကြမ်းပြင်နှင့် ကပ်နေစေပြီး လက်နှစ်ဘက်ကို ရှေ့သို့ ဆန့်ထုတ် ထားရသည်။

အခန်းတွင်း နံရံများတွင် သွေးနှင့်ရေးထားသော စာများကို ဖတ်ရင်း မကြာသေးခင် နာရီပိုင်းက အခန်းတွင်း နေထိုင် သွားသူမှာ ကျနော့်အမှုတွဲ မြင့်ဆွေ ဖြစ်မှန်း သိလိုက်ရသည်။ (ကိုမြင့်ဆွေသည် ၁၉၉၆ ခုနှစ်က သရက်ထောင်တွင် ထောင်အာဏာပိုင်များ၏ လှုံ့ဆော်မှုကြောင့် စိတ်ရောဂါသည် အချုပ်သားက တံပိုးဖြင့်ရိုက်သဖြင့် ကွယ်လွန်ခဲ့သည်) “ငါတို့တော်လှန်ရေး မပြီးသေးဘူး”ဟု သူ့ သွေးဖြင့် နံရံတွင် ရေးထားခဲ့သည်။

အားရအောင် ရိုက်နှက်ပြီးနောက် တာလပေါဟင်းရည်၊ ထမင်းပန်းကန်များ ကို သံတံခါးအောက်မှ ထိုးသွင်းလာပြီး “စား”ဟု ပြောသွားသည်။

ကျနော်က “မစားဘူး”ဟု ပြောလိုက်ပြီး ပုံစံထမင်းပန်ကန်ကို ပြန်ထုတ်ပေးလိုက်သည်။ သို့နှင့် တခါ ထုတ်ရိုက်ပြန်သည်။

အစာ မစားရသည်မှာ ၃ ရက်အတွင်း ရောက်လာခဲ့ပြီ။ တကိုယ်လုံး ဒဏ်ရာများနှင့်။ မှောက်အိပ်လို့လည်း မရ။ ပက်လက်အိပ်လို့လည်း မရ။ စောင်းအိပ်လို့လည်း မရ။ ထိုင်လို့လည်း မရ။ ခန္ဓာကိုယ်တွင်းကလည်း တဖျစ်ဖျစ် မြည် သကဲ့သို့ စတင် ခံစားရသည်။

ဒဏ်ရာနာကျင်မှုများနှင့် ဆာလောင်မွတ်သိပ်မှုများ လုံးထွေး ခံစားရင်း တရက်ချင်း ကျော်ဖြတ်ကာ သေခြင်းအတွက် အဆင်သင့်ဖြစ်စေရန် သတိပဌာန်တရားဖြင့် ကြိုးစားရင်း နေခဲ့သည်။

အခန်းဖော်က အစာစားရန် အကြိမ်ကြိမ် နားချ တိုက်တွန်းခဲ့သည်။ ဗိုလ်ကံ (စစ်ခွေးတိုက် တာဝန်ခံ တပ်ကြပ်ကြီး) က ကျနော့်ကို အစာမစားသည့်အတွက် နံနက်တိုင်း စစ်ခွေးပုံစံထိုင်ခိုင်းကာ သစ်သားတုတ်ဖြင့် ရိုက်လေ့ရှိသည်။ သို့သော် ၅ ရက်မြောက်နေ့ နံနက် အိပ်ရာထချိန်မှ စတင်ပြီး လန်းဆန်းလာသကဲ့သို့ ခံစားလာရသည်။

ထိုနေ့တွင် ထောင်အာဏာပိုင်များက ရေအိုးတွင်းရှိ ရေကို ၂ ယောက်အတွက် ၁၅၀၀ စီစီ ခန့်သာ တရက်စာ ထားခဲ့ပြီး ကျန်သည့် ရေကို သွန်ပစ်လိုက်သည်။ အခန်းဖော် စိန်ဝင်း (၁၉၈၈ ခုနှစ် အရေးတော်ပုံ ကာလ အတွင်း မြောက်ဥက္ကလာပ မြို့နယ်တွင် ရဲသတ်မှုဖြင့် သေဒဏ် ကျခံနေရသူ)က ထမင်းစားသည့်သူ ဖြစ်သည့် အတွက် ရေအများစုက ကျနော့်အတွက် ဖြစ်သွားသည်။

