ပျော်ရွှင်ခြင်းဂေဟာ

ပျော်ရွှင်ခြင်းဂေဟာ(Happiness Home)ဆိုတဲ့ ဆိုင်းဘုတ်တပ်ထားတဲ့ ခြံတံခါးဝကို ဖြတ်ကျော်လိုက်တာနဲ့ ခြံဝင်းရဲ့ ဘယ် ဘက် ရက်ကန်းစင်လေးက လေးတိလေးတွဲ ဂျောက်ဂျက်မြည်နေတဲ့ ရက်ကန်းခတ်သံ၊ ခြံဝင်း အနောက်ဘက် ပန်းပဲဖိုက စည်းချက်မမှန်တဲ့ တတုံတုံ တူထုသံတွေက ဆီးကြိုလိုက်ပါတယ်။

DSC01197သန့်ရှင်းသပ်ရပ်နေတဲ့ ခြံဝင်းထဲမှာတော့ တံမြက်စည်း လှည်းနေတဲ့သူ၊ နေပူစာလှုံနေတဲ့သူ တချို့ကိုလည်း တွေ့ရပါတယ်။ ခြံဝင်းရဲ့ဘယ်ဘက် စာသင်ဆောင်လေးဆီကနေ ပွင့်ထွက်လာတဲ့ ကလေးငယ်လေးတွေရဲ့တစာစာ စာအံသံတွေကို လည်း ကြားနေရပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်ပြည်နယ် ကျူရာချန်ပူမြို့လေးက ဒီ ပျော်ရွှင်ခြင်း ဂေဟာလေးကို ရောက်လာတဲ့သူ အများစု ကတော့ မြန်မာနိုင်ငံက အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်တွေပါပဲ။

ဂေဟာကို ရောက်လာတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့သူတယောက်က“ဒီ လာဖူးတဲ့ သင်းအုပ်ဆရာတယောက်က ပြောပြလို့ ကျမရှိတာလေးတွေ ရောင်းပြီး လာခဲ့တာ။ ဒီမှာက မြန်မာပြည်မှာလို ခွဲခြားတာ နှိမ်တာ မခံရဘူး။ တအား စိတ်ချမ်းသာ တယ်။ အခုဆို ကျမ မြန်မာပြည်မှာနေတုန်းကထက် နေကောင်းနေတယ်”လို့ ပြောပြပါတယ်။

အဲဒီ အသက် ၃၀ အရွယ် ကလေးမြို့သူဟာ သူ့ရဲ့အမျိုးသားဆီကနေ အိတ်ခ်ျအိုင်ဗီ ဝေဒနာ ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ သူ့အမျိုးသားကို ဆေးကုပေးရင်း သူတို့ပိုင်တဲ့ ကုန်စုံဆိုင်လေး ဆုံးရှုံးသွားခဲ့ရပါတယ်။ သူ့မှာလည်း ရောဂါကူးစက် ခံထားရ တယ် ဆိုတာကို သိလိုက်ရချိန်မှာတော့ ဆွေမျိုး အသိုင်းအ၀ိုင်းတွေက ငြိုငြင်တာ၊ ပစ်ပယ်တာတွေ ခံစားရတယ်လို့ သူက ပြောပြပါတယ်။

“အဒေါ်တွေဆို ကျမကို သူတို့နဲ့ ထမင်းတူတူ မစားခိုင်းဘူး။ ပန်းကန်ကိုလည်း သပ်သပ်ထားတယ်။ အိမ်သွားလည်ရင် ကျမ ကို အိမ်ထဲ ၀င်မထိုင်ခိုင်းဘူး။ လှေကားမှာပဲ နေရတယ်။ ကျမမှာ အမြဲ မျက်ရည်နဲ့ပဲ နေရတယ်။ ဒီမှာကျတော့ ကျမတို့ကို နှစ်သိမ့်ဆွေးနွေးတဲ့ အစ်မတွေက ကျမအစားစားရင် ဟေ့ ဘာလို့ ဖွက်ပြီးစားနေလဲ တို့လည်းစားမယ်ဆိုပြီး လုစားကြတာ” လို့ ၀မ်းနည်းဝမ်းသာ ပြောပြပါတယ်။DSC01202

သူ ကလေးမြို့မှာ ဆေးကုသမှု ခံယူတုန်းက အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်တွေကိုပေးတဲ့ အေအာရ်ဗီ ဆေးကို သောက်သုံးခွင့် မရခဲ့ပေမယ့် ပျော်ရွှင်ခြင်း ဂေဟာကို ရောက်လာချိန်မှာတော့ ဆေးသောက်ခွင့်၊ ကောင်းကောင်းမွန်မွန် ဆေးကုသခွင့်တွေ ရခဲ့လို့ ကျန်းမာလာပြီလို့ ပြောပြပါတယ်။

