ရာသီမရွေး သွေးလွန်တုပ်ကွေး ရောဂါ

အသားအရေ ညိုခြောက်ခြောက်နှင့် ခပ်ပိန်ပိန် ကလေးငယ်တဦး တိုးတိမ်လှသော အသံလေးဖြင့် တအင်အင် ညည်းညူနေသည်။

သွေးလွန် တုပ်ကွေး ဖြစ်ကာ သွေးလန့်ပြီး ရန်ကုန် ကလေး ဆေးရုံကြီးသို့ ရောက်လာသော အသက် ၅ နှစ်အရွယ် ကလေးကို သွေးရည်ကြည် သွင်းထားခြင်း ဖြစ်၏။

သူ့ တကိုယ်လုံး ပူခြစ်နေ သော်လည်း ခြေဖျား လက်ဖျားများက အေးစက် နေသည့် အတွက် မိခင်ဖြစ်သူက စိုးရိမ်ပူပန်သည့် အကြည့်ဖြင့် ကြည့်ရင်း ကလေး၏ ခြေဖျားတို့အား ဆုပ်နယ် ပေးရင်း ပါးစပ်ကလည်း ဘုရားစာ ရွတ်လျက် ရှိသည်။ မိခင်၏ မျက်ရည်ပေါက် ကြီးများက ကလေး ခြေထောက် ပေါ်သို့ တပေါက်ပေါက် ကျနေသည်။ ဖခင်ဖြစ်ဟန် တူသော အသက် ၃၀ ကျော်အရွယ် အ၀တ်အစား ခပ်နွမ်းနွမ်းနှင့် အမျိုးသား ကတော့ တစက်စက် ကျနေသော သွေးရည်ကြည် ပုလင်းကိုသာ ငေးကြည့်လျက် ရှိသည်။

ထိုအခန်းထောင့် ခုတင်နှင့် ကပ်လျက် ညာဘက်ဘေးခုတင်မှ အသက် ၁၁ နှစ် ၀န်းကျင်အရွယ် ဖြူဖျော့ဖျော့ မိန်ကလေး သည်လည်း ကိုယ်ပူရှိန်ကြောင့် မှိန်းလျက်နေသည်ကို တွေ့ရသည်။

မိခင်ဖြစ်သူ မပြုံးပြုံးချိုသည်လည်း ကလေးမလေး၏ ခုတင်ဘေးတွင် သောက မကင်းသော မျက်နှာဖြင့် ခပ်ငိုင်ငိုင် ထိုင်လျက်ရှိသည်။

သမီးဖြစ်သူ ဖျားသည်ကို သိသည့်နေ့က ရပ်ကွက်အတွင်းရှိ ဆေးဆိုင်မှ ဆေးဝယ်တိုက် ခဲ့သေးကြောင်း၊ ထိုမှ ၂ ရက် ၃ ရက် ကြာသည်အထိ မသက်သာသည့် အတွက် ရပ်ကွက် ဆေးခန်းတွင် ပြကြည့်ရာ ကလေးဆေးရုံကြီးသို့ အမြန်သွားရန်
ညွှန်ကြားသောကြောင့် ရောက်လာခြင်း ဖြစ်ကြောင်း၊ ဖခင်ဖြစ်သူမှာ အလယ်တန်းပြ ကျောင်းဆရာဖြစ်ပြီး ဆေးဖိုး ရှာနေသည့် အတွက် လိုက်မလာနိုင်သေးကြောင်း မပြုံးပြုံးချိုက ပြောပြသည်။

“ကလေးဖျားတိုင်း ဆေးခန်းဘယ်ပြေးနိုင်ပါ့မလဲ၊ ဆေးခန်းက တခါသွားရင် အနည်းဆုံးငွေ ၂ ထောင်လောက် ပေးရတာဆိုတော့ ဆေးဆိုင်က ဆေးပဲ အရင် ၀ယ်တိုက်လိုက်တာ။ နောက်ဆုံး မသက်သာတော့မှဘဲ ဆေးခန်းသွားတာ” ဟု သူက ဆိုသည်။

