သူတို့ အချုပ်ခန်း

တခါတရံမှာ ထူးထူးခြားခြားရှိတဲ့ အတွေ့အကြုံတချို့ဆိုရင် ကျနော့်စိတ်ထဲ အချိန်တိုတိုနဲ့ လျော့ပါး မှေးမှိန်သွားလေ့မရှိပါဘူး။ ဒါကတော့ ကျနော်ရယ်လို့ ဟုတ်မယ်မထင်ပါဘူး။ လူ အတော်တော်များများ ဒီအတိုင်းပဲ ရှိပါလိမ့်မယ်။

the_worlds_most_humane_prison_is_in_norway_06
အခုတလော နော်ဝေးနိုင်ငံက လူ ၈၀ နီးပါးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ လူတယောက်အကြောင်း ကမ္ဘာ့သတင်းစာတိုင်း လိုလိုမှာ နေ့တိုင်း ဖတ်နေရတဲ့အခါ ဟိုးလွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်အတွင်းတုန်းက ကျနော်နဲ့အတူ မြန်မာ ၄ ယောက် နော်ဝေး နိုင်ငံမှာ ခိုလှုံခွင့် တောင်းခဲ့တဲ့ အဖြစ်အပျက်ကလေးကိုလည်း တဆက်တစပ်တည်း သွားပြီး သတိရမိပါတယ်။

ဒီကြားထဲ မောက္ခ ပညာရေးမဂ္ဂဇင်း အင်တာနက်ဝက်ဘ်ဆိုက်မှာ “လူ့ အကြင်နာတရား အရှိဆုံး နော်ဝေးအကျဉ်းထောင်” ဆိုတဲ့ခေါင်းစဉ်နဲ့ နော်ဝေးနိုင်ငံရဲ့ အကျဉ်းထောင်စနစ် ဓာတ်ပုံဆောင်းပါးကို တွေ့ရတဲ့အခါ အဲဒီ ၁၉၉၇ ခုနှစ်တုန်းက ကျနော်ကြုံခဲ့တဲ့ အတွေ့အကြုံကို ပိုပြီး သတိရနေစေတော့တာပေါ့။

ဒီတုန်းက ကျနော်အပါအဝင် မြန်မာနိုင်ငံသား ၅ ယောက် နော်ဝေးနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံခဲ့ကြပါတယ်။ ကိုမွန်းအောင် (တေးသံရှင်)၊ ကိုကျော်ကျော်၊ ကိုထွန်းထွန်း၊ စောနယ်လ်ဆင်ခူးနဲ့ ကျနော် ဖြစ်ပါတယ်။

ကျနော်တို့ ၅ ယောက် ခိုလှုံခွင့် တောင်းခံလျှောက်ထားဖို့ ဆုံးဖြတ်ကြပြီးတဲ့အခါ ရှေ့နေတဦးနဲ့ တိုင်ပင်ရပါတယ်။ ကျနော်တို့အတွက် NGO တခုက ငှားပေးတဲ့ ရှေ့နေနဲ့ တိုင်ပင်ကြရတာပါ။ ရှေ့နေရဲ့ စီစဉ်လမ်းညွှန်ချက်နဲ့ ကျနော်တို့ ၅ ယောက်က ပထမဦးစွာ မြို့တော် အော်စလိုလေဆိပ် ရဲစခန်းကို သွားကြရပါတယ်။ ရှေ့နေ ရေးပေးလိုက်တဲ့ စာကိုလည်း ယူသွားကြပါတယ်။

ရဲစခန်းရောက်တော့ ကျနော်တို့အားလုံးရဲ့ နိုင်ငံကူးလက်မှတ် ၅ ခုကို ကိုမွန်းအောင်က ရင်စို့ခန့် မရှိတရှိ ကောင်တာပေါ် သွားပြီး တင်လိုက်ပါတယ်။ အနီးဆုံးမှာ ရပ်နေတဲ့ ရဲသားတဦးက စူးစမ်းသလိုကြည့်ပြီး “ဘာကိစ္စရှိလို့လဲ” လို့ မေးပါတယ်။