ဝေဒနာရှင်တွေက မြန်မာနိုင်ငံထဲမှာနေတုန်းက ဆေးကုသဖို့ ငွေကြေးမတတ်နိုင်တာတွေ၊ အေအာရ်ဗီ ဆေး အခမဲ့ မရတာ တွေကြောင့် ပျော်ရွှင်ခြင်း ဂေဟာကို လာရောက်ဆေးကုသမှု ခံယူကြတာလို့ သိရပါတယ်။

ဂေဟာအတွင်းက သူတို့ နေထိုင်တဲ့ နေရာလေးတွေကတော့ သပ်သပ်ရပ်ရပ် လှည်းကျင်းထားပြီး ချက်ပြုတ်စားစရာ အိုးခွက် ပန်းကန်တွေကိုလည်း အစီအရီ တွေ့ရပါတယ်။

နားနေဆောင်လေးတွေရဲ့ တဖက်မှာတော့ စာသင်ဆောင်လေးတခု ရှိပါတယ်။ စာသင်ခန်းထဲမှာတော့ ၅ နှစ်ကနေ ၁၃နှစ် လောက်အထိ အရွယ်စုံ ကလေးငယ် ၂၀ ကျော်ကို စာရေးသူရေး၊ စာဖတ်သူဖတ်နဲ့တွေ့ရပါတယ်။ ဝေဒနာရှင်လည်း ဖြစ်တဲ့ ဆရာမလေးက ကလေးတွေကို အိန္ဒိယက သင်ရိုးညွှန်းတမ်းအတိုင်း စာသင်ပေးနေတာ တွေ့ရပါတယ်။ စာမေးပွဲကိုတော့ သူတို့အတွက် သတ်မှတ်ပေးထားတဲ့ မူလတန်း၊ အလယ်တန်းကျောင်းတွေမှာ သွားဖြေကြတယ်လို့ သိရပါတယ်။

ကျူရာချန်ပူက အလယ်တန်းကျောင်းတခုမှာ စာမေးပွဲဖြေမယ့် ကျောင်းသူလေးတယောက်က“သမီး ဆရာဝန်ဖြစ်ချင်လို့ စာကြိုးစားတယ်။ ဆရာဝန်ဖြစ်ရင် မြန်မာပြည်က သမီးအမေလို ဝေဒနာရှိတဲ့သူတွေကို ဆေးကုပေးချင်တယ်”လို့ ပြောပြပါ တယ်။

အိတ်ခ်ျအိုင်ဗီ ရောဂါပိုး ကူးစက်မှု မရှိသေးတဲ့ သူလေးရဲ့ ဖခင်ဖြစ်သူကတော့ ဆုံးပါးသွားခဲ့ပြီဖြစ်ပြီး ဝေဒနာရှင် မိခင် ကတော့ ဂေဟာမှာ ဆေးကုသမှု ခံယူနေတာပါ။

ပြည်နယ် ခွဲထွက်ရေး သူပုန်တွေ အန္တရာယ်ကြောင့် လုံခြုံရေး တင်းကျပ်လှတဲ့ အိန္ဒိယ-မြန်မာနယ်စပ် တလျှောက်က စစ်ဆေးရေး ဂိတ်တွေကို မကြောက်မရွံ့ဖြတ်ကျော်လာပြီး ဒီဂေဟာမှာ ဆေးလာကုနေတဲ့ ဒီဝေဒနာရှင်တွေ အများစုက စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ချင်းပြည်နယ်ကနေ လာတဲ့သူတွေပါပဲ။

ဂေဟာ စတင်ဖွင့်လှစ်တဲ့ ၂၀၀၇ ခုနှစ်မှာတော့ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ်ပြည်နယ်က ဒေသခံ တချို့သာရှိခဲ့ပေမယ့် နောက်ပိုင်း ဂေဟာရဲ့အကြောင်း လူသိများလာချိန်မှာတော့ မြန်မာနယ်စပ် မြို့ငယ်ရွာငယ်လေးတွေက မြန်မာနိုင်ငံသား တွေ လာရောက်တာ တစစ များလာခဲ့လို့ အခုဆိုရင် မြန်မာနိုင်ငံသားတွေချည်း ၉၅ ရာခိုင်နှုန်း ရှိလာတယ်လို့ ဂေဟာကို စတင်တည်ထောင်ခဲ့တဲ့ မဏိပူရ်ပြည်နယ်သား ခရစ်ယာန် သင်းအုပ်ဆရာ ဘီရာမ က ပြောပြပါတယ်။

