အိန္ဒိယ လောင်စာဆီ သပိတ်

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရဲ့ အမြဲစည်ကား နေတတ်တဲ့ လမ်းမကြီးတွေဟာ ယာဉ်သွား ယာဉ်လာတွေ သိသိသာသာ နည်းပါးလို့ နေပါတယ်။

တွေ့နေ မြင်နေကျ သုံးဘီး တက္ကစီ တွေကတော့ ဂိတ်တွေမှာပဲ ရပ်ထားကြပြီး ကားငှားတဲ့သူတွေကို ကားသမားတွေက ဆန္ဒပြနေတာမို့လို့ ကားမထွက်ဘူးလို့ ပြောကြပါတယ်။

နယူးဒေလီမြို့သူမြို့သားတွေ အဓိက အားထားကြတဲ့ Metro ရထားဘူတာရုံ တချို့မှာ ရထားစောင့် နေတဲ့သူတွေနဲ့ ပြည့်နေပါတယ်။

လောင်စာဆီ ဈေးမြင့်မှု တွေကို ဖြေရှင်းပေးဖို့ အတိုက်အခံ ပါတီကြီး ဖြစ်တဲ့ BJP ပါတီနဲ့ လက်ဝဲပါတီတွေ ပါဝင်တဲ့ NDA (National Democratic Alliance) အဖွဲ့က တနင်္လာနေ့ မနက်ပိုင်းက စလို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေ သပိတ်ဆင်နွှဲ နေကြတာကြောင့်ပဲ ဖြစ်ပါတယ်။

ဓာတ်ဆီ တလီတာကို ၄၇ ရူပီးဝန်းကျင် ရှိနေတာမှာ ဇွန်လကုန်ကနေ စပြီး ဓာတ်ဆီ တလီတာကို ၃.၇၃ ရူပီးနဲ့ ဒီဇယ် တလီတာကို ၂ ရူပီး စီ အသီးသီး တိုးမြှင့် သတ်မှတ်လိုက်တဲ့အတွက် တလီတာလျှင် ရူပီး ၅၀ ၀န်းကျင် တက်သွားလို့ ပြန်လျှော့ချပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြတာဖြစ်ပါတယ်။

လောင်စာဆီဈေးတွေတက်တာဟာ အိန္ဒိယက လောင်စာဆီ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Bharat Petroleum, Hindustan Petroleum, IndianOil, Reliance, Essar နဲ့ Shell တို့ကိုပဲ အကျိုးအမြတ်တွေ ရစေမှာဖြစ်ပြီး ဘတ်စ်ကားခနဲ့ ကုန်ပစ္စည်း တွေ သယ်ယူပို့ဆောင်စရိတ်တွေ ဈေးမြင့်တက်တာတွေဖြစ်လာမှာကြောင့် ဒီအဖြစ်အပျက်ဟာ သာမန်လူတန်းစားတွေကို ထိခိုက်စေတယ်လို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။

ဆန္ဒပြဖို့ ဦးဆောင်နှိုးဆော်ခဲ့တဲ့ BJP ပါတီက ပြောရေးဆိုခွင့်ရှိသူ Ravi Shankar Prasad ကလည်း အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ အာဖဂန်နစ္စတန်တို့က လောင်စာဆီဈေးဟာ တလီတာကို ၃၃ ရူပီးထက် မပိုတဲ့ အချိန်မှာ အိန္ဒိယမှာတော့ လောင်စာဆီ တလီတာကို ၅၃ ရူပီးအထိ ပေးဝယ်နေရတာဟာ သာမန်လူတန်းစားတွေအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေတယ်၊ အစိုးရအနေနဲ့ ဒါကို ပြုပြင်ပေးသင့်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဆန္ဒပြသူတွေဟာ မြို့တော် နယူးဒေလီရဲ့ အဓိက လမ်းမကြီးတွေကို ပိတ်ဆို့ဆန္ဒပြကြသလို မြို့လယ်က Connaught Place, Khan Market စတဲ့ ဈေးကြီးတွေက ဆိုင်ခန်းတွေကို ပိတ်ခိုင်းခဲ့ကြပါတယ်။ ဆိုင်ပိတ်ဖို့ ငြင်းဆန်တဲ့ ဆိုင်ခန်းတွေ ကတော့ ဆန္ဒပြသူတွေရဲ့ ရိုက်နှက် ချိုးဖျက်တာတွေကို ခံကြရပါတယ်။