သူတို့ ဘေးခုတင်က ကလေးကိုတော့ မိခင်ဖြစ်ဟန်တူသော အမျိုးသမီးက ရေပတ် တိုက်ပေးနေသည်။ ထိုကလေးက အသက် ၁၂ နှစ်၊ ၁၃ နှစ်ခန့် ရှိပြီ။ အပူရှိန်ကြောင့် မျက်နှာ တပြင်လုံး နီလျက်၊ မှေးစင်းသော မျက်လုံးများဖြင့် ကြည့်ရင်း အသက်ရှု မမှန် ဖြစ်နေသည်။

သမီးဖြစ်သူအား ရပ်ကွက်ထဲမှ ဆေးခန်းတွင် ပြနေရာမှ သွေးလွန်တုပ်ကွေးဟု သိသိချင်း ကလေးဆေးရုံကြီးသို့ ပြေးလာ ခဲ့သောကြောင့် သွေးလန့်သော လက္ခဏာ မတွေ့ရကြောင်း၊ သို့သော် စဖျားစဉ်ကတည်းက အပူချိန် ၁၀၃ ဒီဂရီဖာရင်ဟိုက်မှ မကျသေးသောကြောင့် စိတ်ပူကြောင်း မိခင်ဖြစ်သူ ဒေါ်ဆွေဦးမြင့်က ပြောသည်။

သူတို့ခုတင်၏ ဘေးဘက်နှင့် ခြေရင်းဘက် ခုတင်များပေါ်တွင် သွးလွန်တုပ်ကွေးဖြစ်နေသည့် ကလေး များနှင့် အပြည့် ဖြစ်နေသည့်အပြင် လူသွားလမ်းဘေး တဘက်တချက်နံရံ ဘက်သို့ ကပ်ပြီး ခုတင်များချကာ အသစ်ရောက်လာသော ကလေးလူနာများအား နေရာချပေးနေရသည်။

လူသွားလမ်းဘေး ထိတ်ဆုံးကုတင်မှ အသက် ၈ နှစ်အရွယ် မိန်းကလေးက ဓာတ်ဆားရည်ကို မသောက်ချင်သောကြောင့် ငြင်းဆန်နေသည်။ မိခင်ဖြစ်သူကလည်း စတီးလ် သောက်ရေခွက်နှင့် ထည့်ထားသည့် ဓာတ်ဆားရည်ကို သောက်ရန် ကလေးအား ချော့နေသည်ကို တွေ့ရသည်။

“ကလေးအများစုက သွေးလန့်တော့မှ မကူနိုင် မကယ်နိုင်ဖြစ်ပြီး ဆးရုံရောက်လာကြတာ များပါတယ်၊ ပြောရရင် သေကောင် ပေါင်းလဲ ဖြစ်မှ ရောက်လာကြတာ” ဟု ရန်ကုန် ကလေးဆေးရုံ ကုသဆောင် ၃ မှ လက်ထောက်ဆရာဝန်တဦးက ပြောသည်။

ယခုနှစ် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီး ကလေးဆေးရုံ ရောက်လာသည့် ကလေးအရေအတွက်မှာ ယခင်နှစ်ကထက် ပိုများသည်ဟု သူက ဆိုသည်။

“သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးတိုင်းတော့ မသေပါဘူး၊ ဒါပေမယ့် ဆေးရုံဆေးခန်း အရောက်နောက်ကျတဲ့ ကလေးတွေ ကတော့ စိုးရိမ်ရတယ်” ဟု ဆရာဝန်က ပြောသည်။