ကိုမွန်းအောင်က “ခိုလှုံခွင့် တောင်းချင်လို့ပါ” လို့ ဖြေလိုက်ပါတယ်။ ပထမတော့ ရဲသားရဲ့မျက်နှာက ခပ်ပြုံးပြုံး လုပ်နေရာက စားပွဲပေါ်က နိုင်ငံကူးလက်မှတ်တွေကို ယူကြည့်ပြီး “ဟာ အဲဒါ ဘယ်ဖြစ်မလဲ။ မင်းတို့မှာ နိုင်ငံကူးလက်မှတ်တွေ ရှိနေ တာပဲဟာ” ဆိုပြီး ကြောင်အမ်းအမ်းနဲ့ ကျနော်တို့ကို နားမလည်သလို သိမ်းကြုံးကြည့်ပြီး ပြောပါတယ်။

ကိုမွန်းအောင်က ခပ်ပြုံးပြုံး မျက်နှာထားနဲ့ပဲ “အဲဒီ နိုင်ငံကူးလက်မှတ်တွေက အားလုံး တခုမှ အစစ်မဟုတ်ဘူးကွ၊ အကုန်လုံး အတုတွေ ချည်းပဲ” လို့ ထပ်ပြောလိုက်ပါတယ်။ ဒီအခါကြတော့မှ ရဲသားလုပ်တဲ့သူ မျက်လုံး မျက်ဆံပြူးပြီး နိုင်ငံကူး လက်မှတ် အားလုံးကို ဆတ်ကနဲဆွဲယူ၊ တခုချင်းစီ သေသေချာချာ ကြည့်ပါတော့တယ်။ သူ့ဘေးနားက ရဲသားတွေလည်း အနားကို တိုးလာကြပါတယ်။ ချက်ချင်းဆိုသလိုပဲ ရဲမေတချို့ အပါအဝင် သူတို့ ရဲဌာန တခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပါတယ်။

လူ ၅ ယောက် နိုင်ငံကူးလက်မှတ်အတု ကိုယ်စီကိုင်လျက် ခိုလှုံခွင့် လာတောင်းတာဆိုတော့ သူတို့လည်း တခါမှ ဒီလို ကြုံဖူးဟန် မတူပါဘူး။ ဒါကြောင့်မို့ ကျနော်တို့ကို မလှမ်းမကမ်းက ဝိုင်းပြီး ကြည့်နေ၊ အကဲခတ်နေကြပါတယ်။

ကိုမွန်းအောင်က ရှေ့နေရေးပေးလိုက်တဲ့ စာကို ပေးလိုက်ပါတယ်။ ရဲသားလုပ်သူက ကျနော်တို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို ယူပြီး ခဏနေဖို့ ပြောပါတယ်။ ချက်ချင်းဆိုသလိုပဲ အခန်းတခုထဲ ဝင်သွားပါတယ်။

အခန်းထဲဝင်သွားတဲ့ရဲသား ပြန်ထွက်လာတော့ သူ့မျက်နှာက အနည်းငယ် ပြုံးပြုံးရွှင်ရွှင် ဖြစ်လာပါတယ်။ သူတို့လည်း သက်ဆိုင်ရာနဲ့ ပြောစရာရှိတာ ပြောနေရလို့ပါလို့လည်း ပြောပါတယ်။ ကျနော်တို့လည်း နည်းနည်းတော့ စိတ်သက်သာရာ ရသွားပါတယ်။ ပြီးတော့ ကျနော်တို့ကို ဧည့်ခန်းတခုထဲ ခေါ်သွားပါတယ်။ ခဏကြာရင် တယောက်ချင်းစီကို စစ်ချက် အနည်းငယ်စီ ယူမှာဖြစ်လို့ ထိုင်စောင့်နေကြဖို့ ပြောပြီး ပြန်ထွက်သွားပါတယ်။