သုံးဘီး တက္ကစီတွေ လိုင်းကားတွေ မထွက်ဖို့ တားမြစ်တာကို မလိုက်နာတဲ့ ဘတ်စ်ကား ၂၅ စီးလောက်ဟာ ကားဘီးတွေ ဖောက်ခွဲပစ်တာ၊ မှန်တွေ ရိုက်ခွဲတာတွေကို ခံကြရပြီး ကိုယ်ပိုင်ကားနဲ့ သွားလာသူတချို့နဲ့ ဆိုင်ကယ်သမားတချို့ဟာ လည်း ဆန္ဒပြသူတွေရဲ့ အကြမ်းဖက် တားမြစ်တာတွေ ခံရတယ်လို့ နယူးဒေလီမြို့တော် ရဲတပ်ဖွဲ့က သတင်းသမားတွေကို ပြောပြပါတယ်။

လမ်းမကြီးတွေကို ပိတ်ဆို့ထားတာတွေကြောင့် ယာဉ်သွားလာမှုတွေ ရပ်တန့်သွားခဲ့ရပြီး အရေးပေါ်လူနာတင်ယာဉ်တွေ ဟာလည်း ပိတ်မိနေခဲ့တာကြောင့် ရဲတွေက ဆန္ဒပြသူတွေကို အင်အားသုံး ဖယ်ရှားခဲ့ရတယ်လို့ ရဲတွေက ပြောပြပါတယ်။

နယူးဒေလီမြို့သူမြို့သားတွေ အဓိက အားထားကြတဲ့ Metro ရထားဘူတာတွေ မပြေးဆွဲဖို့လည်း တိုက်တွန်းထားပြီး အချက်အချာကျတဲ့ Metro ဘူတာကြီးတွေဖြစ်တဲ့ Rajiv Chowk, Karil Bagh နဲ့ Patel Nagar ဘူတာတွေကို ၀င်စီးဖို့ ကြိုးစားကြတဲ့အတွက် လုံခြုံရေးတွေနဲ့ ဆန္ဒပြသူတွေကြား တင်းမာမှုတွေဖြစ်ပြီး ရထားပြေးဆွဲမှုတွေ ခေတ္တ ရပ်တန့်ခဲ့ရ ပါတယ်။

နယူးဒေလီ၊ မွန်ဘိုင်း၊ ပတ္တနားနဲ့ လက်ခနောင်းမြို့တွေမှာဆိုရင် ကားတာယာတွေကို မီးရှို့ပြီး လမ်းတွေ ပိတ်ဆို့ ဆန္ဒပြနေ သူ ဟာ ဆိုင်ခန်းတွေကို ဖျက်ဆီးတာ၊ ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်တာတွေ စတဲ့ အကြမ်းဖက်မှုတွေကိုလုပ်ဆောင်ခဲ့ကြလို့  ရဲတွေက မီးသတ်ပိုက်တွေနဲ့ပက်ပြီး အင်အားသုံးဖြိုခွဲခဲ့ရသလို ဆန္ဒပြသူတွေနဲ့ ရဲတွေအချင်းများပြီး ရိုက်နှက်မှုတွေ ဖြစ်ခဲ့ တာကြောင့် ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ အိန္ဒိယ သတင်းဌာနတွေက ဖော်ပြကြပါတယ်။

ဒီလို အဖြစ်အပျက်တွေကြောင့် ဆန္ဒပြဖို့ နှိုးဆော်ဟောပြောတဲ့ BJP ပါတီ ကခေါင်းဆောင် တဦးဖြစ်တဲ့ Nitin Gadkari, CPI D. Raja နဲ့ NDA (National Democratic Alliance) အဖွဲ့က တာဝန်ရှိသူတဦးဖြစ်တဲ့ Sharad Yadav အပါအ၀င် ဆန္ဒပြသူ ၄၀၀၀ ကျော်ကို တနင်္လာနေ့ နေ့လယ်ပိုင်းမှာပဲ ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ ရဲတပ်ဖွဲ့က သတင်းဌာနတွေကို ပြောပါတယ်။