ဇွန်လမှ စတင်၍ ကလေးဆေးရုံကြီးသို့ သွေးလွန်တုပ်ကွေး ရောဂါဖြင့် ရောက်ရှိလာသော ကလေးအရေအတွက်မှာ နေ့စဉ် ၄၀ မှ ၅၀ အကြားတွင် ရှိနေကြောင်း အဆိုပါ ဆရာဝန်ထံမှ သိရှိရသည်။ ရန်ကုန်တိုင်းအတွင်း ၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လကုန်အထိ
သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု စာရင်းများအရ ဖြစ်ပွားသူပေါင်း ၁၂၅၀ ကျော်ခန့်ရှိပြီး သေဆုံးသူ ၁၁ ဦးရှိပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၂၀၀၉ ခုနှစ်တွင် ဇန်န၀ါရီလမှ ဇွန်လကုန်အထိ ဖြစ်ပွားသူပေါင်း ၉၃၀ နှင့် သေဆုံးသူ ၁၁ ဦး၊ ၂၀၀၉ ခုနှစ် တနှစ်လုံးတွင် ဖြစ်ပွားသူ ၃၃၃၃ ဦးရှိပြီး သေဆုံးသူ ၃၈ ဦးရှိခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်တွင်လည်း ဇန်န၀ါရီလမှ ဇွန်လအထိ ဖြစ်ပွားသူ ၁၃၀၀ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၄ ဦးရှိကြောင်း၊ တနှစ်ပတ်လုံးတွင် ၃၆၀၄ ဦးဖြစ်ပွားကာ သေဆုံးသူ ၃၁ဦးရှိခဲ့ကြောင်းနှင့် ၂၀၀၇ ခုနှစ်တွင်
ဇန်န၀ါရီင်္လမှ ဇွန်လအထိ ဖြစ်ပွားသူ ၁၀၅၁ ဦးရှိကာသေဆုံးသူ ၇ ဦးရှိခဲ့ကြောင်း၊ တနှစ်ပတ်လုံးတွင် ဖြစ်ပွားသူပေါင်း ၄၉၄၈ ဦးရှိပြီး ၅၄ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်ကလေးဆေးရုံကြီးမှ မှတ်တမ်းများအရ သိရှိရသည်။

သွေးလွန်တုပ်ကွေး ရောဂါသည် မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက် ရှိနေဆဲ ရောဂါဖြစ်ပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် အသက်အရွယ်မရွေး၊ အချိန်အခါမရွေး၊ နေရာမရွေး ဖြစ်ပွားတတ်သော ရောဂါ တခုဖြစ်လာကြောင်း အထူးကုဆရာဝန်ကြီးတဦးက ပြောသည်။

“အဓိက ကတော့ နေ့ခင်းဘက်မှာ ကိုက်တတ်တဲ့ (Aedes) အေးဒီးစ် ခြင်ကျားကြောင့် ဖြစ်တာ။ အများဆုံးဖြစ်ကြတာတော့ ကလေးတွေပေါ့။ ဒါပေမယ့် ကလေးတွေမှ ရွေးဖြစ်တယ်လို့ ပြောလို့ မရတော့ဘူး။ အသက်အရွယ်မရွေး၊ ရာသီမရွေး ဖြစ်နိုင်တယ်လို့ ပြောရတော့မယ်” ဟု အဆိုပါ ဆရာဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံ အခြေအနေရ နွေဥတုနှင့် ဆောင်းဥတုတို့တွင် ရေရှားခြင်း၊ ရေချိုရေသန့် ပြတ်လပ်ခြင်းတို့နှင့် ကြုံတွေ့ကြ ရသောကြောင့် မိုးတွင်းကာလတွင် ရေချိုစုဆောင်း သိုလှောင်ထားကြရာမှ ခြင်ခိုအောင်းစရာ နေရာများ ဖြစ်ပေါ်လာကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသော အေးဒီးစ် ခြင်ကျားများမှာ ရေကြည်ရေသန့်များတွင် ပေါက်ပွားနိုင်ပြီး ရေသိုလှောင် ထားရာနေရာ တို့တွင် ခိုကပ်ကြရာမှ ရာသီမရွေး သွေးလွန်တုပ်ကွေး ဖြစ်ပွားနေကြခြင်း ဖြစ်ကြောင်း ပညာရှင်များ၏ သုံးသပ်ချက် အရ သိရသည်။
ထို့အပြင် ယခုအခါ အဆိုပါ အေးဒီးစ်ခြင်များမှာ မျိုးဗီဇ ပြောင်းလဲမှုများကြောင့် မြင့်မြင့် ပျံသန်းလာနိုင်ပြီး ကုန်တင်ယာဉ် များတွင်လည်း တွယ်ကပ်လိုက်ပါ သွားနိုင်ခြင်းတို့ကြောင့် နေရာဒေသမရွေး သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားနေကြခြင်း ဖြစ်ကြောင်း သိရသည်။