ထိုနေ့မှ စပြီး ရေသောက်ခြင်းမှာ အကန့်အသတ် ရှိလာသည်။ စစ်ခွေးတိုက် အခန်းကျဉ်းအတွင်း လမ်း လျှောက်ရာတွင်လည်း အနည်းငယ် မောစ ပြုလာခဲ့သည်။ ၁၀ ရက် ကျော်လာသောအခါ မျက်လုံးများေ၀၀ါးလာသည်။ ၁၅ ရက်မြောက်နေ့တွင် ခန္ဓာကိုယ်တခုလုံး ပျော့အိလာကဲ့သို့ ခံစားလာရပြီး ကိုယ်ကိုထိန်းမတ်ရန် အခက်အခဲဖြစ်လာသည်။

မှတ်မိသည်မှာ ၁၁ ရက်ကျော်လာပြီးနောက်ပိုင်း ကျနော့်ကို လာမရိုက်တော့ပါ။ နားချစည်းရုံးမှု အကြိမ်ကြိမ်ကို စစ်ခွေးတိုက်ထဲရှိ ဘ၀တူ သေဒဏ်ကျအကျဉ်းသားများမှတဆင့် ဆက်လုပ်ခဲ့သည်။ ထောင်ဆရာဝန် ဒေါက်တာထွန်းထွန်းကလည်း နောက်ပိုင်းရက်များတွင် မကြာခဏ လာကြည့်ခဲ့ပြီး အစာစားရန် ဖျောင်းဖျ တိုက်တွန်းခဲ့သည်။

၁၇ ရက်မြောက်သည့်နေ့အထိ အသိ ရှိနေသော်လည်း ခန္ဓာကိုယ်မှာ သယ်ယူရန် ခက်ခဲလာသည်။ သေခြင်းအတွက် ဗုဒ္ဓအဆုံးအမအတိုင်း သတိဖြင့် သေရန်၊ လူပီသစွာ သေရန် ကြိုးစားရင်း အသက်ရှင်စိတ်ကို လုံးဝ မစွန့်လွှတ်ခဲ့ပေ။

သတိရလိုက်စဉ်မှာ အစာငတ်ခံဆန္ဒပြသည့် ၁၈ ရက်မြောက်နေ့ (နောက်ပိုင်းမှ ပြန်လည်ရေတွက်၍ သိရခြင်းဖြစ်သည်) တွင် ကျနော့် တကိုယ်လုံး ပေါ့ပါး လန်းဆန်းနေသည်။ လေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားနေရသည်။ အာကာသတွင်း ရောက်သည်မျိုး ဖြစ်မည် ထင်သည်။

အနီးတွင် ထောင်အာဏာပိုင်များကို မတွေ့ရပေ။ ကျနော့် မျက်ဝန်းတွင် ထောင်ဆရာဝန် ဒေါက်တာထွန်းထွန်းကို တွေ့ လိုက်ရသည်။ ကျနော့်လက်တွင် စစ်ခွေးတိုက် အခန်း ၁၀ ၏ တံခါး သံတိုင်တွင် ဂလူးကိုစ့် ပုလင်းကြီး ချိတ်ထားခြင်း ဖြစ်သည်။
အခန်းဖော်က ပြုံးယောင်သန်းနှုတ်ဆက်သည်ကို တွေ့နေရသည်။

“အစ်ကို မသေပါဘူး၊ သေမှာ မကြောက်သူကို သေမင်းက မခေါ်ဘူးဗျ”ဟု အခန်းဖော် ကိုစိန်ဝင်းက အားပါးတရပြောသည်။

“အစ်ကို့စကားအတိုင်း ကျနော် အကြံပေးချင်တယ်။ တော်လှန်ရေးက အတော်ကြာဦးမယ်။ ငါတို့ အသက်ရှင်သန် နေခြင်းသည်ပင် သူတို့ဖြစ်စေချင်တဲ့အတိုင်း မဖြစ်အောင် တော်လှန်ခြင်းဖြစ်တယ်လို့ အစ်ကို ပြောထားတာပဲ။ ကိုယ့်စကားနဲ့ အညီ ကိုယ်တိုင် ကျင့်သုံးသင့်တယ်” ဟု သူက ဆက်ပြောလာသည်။

သေချာ စဉ်းစားစရာ ဖြစ်လာပြီး ယခု ဆက်လက် အစာငတ်ခံ ဆန္ဒပြနေခြင်းသည် မိမိအတွက် ဘာအကျိုးရှိမည်လဲ ဆိုသည်ကို အဖန်ဖန် ဆန်းစစ်ကြည့်မိသည်။

သို့သော် တောင်းဆိုချက်များကို ယခုထိ မည်သို့မျှ တုံ့ပြန်ခြင်း မရှိသေးသည့်အတွက် စစ်ခွေးတိုက် တာဝန်ခံနှင့် တွေ့လိုကြောင်း တာဝန်ကျ ထောင်ဝန်ထမ်းတဦးမှ တဆင့် ပြောဆိုခဲ့သည်။