ဆန္ဒပြမှုတွေကြောင့် နယူးဒေလီက ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ပိတ်လိုက်ရသလို ဆေးရုံဆေးပေးခန်းတွေရဲ့ ပြင်ပ လူနာဌာနတွေဟာလည်း ခြောက်ကပ်သွားခဲ့ရပါတယ်။

မွန်ဘိုင်းနဲ့ ကလကတ္တားမြို့မှာဆိုရင်လည်း ပြည်တွင်းလေကြောင်းလိုင်းတွေ ရပ်နားလိုက်ရသလို ရထားလမ်းတွေကို ပိတ် ဆို့ ဆန္ဒပြတာတွေကြောင့် အမြဲစည်ကားနေတတ်တဲ့ လေဆိပ်နဲ့ ဘူတာရုံတွေဟာ ရုတ်ချည်း ခြောက်ကပ်သွားခဲ့ရပါတယ်။

မွန်ဘိုင်း၊ ကလကတ္တားနဲ့ နယူးဒေလီမြို့စတဲ့ မြို့ကြီးတွေဆီကို ပျံသန်းတဲ့ လေယာဉ်ခရီးစဉ် ၄၀ နီးပါးဟာလည်း ဖျက်သိမ်း လိုက်ရပါတယ်။

အိန္ဒိယ သတင်းစာတွေမှာတော့ သာမန်လူတန်းစားတွေဖြစ်တဲ့ ရေခဲမုန့်ရောင်းသူတွေ၊ ဆံသဆိုင်တွေ၊ လက်ဖက်ရည်ဆိုင် တွေရဲ့ဝင်ငွေဟာ အရင်က တရက်ကို ရူပီး ၁၅၀ ကနေ ရူပီး ၄၀၀ အထိ ရှိခဲ့ပေမယ့် ဆန္ဒပြမှုတွေဖြစ်ပွားချိန်မှာတော့ သူတို့ ရဲ့ဝင်ငွေဟာ ရူပီး ၅၀ ကနေ ရူပီး ၁၅၀ အထိပဲ ရှိတော့တယ်လို့ ဆိုထားပါတယ်။

ဆန္ဒပြတာတွေကြောင့် နိုင်ငံတ၀န်း ထိခိုက်နစ်နာမှုဟာ အိန္ဒိယရူပီး သန်း ၁ ထောင် နီးပါးရှိတယ်လို့ အိန္ဒိယ စီးပွားရေး လုပ်ငန်းအစုအဖွဲ့ The Associated Chambers of Commerce and Industry of India (Assocham) က ထုတ်ပြန် လိုက်ပါတယ်။

ဒေလီပြည်နယ် ၀န်ကြီး Sheila Dikhsit ကတော့ ဆန္ဒပြသူတွေရဲ့လုပ်ရပ်တွေဟာ အဖတ်ဆယ်မရတဲ့ အရပ်ပျက် လုပ်ရပ် ဖြစ်ပြီး ဒါဟာ အတိုက်အခံတွေအပေါ် ဆိုးဝါးတဲ့ လှုံ့ဆော်တုံ့ပြန်မှုတွေပဲ ဖြစ်လာနိုင်တယ်လို့ သတင်းထောက်တွေကို ပြော ဆို ခဲ့ပါတယ်။

သူက “ဈေးတွေမြင့်တက်လာတာမှန်ပေမယ့် BJP က ပြောသလို အလုံးစုံ ပိတ်ဆို့ ဆန္ဒပြတာကို လူတွေလိုက်လုပ်ဖို့ဆိုတာ ခက်ခဲပါတယ်” လို့ ပြောခဲ့ပါတယ်။

အတိုက်အခံပါတီတွေ ကြီးစိုးတဲ့ ဒေသတွေဖြစ်တဲ့ West Bengal ပြည်နယ်၊ Uttar Pradash ပြည်နယ်နဲ့ အိန္ဒိယအရှေ့ပိုင်း ပြည်နယ်တချို့တို့မှာ အလားတူ ပိတ်ဆို့ဆန္ဒပြမှုတွေကို လုပ်နေကြပေမယ့် တဖက်မှာလည်း အခြေခံ လူတန်းစား တွေက တော့ ဆန္ဒပြမှုတွေကို သဘောမတူကြဘူးလို့ အိန္ဒိယ သတင်းဌာနတွေက ဖော်ပြကြပါတယ်။