အောက်မြန်မာပြည် ဆေးဘက်ဆိုင်ရာ ပိုးမွှားလေ့လောသော ကိမိလဗေဒ သုတေသန ဌာနခွဲမှ အကြီးတန်းအရာရှိ တဦးကလည်း မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားရခြင်းမှာ လူနေမှုအဆင့်အတန်း နိမ့်ပါးရခြင်းက အဓိက ပြဿနာတရပ်ဖြစ်ပြီး ဆင်းရဲမွဲတေကြခြင်းက ပြဿနာကြီး တရပ်ဖြစ်ကြောင်း ပြောသည်။

“သွေးလွန်တုပ်ကွေး ဖြစ်ကြတာကို ကြည့်တဲ့အခါ ဆင်းရဲသား မိသားစုတွေနဲ့ ကျန်းမာရေး အသိနည်းတဲ့ မိသားစုတွေမှာ ဖြစ်ကြတာ များတယ်။ မိသားစုတိုင်းမှာ ကျန်းမာရေးအတွက် လုံလောက်တဲ့ငွေကြေးရှိဖို့၊ ကျန်းမာရေး အသိရှိဖို့ လိုတယ်။
စည်ပင်သာယာကလည်း မြို့တွင်း ရေစီးရေလာကောင်းအောင် လုပ်ပေးဖို့ မြောင်းတွေကို ပုံမှန်ဖော်ပေးနေဖို့ လိုပါတယ်။
တကယ် လုပ်ပေးဖို့ လိုတာပေါ့” ဟု အဆိုပါ အရာရှိက ပြောသည်။

ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားနေသော မြို့နယ်များမှာ အင်းစိန်မြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊
လှိုင်သာယာမြို့နယ်၊ သာကေတမြို့နယ်၊ သင်္ယန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ တွံတေးမြို့နယ်၊ ဒလမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ ဖြစ်ကြောင်း စာရင်းများအရ သိရှိရသည်။

လှိုင်သာယာမြို့နယ်တွင် ယခုနှစ်ဇွန်လ အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၇ ဦးရှိခဲ့ပြီး ၂ ဦးသေဆုံးခဲ့ကြောင်း
သိရှိရသည်။

အခြေခံလူတန်းစား အများဆုံးနေထိုင်သော လှိုင်သာယာမြို့နယ်သည် ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံး မြို့နယ် တမြို့နယ်ဖြစ်သည်ဟု သိရသည်။

ခင်ပွန်းဖြစ်သူ အလယ်တန်းပြဆရာ၏လစာ၊ ဘုရင့်နောင်ပွဲရုံတွင် သူကိုယ်တိုင် နေ့စား စားရေးလုပ်သဖြင့် ရရှိသည့် တနေ့ ဝင်ငွေ  ကျပ် ၂၀၀၀ နှင့် မိသားစုဝင် ၇ ဦးရှိသည့် သူတို့ မိသားစုများအတွက် ဆေးခန်းတခါပြခ ကုန်ကျစရိတ် ၂၀၀၀ ကျပ် ဆိုသည်မှာ သုံးစွဲရန် စဉ်းစားရသော ပမာဏ ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်မှ နေ၍ ကလေးဆေးရုံတွင် သမီးဖြစ်သူ၏ သွေးလွန်တုပ်ကွေး ရောဂါကို လာရောက်ကုသနေရသော မပြုံးပြုံးချိုက ပြောပြသည်။

“ကလေးဆေးရုံမှာ ကုတော့လည်း ရောဂါ အခြေအနေပေါ် မူတည်ပြီး တနေ့ကို ကျပ် ၁ သောင်းဝန်းကျင်လောက်ကနေ အများဆုံး ၅ သောင်း ၀န်းကျင်အထိ ကုန်တာ” ဟု သူက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်