ကျနော်တို့ ခဏထိုင်စောင့်နေရတဲ့ ဧည့်ခန်းက မြေညီထပ်မှာ ဖြစ်ပါတယ်။ တော်တော်လေး သန့်ပြန့်ပါတယ်။ ပြတင်း ပေါက်တွေ ခပ်များများမို့ လေကောင်းလေသန့်လည်း ရပါတယ်။ အပြင်ဘက် လေဆိပ်ကွင်းထဲနဲ့ အဆောက်အဦး တချို့ ကိုလည်း မြင်နေရပါတယ်။ နံရံနဲ့ ကပ်လျက် စားပွဲရှည်ပေါ်မှာ ကော်ဖီနဲ့ တခြားအစားအစာတချို့ တင်ထားတာ တွေ့ရပါတယ်။ ခါးလယ် မရှိတရှိလောက်သာ မြင့်တဲ့ ပြတင်းပေါက်တခုဘေးမှာ ရပ်ပြီး အပြင်ဘက်ကိုကြည့်တော့ ပန်းပင်တွေ အလှ စိုက်ထားကိုလည်း တွေ့ရပါတယ်။

နာရီဝက်လောက်ကြာတော့ ကျနော်တို့အားလုံး ဆာလောင် လာကြပါတယ်။ မနက်က အိမ်ကထွက်လာတော့ ၈ နာရီ။ ရှေ့နေဆီဝင်၊ ရဲစခန်းကိုရောက်တော့ ၁၀ နာရီ။ ပြောစရာရှိတာပြောပြီး ဧည့်ခန်းထဲက ထိုင်စေါင့်တာ အခု ၁၂ နာရီထိုးပါပြီ။ ဒါကြောင့် အပြင်ထွက်ပြီး တခုခု ဝယ်စားကြဖို့ လုပ်ကြပါတယ်။

ဧည့်ခန်းထဲက ခေါင်းပြူနေကြတဲ့ ကျနော်တို့ကို တွေ့တော့ ရဲသားတယောက် ရောက်လာပါတယ်၊ “ဘာလိုချင်လို့လဲ” မေးပါတယ်။ ကျနော်တို့က “ထမင်းဆာလို့ တခုခု ထွက် ဝယ်စားချင်တယ်” လို့ပြောတော့ “ဟာ ကိစ္စမရှိဘူး ကျနော်တို့ ဝယ်ကျွေးပါ့မယ်။ အခန်းထဲကပဲ စောင့်ပါ” ဆိုပြီး သူကိုယ်တိုင်ပဲ မပြေးရုံတမယ် ထွက်သွားတာ ကျနော်တို့တောင် ဘာစားချင်တယ်ဆိုတာ မှာချိန် မရလိုက်ပါဘူး။ သူပြန်လာတော့ အချိုရည် ဘူးတွေ၊ ပေါင်မုန့်တွေ တော်တော်များများ ပါလာပါတယ်။ ကျနော်တို့လည်း ဗိုက်ပြည့်အောင် စားလိုက်ကြပါတယ်။

နောက်ထပ် နာရီဝက်လောက်ရှိတော့ ကျနော်တို့ကို တခြားအခန်းကျဉ်းလေးတခုမှာ တယောက်ချင်းစီခေါ်ပြီး စစ်ချက် အနည်းငယ်စီ ယူပါတယ်။ ကျနော်ပြောသမျှ လက်နှိပ်စက်နဲ့ ရိုက်ပြီး လိုက်မှတ်ပါတယ်။ ပြီးတော့ ညနေ ၄ နာရီမှာ ကျနော်တို့ကို ကားတစင်းပေါ် တင်ပေးလိုက်ကြပါတယ်။ ကျနော်တို့ ဘယ်ကိုသွားရမယ်ဆိုတာ ကားဆရာ သိတဲ့အကြောင်း၊ အဲဒီနေရာဟာ ခိုလှုံခွင့် လျှောက်ထားသူများ ခေတ္တနေထိုင်ရတဲ့ နေရာဖြစ်ကြောင်း၊ စခန်းတာဝန်ရှိသူတွေက ကျနော်တို့ကို စောင့်နေတဲ့အကြောင်း၊ ဟိုကျရင် စခန်းတာဝန်ရှိသူတွေထံ ပေးဖို့စာနဲ့တကွ အားလုံးရှင်းပြ ပေးလိုက်ပါတယ်။