မကြာခင် ဗိုလ်ကံ နှင့် နောက်တဦး ရောက်လာသည်။ ထိုသူက အကျဉ်းဦးစီး ယူနီဖောင်းဝတ်ထားသော စစ်ထောက်လှမ်းရေး တပ်ကြပ်ကြီး လှမြင့် ဖြစ်ကြောင်း နောင်မှ သိရသည်။ သူ့လက်ထဲတွင် ခေါက်ဆွဲကြော်တထုပ်နှင့် နွားနို့ပုလင်း ကိုင်ထားသည်။ ကျနော့်ကို ပါလာသည့်အစား အသောက်များစားရန်တိုက်တွန်းပြီး ဆက်လက်  အစာငတ်ခံ ဆန္ဒပြသူ မရှိ ဟူ၍ အထက်ကို သတင်းပို့ထားကြောင်း ပြောဆိုပြီး ထွက်သွားကြသည်။

ကျနော် ဘာဆက်လုပ်မည်နည်း။ မေးခွန်းပေါင်းများစွာက ကျနော့်ခေါင်းထဲ ဆူညံနေသည်။ ဂလူးကိုစ့်ပုလင်းကြီး အရှိန်ဖြင့် လန်းဆန်းနေသော်လည်း စိတ်ထဲတွင် “ဟာ” နေသည်။

ထိုစဉ်က ချခဲ့သော ဆုံးဖြတ်ချက်ကြောင့် ကျနော် ယခု စာရေးနေနိုင်နေခြင်းဖြစ်သည်ဟု ပြောရမည်။

ခေါက်ဆွဲကြော်တလုပ် စားတိုင်း၊ နွားနို့ တငုံ သောက်တိုင်း ကျနော် မျက်ရည်ပေါက်ပေါက် ကျခဲ့ရသည်။ အရှုံးအတွက် ကျခဲ့ရသော ယောက်ျားမျက်ရည်ပင် ဖြစ်သည်။

လူသားတိုင်း အောင်မြင်ခြင်းတွေ ရင်ဆိုင်ရသလို အရှုံးနှင့်လည်း ရင်ဆိုင်ရတတ်သည်မှာ ဓမ္မတာဖြစ်သည်။

အာဏာရှင်လက်အောက် မြန်မာနိုင်ငံတွင် အစာငတ်ခံ ဆန္ဒပြပွဲများထဲမှ ထင်ရှားသည့် အောင်ပွဲတခုမှာ တပါတီ အာဏာ ရှင် ဦးနေ၀င်း လက်ထက် ကိုကိုးကျွန်း အကျဉ်းစခန်းရောက် နိုင်ငံရေးအကျဉ်းသားများ၏ အသက် ၈ ချောင်းဖြင့် လဲလှယ် ခဲ့ရသော ကျွန်းစံနစ် ဖျက်သိမ်းပေးရေး တိုက်ပွဲပင် ဖြစ်သည်။

၁၉၉၈ ခုနှစ် မေလက တိုက်ပွဲဝင်ခဲ့သော သာယာဝတီ အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများက အခြား အကျဉ်းသားများနည်းတူ ထောင်လက်စွဲ ဥပဒေအရ လျှော့ရက် ခံစားခွင့် အတွက် အစာငတ်ခံ ဆန္ဒပြပွဲတွင် ကိုအောင်ကျော်မိုး အသက် ပေးဆပ်ခဲ့ရသည်။

ယခုလည်း အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားများ စစ်ခွေးတိုက်ပို့ပြီး လူစုခွဲ ဖြိုခွင်းခံနေရချိန်တွင် သူတို့ ဘယ်လို ခံစားနေရမည် ဆိုသည်ကိုနားလည်ခံစားရင်း အဆိုပါ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများအတွက် လွန်စွာ စိုးရိမ် ပူပန်နေမိသည်။

ယခု ရေးသားခဲ့သော အတွေ့အကြုံများကို အများ သိစေရန် ဆိုသည့် စေတနာဖြင့်သာ ဖော်ပြလိုက်ခြင်း ဖြစ်ပြီး ခံစားခဲ့ရသော အိပ်မက်ဆိုးများအကြောင်း စိုးစဉ်းမျှ မတွေးချင်တော့ပါ။

စာရေးသူ လင်းသန့်သည် ယုံကြည်ချက်ကြောင့် သေဒဏ်ကျခံခဲ့ရသူဖြစ်သည်။ ထို့နောက် သေဒဏ်မှ တသက်တကျွန်းသို့ ပြောင်းလဲကျခံခဲ့ရပြီး ထောင်တွင်း၌ အနှစ် ၂၀ နီးပါး ပြစ်ဒဏ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား တဦးဖြစ်သည်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်