“မြန်မာနိုင်ငံမှာက သူတို့ ဆေးကုသခွင့် ကောင်းကောင်း မရကြဘူးထင်တယ်။ ဂေဟာအကြောင်း တယောက် စကား တယောက် နား ကြားလာကြတော့ နယ်စပ်ကိုဖြတ်ပြီး လာတဲ့သူတွေ တနှစ်ထက် တနှစ်များလာတယ်။ အိန္ဒိယ အစိုးရ ကတော့ ဆေးအကူအညီပဲ ပေးနိုင်တယ်။ MSF(နယ်စည်းမခြား ဆရာဝန်များအဖွဲ့)ကလည်း ဆေးတွေ အခမဲ့ပေးတယ်” လို့ သူက ပြောပြပါတယ်။

ဝေဒနာရှင်တွေဟာ ဂေဟာမှာ အနည်းဆုံး ၆ လ နေထိုင်ဆေးကုကြပြီး ခုခံအား စနစ်အတွက် သွေးဖြူဥ ဆဲလ် အရေ အတွက်(CD4) စစ်ဆေးကြတဲ့အခါ CD4 အရေအတွက် များလာပြီဆိုရင်တော့ နေရပ်ကို သောက်စရာဆေးတွေ ယူသွား ပြီး ခဏပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။

“ဒီလိုပဲ ၆ လတခါ လာလိုက်ကြ ပြန်လိုက်ကြနဲ့ ဂေဟာမှာ လူအနည်းဆုံး ၈၀၊ ၁၀၀ လောက်က အမြဲရှိနေတယ်။ ကျနော် တို့ အတွက် အခက်အခဲကတော့ ဝေဒနာရှင်တွေ ဒီမှာ သေဆုံးသွားရင် သူတို့က နေရပ်မှာပဲ ပြန်သင်္ဂြိုဟ်ချင်ကြတော့ အလောင်းကိုပြန်သယ်ဖို့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းရတာတွေပေါ့။ မရရင်တော့လည်း ဒီမှာပဲ သင်္ဂြိုဟ် ပေးရတယ်”လို့ ဆရာက ပြောပြပါတယ်။

ဝေဒနာရှင်တွေ ဒီလို သေဆုံးတဲ့အခါကျရင် သေဆုံးလက်မှတ်တွေ၊ သွားလာခွင့်တွေကို ဒေသခံ အာဏာပိုင်တွေနဲ့ ညှိနှိုင်း  လုပ်ပေးရပြီး နယ်စပ်အခြေအနေ ရှုပ်ထွေးနေတဲ့ အချိန်မျိုးမှာတော့ ဖြတ်သန်းသွားလာခွင့် မရလို့ ကျူရာချန်ပူမြို့မှာပဲ သင်္ဂြိုဟ် လိုက်ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဂေဟာ အတွက် အကူညီတချို့ပေးနေတဲ့ မြန်မာနိုင်ငံ အမျိုးသမီးများ သမဂ္ဂက ကျန်းမာရေး ပညာပေး တာဝန်ခံ မသီတာခိုင် က“ကျမတို့ ဘက်ကတော့ သူတို့ သေဆုံးတဲ့အခါ ဖြတ်သန်းခွင့်ရဖို့ လိုက်လုပ်ပေးရတာမျိုးတွေရှိတယ်။ နောက် သူတို့က မဏိပူရ်စကားမတတ်တော့ ဆေးရုံသွားတဲ့အခါမျိုးမှာ ဘာသာပြန်လိုက်လုပ်ပေးရတာတွေရှိတယ်။ ဂေဟာ အတွက် လိုအပ်တဲ့ အစားအစာ အထောက်အပံ့တချို့နဲ့ ကလေးတွေ စာသင်ပေးတဲ့ ဆရာမအတွက် လခ လိုမျိုး တတ်နိုင်သလောက် ထောက်ပံ့ပေးတာလေးတွေ ရှိပါတယ်”လို့ ပြောပြပါတယ်။

ဂေဟာအတွက် လိုအပ်တဲ့ အစားအသောက်၊ နေထိုင်မှု အထောက်အပံ့တွေကိုတော့ အလှူရှင်တွေဆီက ရတာရှိသလို သွားလာလုပ်ကိုင်နိုင်သေးတဲ့ ဝေဒနာရှင်တွေက ရက်ကန်းရက်တာ၊ ဆန်စက်၊ သစ်စက်၊ လက်သမား လုပ်ငန်း၊ ပန်းပဲ လုပ်ငန်း၊ ပန်းရန် စတာတွေမှာ အလုပ်လုပ်ရင်းနဲ့ ရတဲ့ဝင်ငွေ၊ ဂေဟာကထွက်တဲ့ လက်မှုပစ္စည်းတွေ ရောင်းချရတဲ့ ၀င်ငွေ တွေ နဲ့ ၀ိုင်းဝန်း ထောက်ပံ့ပြီး ရပ်တည်နေကြတာလို့ ဆိုပါတယ်။