ကားပေါ်တက်ခါနီးတော့ ရဲသားတယောက် ပြောလိုက်တဲ့စကားက ကျနော်တို့အားလုံးကို အံ့အားသင့် သွားစေပါတယ်။ သူက ဘယ်လိုပြောလိုက်သလဲဆိုတော့ ... “အခုလို ခင်ဗျားတို့ကို အလုပ်သဘောအရ အချုပ်ထဲမှာ ခဏတာ ချုပ်ထားခဲ့ရတာကို သူတို့အပေါ် နားလည် ခွင့်လွှတ်ပါ” တဲ့။

ကျနော်တို့အားလုံး ကားပေါ်ရောက်တဲ့အခါ တကယ်တော့ ကျနော်တို့ထင်ထားခဲ့တဲ့ ဧည့်ခန်းဆိုတာ အချုပ်ခန်းပဲဖြစ်တယ်၊ ကျနော်တို့ကို လုပ်ငန်းသဘောအရ အချုပ်ထဲ ထည့်ထားတာဖြစ်တယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့ အပြင်ထွက်ပြီး တခုခု သွားဝယ် စားမယ်ဆိုတော့ အထွက်မခံဘဲ သူတို့ကိုယ်တိုင် စားစရာတွေ ဝယ်ပေးခဲ့တာဖြစ်တယ် ဆိုပြီး တယောက်နဲ့ တယောက် ပြောကြ၊ အံ့သြကြ၊ ရယ်ကြမောကြရပါတော့တယ်။

ဒါပါပဲ ...။ ကျနော်တွေ့ကြုံဖူးတဲ့၊ မေ့မရနိုင်သေးတဲ့ အတွေ့အကြုံဆိုတာ ဒါပါပဲ။ နော်ဝေးနိုင်ငံဆိုတာ အဲဒီလို နိုင်ငံမျိုး။ တခါတလေများ အော်စလိုမြို့ထဲ လုံခြုံရေး ကင်းလှည့်လာနေတဲ့ မြင်းစီးရဲသားတွေကို တွေ့တဲ့အခါ သူတို့က ကင်းလှည့် တာနဲ့မတူဘဲ အလှပြ မြင်းစီးပြနေတာနဲ့ တူနေလို့ တယောက်ထဲ ပြုံးတောင်မှ ပြုံးမိပါသေးတယ်။ တခါတလေ သူတို့ မြင်းစီးမား အချင်းချင်း မြင်းကို ဖြည်းဖြည်းလေးပဲ စီးပြီး စကားတပြောပြောနဲ့ သွားနေကြတာ ကြည့်လို့တောင် ကောင်းပါ သေးတယ်။ ပြီးတော့ အများပြည်သူ သွားလာတတ်တဲ့ နေရာတွေမှာ လက်နက်ကိုင်ပြီး သွားလာနေတဲ့ စစ်သားတို့၊ ရဲတို့ ဆိုတာ ကျနော်ဖြင့် တခါမှ မတွေ့ခဲ့ရဖူး ပါဘူး။ နော်ဝေးနိုင်ငံဆိုတာက အဲသလို နိုင်ငံမျိုး။

အခု လူ ၈၀ နီးပါး သေနတ်နဲ့ပစ်သတ်တဲ့ တရားခံကို ထောင်ထဲမှာ ဘယ်လိုထားတယ်၊ နော်ဝေးနိုင်ငံရဲ့ အချုပ်ထောင်စနစ်က ဘယ်လိုရှိတယ် အစရှိသဖြင့် မောက္ခပညာရေးမဂ္ဂဇင်း အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖတ်ရတော့ ကျနော့်ရဲ့ အဲဒီ အတွေ့အကြုံ ကိုလည်း ဖြည့်စွက်ပြီး ဝေငှချင်လို့ ဒီဆောင်းပါး ရေးလိုက်တာပါပဲ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်