၁၉၈၈ ခုနှစ်ဟာ ကျနော့်ဘ၀ အလှည့်အပြောင်းရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်တယ်။ ၈၈ ခုနှစ်တုန်းက ကျနော့် ရင်ကို ကိုင်ဆွဲလှုပ်ခဲ့တာက မတရားတဲ့ အာဏာရှင်ရဲ့ လုပ်ရပ်တွေပါပဲ။ ၁၉၈၇ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရက ငွေစက္ကူ ၂ ကြိမ် ဖျက်သိမ်းလိုက်ခြင်းဟာ အပြောင်းအလဲရဲ့ အစခြေလှမ်းဖြစ်စေခဲ့တယ်။
ကျောင်းသားတွေ သွေးမြေကျ အသက်ပေးခဲ့ရတဲ့ ဖြစ်ရပ်တွေက မြန်မာ့သမိုင်းရဲ့ အမှောင်လွှမ်းတဲ့ စာမျက်နှာတွေ ဖြစ်နေတယ်။ သိပ္ပံကျောင်းသား ဖြစ်ပေမယ့် ခေတ်စနစ်ရဲ့ တောင်းဆိုမှုကြောင့် ကျနော်ဟာ သမိုင်းထဲ သွန်ချခြင်းခံခဲ့ရတယ်။
အခု ၂၃ နှစ်တိုင်ခဲ့သည့်တိုင် ၈၈ ခုနှစ်ကနေ ယနေ့အထိ အဖြစ်အပျက်တွေက မနေ့တနေ့ကလိုပဲ စိတ်ထဲထင်နေတယ်။ ၈၈ ခုနှစ်ကနေ ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေကများပြီး အရှည်ကြာဆုံးဖြတ်သန်းခဲ့ရတာကတော့ အမှောင်ခေတ်ရဲ့ပြယုဂ် “ထောင်” ဆိုတဲ့ ဘ၀ တက္ကသိုလ်မှာပါပဲ။
တော်လှန်ရေး ကျောင်းသားဘ၀ကနေ စစ်အစိုးရရဲ့ သေဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၁၉ နှစ် ၀န်းကျင်နေခဲ့ရတယ်။ ထောင်ဆိုတာ တချိန်က မစဉ်းစားဘူးတဲ့ ရပ်ဝန်းတခုဖြစ်ခဲ့ပေမယ့် နောက်ပိုင်း ထောင်ဟာ ကျနော့်အိမ်လို ဖြစ်လာခဲ့ရတယ်။
မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်ဆိုတာ “လူရှင်တို့ရဲ့ သင်္ချိုင်းလို့” ဆိုစမှတ် ပြုရလောက်အောင် ရက်စက်ကြမ်းကြုတ်မှု၊ မတရား ညှဉ်းပမ်းနှိပ်စက်မှု စတဲ့ မတရားမှုတို့ သရဖူဆောင်းထားရာ နေရာ ရပ်ဝန်းတခုလည်း ဖြစ်တယ်။
ဒီအထဲကမှ ကျနော်က လူရှင်သင်္ချိုင်းရဲ့ “ဂူ” လို့ခေါ်တဲ့ ဆဲလ်ခန်း (Cell) မှာ ထောင်ထဲရောက်တဲ့ နေ့ကနေ ပြန်ထွက်လာတဲ့နေ့ အထိ နေခဲ့ရတယ်။ တနေ့မှာ ၁၅ မိနစ်၊ နာရီဝက်လောက် ဆဲလ်ခန်းက ထွက်ခွင့်ရတာ လွတ်လပ်ရေး ရလိုက်သလိုခံစားရတယ်။
သေဒဏ်ချမှတ်ခံခဲ့ရတဲ့နေ့က အင်းစိန်ထောင် ဗူးတံခါးကနေ ၀င်လာခဲ့ပြီး ကျောနောက်က “ဂျုန်း” ဆိုတဲ့ တံခါးပိတ်သံကြီးဟာ ကျနော်ချစ်တဲ့ မိသားစုဝင်တွေ၊ ကျနော်ချစ်တဲ့ စာအုပ်တွေ၊ ကျနော်ချစ်တဲ့ ချစ်သူနဲ့တကွ အရာအားလုံးကို စည်းခြားလိုက်ခဲ့တယ်။ ကျနော့်ဘ၀ ပျော်စရာတွေလည်း အဲဒီ တံခါးသံနဲ့ လွင့်စင်သွားခဲ့တယ်။
