ရေဘ၀ဲ ခန့်မှန်းချက် ပြောင်းပြန်ယူ ဘောလုံးလောင်း

ကမ္ဘာ့ဖလားတွင် ဂျာမနီ အသင်း ဘောလုံး ပွဲစဉ်တိုင်း အနိုင်အရှုံးများကို မှန်ကန်စွာ ခန့်မှန်းပေး နိုင်သော ရေဘ၀ဲ “ပေါလ်” ၏ ဟောကိန်းကို ပြောင်းပြန်ယူ၍ ဘောလုံး လောင်းကစားမှုများ ပြုလုပ်လျက် ရှိကြောင်း ရန်ကုန်ရှိ ဘောလုံးလောင်းကစား အသိုင်းအဝန်းမှ သိရသည်။

ပေါလ်သည် ဂျာမနီ ကစားခဲ့သည့် ပွဲစဉ် ၆ ပွဲစလုံး ကြိုတင်ကာ မှန်မှန် ကန်ကန် အဖြေထုတ် ပေးခဲ့သဖြင့် နိုင်ငံ တကာတွင် စူပါ စတား ဖြစ်နေကြောင်း The Telegraph သတင်းစာက ရေးထားသည်။

နာမည်ကျော် ရေဘ၀ဲ သတင်းကို မီဒီယာများမှ တဆင့် သိရှိပြီးနောက် ရေဘ၀ဲ၏ ခန့်မှန်းချက် မှားနိုင်ကြောင်း မှန်းဆကာ ဂျာမနီနှင့် အာဂျင်တီးနား ယှဉ်ပြိုင် ကစားခဲ့သော ကွာတား ဖိုင်နယ်ပွဲစဉ်မှ စတင်၍ ရေဘ၀ဲ၏ ခန့်မှန်းချက်ကို ပြောင်းပြန် ကောက်ယူကာ လောင်းကစားမှု ပြုလုပ်ကြကြောင်း ဘောလုံး လောင်းကစား ဒိုင်တဦးက ပြောသည်။

စပိန်နှင့် ဂျာမနီ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် လောင်းကြေး သိန်းချီရှုံးသွားသော ရန်ကုန်မြို့မှ ကုန်သည်တစ်ဦးက“ဒီကောင်ကို သုပ်စားလိုက်ရင် ကောင်းမယ်။ မှန်းတာဘယ်တော့ မှားမလဲ မသိဘူး”ဟု ပြောသည်။

ဘောလုံးပွဲလောင်းသူများထံမှ ထိုကဲ့သို့ ရေဘဝဲကို ဒေါသထွက်သော အသံများ အတော်များများ ကြားရကြောင်း ဘောလုံးပွဲ ဒိုင်တဦးကလည်း ပြောသည်။

ရန်ကုန် အခြေစိုက် အားကစား ဂျာနယ်တခုမှ အာဂျင်တီးနားနှင့် ဂျာမနီ ပွဲစဉ်တွင် လောင်းကြေးရှုံးသွားသူ အယ်ဒီတာ တဦး ကလည်း “ဒီရေဘ၀ဲ ဒုက္ခပေးတယ်။ ဒီတခါတော့ ရေဘ၀ဲ မှန်းတာ မှားပြီဆိုပြီး အာဂျင်တီးနားဘက်က ထိုးလိုက်တာ”ဟု ဆို သည်။

စပိန်နှင့် ဂျာမနီ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဂျာမနီက လောင်းကြေးပိုမည်ဟု ထိုးသားအများစုက ယူဆကြသော်လည်း  အမှန် တကယ်တွင် ရေဘ၀ဲက စပိန်နိုင်မည်ဟု ခန့်မှန်းချက်ကြောင့် စပိန်က သရေ ၂၅ ပြားရှုံး ကြေးပေါက်ခဲ့ကြောင်း သိရသည်။

ဘောလုံးပွဲ ဒိုင်တဦးကမူ စပိန်က ကြေးပိုရခြင်းမှာ ခြေစွမ်းနှင့် လူကြိုက်များမှုကြောင့် ဖြစ်ပြီး ရေဘ၀ဲနှင့် သက်ဆိုင်မှု မရှိ ကြောင်း ပြောသည်။

“တချို့ကတော့ ရေဘ၀ဲ ပြောတာဆိုပြီး အယူသီးတာရှိတယ်။ တော်တော်များများကတော့ ခြေစွမ်းကိုပဲ ကြည့်ပြီး လောင်းတာ များပါတယ်”ဟု ပုံမှန် ငွေကျပ် သောင်းချီ လောင်းလေ့ရှိသော ထားဝယ်မြို့မှ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးက ဆိုသည်။

စပိန်နှင့် ဂျာမနီ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် စပိန်နိုင်မည်ဟု ရေဘ၀ဲ “ပေါလ်”က ခန့်မှန်းပြီးနောက် အမှန်တကယ်ပင် စပိန်က ဂျာမနီကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူခဲ့သည်။

ပြည်တွင်း သတင်းဂျာနယ်များတွင် ရေဘ၀ဲအကြောင်း မပါမပြီးဖြစ်နေပြီး ဘောလုံးဝါသနာအိုးများက နေရာအနှံ့တွင် ယင်း ရေဘ၀ဲ အကြောင်းသာ ပြောဆိုနေကြကြောင်း သိရသည်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာအကြိုက် ဘရာဇီး၊ အင်္ဂလန်၊ ပြင်သစ်၊ အာဂျင်တီးနား စသော အသင်းကြီးများမှာ ထင်တိုင်းမပေါက်ခဲ့သဖြင့် လောင်ကြေးရှုံးသူ များပြားကြောင်း၊ အောက်အသင်းများ လောင်ကြေးနိုင်ကြသဖြင့် အများအားဖြင့် အပေါ်အသင်းများကို ကြေးထပ်လေ့ရှိသော မြန်မာထိုးသားများ ယခု ကမ္ဘာ့ဖလားတွင် အရှုံးပေါ်ကြောင်း ဘောလုံး လောင်း ကစားဒိုင် တဦးက ပြောသည်။

ထားဝယ်မြို့မှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က “နောက်ဆုံးတော့ ဒိုင်စာပဲ ဖြစ်သွားတာပါပဲ”ဟု မှတ်ချက်ချသည်။

နောက်ဆုံးသိရသည့် သတင်းများအရ ပေါလ်သည် ဂျာမနီနှင့် ဥရုဂွေးတို့ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကန်မည့် တတိယ နေရာလုပွဲအတွက်လည်း ခန့်မှန်းချက် ထုတ်ပေးဦးမည်ဟု ဆိုသည်။

“ပေါလ်”ကို ထိန်းသိမ်းစောင့်ရှောက်သူများက ပုံမှန် ပြုစုလျက်ရှိကြောင်း၊ နိုင်ငံ ၂ ခု၏ အလံအသီးသီးပါသော အစာပုံးကို ချထားကြောင်း၊ ပေါလ်ကို ဝန်ထုပ်ဝန်ပိုး မပိစေချင်ကြောင်း ဂျာမနီ ငါးပြတိုက်မှ တာဝန်ရှိသူ တဦးက ဆိုသည်။

ဧရာဝတီ သတင်းထောက် ဘစောတင် ပူးပေါင်း ရေးသားသည်။

Related Stories:
ဂျာမနီ ရှုံးမည်ဟု ရေဘဝဲလေး နိမိတ်ဖတ်
ဂျာမနီ ပရိသတ် ရေဘဝဲလေးကို ဒေါသထွက်
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်