နယူးဒေလီမြို့ပေါ်က အလုပ်သမားတွေ ၀န်ထမ်းတွေကို Hindustan Times သတင်းဌာနက မေးမြန်းချက် တခုမှာတော့ ဆောက်လုပ်ရေး နေ့စား အလုပ်သမားတယောက်က “ဆန္ဒပြတယ် လမ်းပိတ်တယ်ဆိုပြီး ကျနော် အလုပ်မသွားရင် ကျနော် ဘာသွားစားရမလဲ” လို့ ဖြေကြားတာ၊ မုန့်ဆိုင်ပိုင်ရှင်တွေရဲ့ “ဆန္ဒပြလို့ ကျနော်တို့ ဆိုင်မထွက်ရင် ကျနော်တို့ပဲ ဒုက္ခရောက်မှာပေါ့။ ၀င်ငွေတော့ နည်းသွားတာမှန်ပေမယ့် စားဝတ်နေရေးအတွက် ဆိုင်ကတော့ ထွက်နေရမှာပဲ” လို့ ဖြေကြားတာတွေ၊ ရုံးဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေရဲ့ “လမ်းပိတ်တော့ အလုပ်နောက်ကျတာတော့ရှိတယ်၊ ဒါပေမယ့် အလုပ်ကတော့ သွားရမှာပါပဲ” ဆိုတာတွေကို မြင်ကြ၊ ကြားကြရပါတယ်။

နယူးဒေလီ မြို့ခံတချို့ကတော့ ပိတ်ဆို့ ဆန္ဒပြမှုတွေဟာ ဈေးနှုန်းကျဆင်းဖို့ ထိရောက်တဲ့ လုပ်ဆောင်ချက်မဟုတ်တဲ့ အပြင် အခြေခံလူတန်းစားတွေကို ထိခိုက်မှု ပိုမိုဖြစ်စေတယ်လို့ ပြောဆို ဝေဖန်နေကြပါတယ်။

လက်ရှိ အာဏာရ Congrass ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ Jayanti Natarajan က အတိုက်အခံပါတီတွေရဲ့လုပ်ရပ်ဟာ ကြေးစားလူမိုက်ဆန်တဲ့လုပ်ရပ် သက်သက်ဖြစ်တယ်လို့ ဆိုပါတယ်။

အတိုက်အခံတွေကတော့ ဒါဟာ အိပ်ပျော်နေတဲ့ အစိုးရကို နိုးထလာအောင်လုပ်တာဖြစ်တယ်လို့ ဆိုကြပါတယ်။

NDA က တာဝန်ရှိသူတဦးလည်းဖြစ်၊ JD ပါတီခေါင်းဆောင်တဦးလည်းဖြစ်တဲ့ Mr Sharad Yadav ကတော့ အခုလို လမ်းပေါ်လူတွေ ထွက်လာတာဟာ စည်းလုံးမှုကို ပြတာပဲ။ ဆန္ဒပြမှုတွေကို ဆက်လုပ်နေဦးမယ်။ ၀န်ကြီးချုပ်ဟာ ဈေးတွေကို ကျအောင်လုပ်ပေးရင်လုပ်ပေး၊ မဟုတ်ရင်တော့ သူ့နေရာကနေ ဖယ်ပေးရမယ်” လို့ ထိန်းသိမ်းမခံရခင်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

လမ်းပေါ်ထွက် ဆန္ဒပြသူတွေကတော့ ဒီကိစ္စကို အစိုးရက မဖြေရှင်းပေးသရွေ့ အထွေထွေ သပိတ်မှောက် ဆန္ဒပြတာတွေ လုပ်နေဦးမယ်၊ လမ်းပေါ်ကတောင်းဆိုမှုတွေကို ပါလီမန်ရောက်တဲ့အထိ လုပ်ဆောင်သွားမယ်လို့ ပြောဆိုနေကြပါတယ်။

ဤ သတင်းဆောင်းပါးအား အိန္ဒိယနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းထောက် ဇာနည်မာန်က နယူးဒေလီမြို့ မှ ရေးသား ပေးပို့ခြင်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်