ကျနော့်ဘ၀ရဲ့အချိန်တော်တော်များများဟာ ထောင် ဆဲလ်ခန်းလေးမှာပဲ ကုန်လွန်ခဲ့ရတယ်။ အင်းစိန်ထောင် ရောက်ခါစ သေဒဏ်ကျ အကျဉ်းသားများထားရာ ကြိုးတိုက် (ခေါ်) ၂ တိုက်ကို ရောက်ခဲ့တယ်။ ထောင်ထဲက ဆဲလ်ခန်းလို့ခေါ်တဲ့ အခန်းကျင်းလေးဟာ ကျနော့်ဘ၀၊ ကျနော့်ရဲ့ မဖြစ်ချင်ဘဲဖြစ်ခဲ့တဲ့ ဒုတိယအိမ် ဖြစ်လာခဲ့တယ်။
ဆဲလ်ခန်းထဲရောက်စ ဘ၀တွေမှာ အငံ့လင့်ဆုံးကတော့ စာဖတ်ချင်တာပါပဲ။ အဲဒီအချိန်တုန်းက ကျနော်ဟာ လောကမှာ အချိန်နဲ့ပတ်သက်ရင် အချမ်းသာဆုံး လူတယောက်ပေါ့။ အချိန်တွေကို ဘယ်လို သုံးရမယ်ဆိုတာ အတော်ခေါင်းစားခဲ့ရတာပါပဲ။ စာဖတ်ချင်လွန်းခဲ့လို့ ဆေးလိပ်မသောက်တတ်တဲ့ ကျနော် ဆေးပေါ့လိပ် တနေ့ အလိပ် ၂၀၊ ၃၀ လောက်ကုန်အောင် သောက်ဖြစ်တယ်။ ဆေးလိပ်အစီခံက သတင်းစာစက္ကူတွေနဲ့ ပတ်ထားတာဆိုတော့ စာဖတ်ချင်တာတွေအတွက် ဆေးလိပ်တိုများများ လိုတယ်။
ထောင်ထဲမှာ ဖတ်စရာဆိုလို စာဖတ်တာနဲ့ လူ့ဘ၀တွေကို ဖတ်တာ ၂ မျိုးပဲ ရှိတယ်။ ကျနော် က ၂ မျိုးစလုံး ဖတ်တယ်။ ဒါကြောင့်လည်း လူ့ဘ၀စာမျက်နှာ များစွာကို ထောင်ဆိုတဲ့ရပ်ဝန်းမှာ ဖတ်ခွင့်ရခဲ့တယ်။
တိုးတက်တဲ့ တခြားနိုင်ငံတွေမှာ အချိန်ဆိုတာ ငွေလို့ ဆိုကြပေမယ့် ကျနော့်ဘ၀ အဲဒီတုန်းက အချိန်တွေက “အတွေး” တွေ ဖြစ်စေခဲ့တယ်။ ကုသိုလ်၊ ပညာ၊ ဥစ္စာ တခုခု ရတဲ့နေဟာ မြတ်သောနေ့လို့ဆိုကြတယ်။ ထောင်မှာတော့ ကျနော်အတွက် ဥစ္စာမရနိုင်ဘူး။ ဒီတော့ ကုသိုလ်နဲ့ ပညာ ရအောင်ယူရတယ်။
ထောင်ထဲမှာ ကျနော် အလကားမနေခဲ့ဘူး။ အမြဲတမ်း ကျနော့်စိတ်ကို အလုပ်ပေးထားတယ်။ ကျနော့်မှာ စိတ်အလုပ် မရှိခဲ့ရင် တချို့နိုင်ငံရေး အကျဉ်းသားတွေလို ထောင်ထဲမှာပဲ အသက်ဆုံးရှုံးသွားနိုင်သလို ရူးသွပ်ပြီး ထောင်က ထွက်လာရမယ့်အခြေ ဆိုက်နိုင်ပါတယ်။
ထောင်ဆိုတဲ့ အမှောင်ခေတ်ရဲ့ ပြတိုက်ထဲမှာ ကျနော် အသက်ရှင်ဖို့ ရုန်းကန်ရတာ အခက်ခဲဆုံး ပညာတရပ်ပါ။ လူသားတိုင်း၊ သက်ရှိသတ္တ၀ါတိုင်း ရှင်သန်ခြင်းကို အမက်မောဆုံးဖြစ်တယ်။ ကျနော်လည်း ကိုယ့်အသက်ကိုယ် ရှင်သန်အောင် ကြိုးစားမွေးမြူတယ်။
ကျနော် သေဒဏ်အကျဉ်းသားဘ၀ လွတ်ပြီး တသက်တကျွန်းပြစ်ဒဏ် လျှော့ပေါ့ ခံစားရတယ်။ မနက်ဖြန် ဖျော့ဖျော့လေး မြင်ခွင့်ရခဲ့တယ်။ အခက်အခဲမျိုးစုံအောင် ကျနော် ရင်ဆိုင်ဖြတ်ကျော်နိုင်ခဲ့တယ်။
ဒါကြောင့် ဘ၀ရှင်သန်အောင်နေနည်း အတတ်ပညာကို ဘ၀ တက္ကသိုလ်မှာ သင်ယူခွင့်ရခဲ့တယ်။ ဘ၀ တက္ကသိုလ်က ကျနော့်ကို နေ့စဉ် စာမေးပွဲစစ်တယ်။ အောင်မြင်တဲ့နေ့တွေ ရှိခဲ့သလို၊ စာမေးပွဲကျတဲ့နေ့တွေ ရှိခဲ့တယ်။
ထောင်ဆိုတဲ့ ဘ၀ တက္ကသိုလ်က ဖြတ်သန်းခဲ့တဲ့ ဘ၀ရဲ့အတိတ်က ခြေလှမ်းတွေကို ပြန်ကြည့်ခွင့်ပေးခဲ့တယ်။ ပစ္စုပ္ပန်ကျအောင် နေတတ်ဖို့ လမ်းညွှန်ခဲ့တယ်။ မျှော်လင့်ချက်ကို အနီးဆုံးမှာထားပြီး နှစ်ပေါင်း ၁၉ နှစ် ၀န်းကျင်ကို တရက်ချင်း ကျော်ဖြတ်လာနိုင်ခဲ့တယ်။
“တချို့အသိတရားက ကြေးကြီးတယ်” ဆိုတဲ့ ကျနော့်ဖေဖေ ပြောဖူးတဲ့စကားက သိပ်မှန်တယ်။ ရလိုက်တဲ့ အသိတရား၊ သင်ခန်းစာ တပွေ့တပိုက်ကြီးအတွက် ကျနော် ကြေးကြီးကြီး ပေးဆပ်ခဲ့ရတယ်။ ဒီအတွက် ဘယ်တော့မှ နောင်တရစရာ မရှိပါဘူး။ ကျေနပ်စွာ ပေးဆပ်ခဲ့ခြင်းပါ။
ကျနော် ဘ၀ တက္ကသိုလ်က စာမေးပွဲ အောင်မြင်ပြီး ထွက်လာခဲ့တယ်။ ကျနော့်အပြန်လမ်းမှာ ကျနော့်ဘ၀အတွက် အကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့၊ ကျနော့်ဆီ နှစ်ပေါင်းများစွာ ထောင်ဝင်စာဒုက္ခတွေ သယ်ပိုးခဲ့တဲ့ ကျနော့် မေမေက လောကကြီးမှာ မရှိတော့ဘူး။ ကျနော့်ကို မကြိုဆိုနိုင်ခဲ့ဘူး။ ကျနော် မျက်ရည်မကျဘူး။
ကျနော် ယုံကြည်ရာလမ်းပေါ်ကို ဆက်လျှောက်တယ်။ ယုံကြည်ရာ ဆက်လျှောက်ရင်း ကြုံလာတဲ့ အခက်အခဲတွေက ကျနော့်ကို စိန်ခေါ်လာတယ်။ စိန်ခေါ်လာတဲ့ အခက်အခဲတွေကို ကျနော့် လှေကားတွေလို့ သဘောထားခဲ့တယ်။
ဒါပေမယ့် ကျနော်မှာ နောက်ထပ် ပေးဆပ်ဖို့ခွန်အားတွေ အဆင်သင့်မရှိခဲ့ဘူး။ ဒီအတွက်ကြောင့် ကျနော် ထွက်ပြေးလာခဲ့တယ်။ အခက်အခဲဆိုတာတွေကို ကျော်လွှားဖို့ ကျနော့်ကို ဘ၀ တက္ကသိုလ်က သင်ပေးခဲ့တဲ့ အားလျှော်စွာပဲ ကျနော် ဒီဘက်ရောက်တော့ အခက်အခဲတွေက တောင်ပုံရာပုံ ဆီးကြိုနေတယ်။
တချို့ကလည်း ကျနော့်ကို နိုင်ငံရေးသမားလို့ ပြောကြတယ်။ နိုင်ငံရေး အလုပ်ပဲလုပ်ဖို့ တိုက်တွန်းကြတယ်။ ကျနော်ဟာ နိုင်ငံရေးသမား မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကို သေချာသိတယ်။ တကယ်က ကျနော်က ပြုပြင်ပြောင်းလဲရေးသမားသာ ဖြစ်တယ်။
အခုတော့ အိပ်မက်တောင် မမက်ဘူးတဲ့ သတင်းသမားတယောက် ကျနော်ဖြစ်နေပြီ။ သေချာတာက ရှစ်လေးလုံးဆိုတဲ့ ကျနော့်ဘ၀ အဆစ်အချိုးအကွေ့ သမိုင်းဝင်နေ့အကြောင်း ကြားရင် ညတုန်းက ဖြစ်ခဲ့သလိုပါပဲ။ ဘ၀ တက္ကသိုလ်ကြီး က ကျနော်ဘာတွေ ဖြစ်ဖို့ သင်ပေးလိုက်တာလဲဆိုတာ ကျနော်ကိုယ်တိုင် ဆက်ကြည့်နေဦးမယ့် ဇာတ်လမ်းတပုဒ် ဖြစ်တယ်။ ။
< Prev | Next > |
---|