ဆေးကုသမှုအတွက်ကတော့ MSF က ဆရာဝန်တွေက အလှည့်ကျ ကြည့်ရှုပေးတာတွေလည်း ရှိပြီး ကျူရာချန်ပူက လုပ်အားပေး သူနာပြုတွေကလည်း လာကြည့်ပေးကြတယ်လို့ သိရပါတယ်။

လူဦးရေ ၂ သန်းခွဲလောက်သာရှိတဲ့ မဏိပူရ်ပြည်နယ်လေးဟာ မြန်မာနိုင်ငံက ဘိန်းဖြူမှောင်ခို သယ်ဆောင်ရာ လမ်းပေါ် ရောက်နေတဲ့အတွက် မူးယစ်ဆေးသုံးသူတွေရဲ့ ဆေးထိုးအပ်ကတဆင့် ရောဂါပိုး ကူးစက်မှုနှုန်းက မြန်မြန်ဆန်ဆန် တိုး လာနေတယ် လို့ အိန္ဒိယ သတင်းတွေက ဖော်ပြပါတယ်။

၁၉၈ဝ နောက်ပိုင်းကစပြီး ရောဂါပိုး ကူးစက်မှုနှုန်း မြန်ဆန်မြင့်တက်လာနေပြီး အခုလက်ရှိမှာလဲ မဏိပူရ်ပြည်နယ်က လူ ၁၀၀ မှာ ၂ ယောက်နှုန်းနဲ့ ကူးစက်မှုတွေ ဖြစ်နေတာကြောင့် ရောဂါကူးစက်ခံရသူ ရာခိုင်နှုန်း အများဆုံးရှိတဲ့ ပြည်နယ်ပဲ ဖြစ်ပါတယ်။ အိန္ဒိယ တနိုင်ငံလုံးမှာတော့ အိတ်ခ်ျအိုင်ဗီ ရောဂါပိုး ကူးစက်ခံထားသူ ၅ သန်းခွဲကျော် ရှိနေတယ်လို့ သတင်း တွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကတော့ ဝေဒနာရှင် ၂ သိန်း ၄ သောင်း ကျော်ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့၂၀၁၀ အစီရင်ခံစာက ဆိုထားပါတယ်။ ဝေဒနာ ခံစားနေရတဲ့ ကလေးငယ်တွေဟာလည်း ၁ သောင်းဝန်းကျင်ရှိနေပြီး ဆေးကုသမှုကတော့ ဝေဒနာရှင် ၅ ယောက်မှာ ၁ ယောက်သာ ရရှိတယ်၊ အဲ့ဒီ တယောက် ဟာလည်း အပြည့်အ၀ ဆေးကုသခွင့်ရတာ မဟုတ်ဘူးလို့ အစီရင်ခံစာက ဆို ထား ပါတယ်။

ဒီနေ့ဟာ ကမ္ဘာ့ ခုခံအား ကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့လည်း ဖြစ်နေတော့ ကျူရာချန်ပူမြို့တာဝန်ခံတွေက ဦးစီး ကျင်းပတဲ့ ပညာပေးအခမ်းအနားမှာ ပျော်ရွှင်ခြင်း ဂေဟာက ဝေဒနာရှင် မြန်မာနိုင်ငံသားတွေလည်း ပါဝင်ခွင့် ရခဲ့ပါတယ်။

“ကျမတို့ မြို့မှာတုန်းက ဒီလိုပွဲလုပ်တာ မရှိခဲ့ဘူး။ ပါဝင်ခွင့်လည်း မရဘူး။ အခု ကျမ သားလေးလည်း တိုင်းရင်းသား အကတွေ ၀င်ကခွင့်ရတယ်။ ကျမတို့ ခံစားရတာတွေ ပွင့်ပွင့်လင်းလင်း ပြောပြဆွေးနွေးခွင့်ရတယ်။ အားလုံးကလည်း နွေးနွေး ထွေးထွေး ရှိကြတယ်”လို့ ဝေဒနာရှင်တဦးက ဆိုပါတယ်။

ကိုယ်တိုင်လည်း ဝေဒနာရှင် တဦးဖြစ်နေတဲ့ အဲဒီအမျိုးသမီးကတော့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ နေတုန်းက အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်တွေကို ပညာပေး ဆွေးနွေးနှစ်သိမ့်ပေးတဲ့ အမျိုးသမီးအဖွဲ့တခုရဲ့ အဖွဲ့ဝင် ဖြစ်ပါတယ်။ သူ့မှာ ရောဂါရှိတာကို ၂၀၀၆ ခုနှစ် ကတည်းက သိခဲ့ရပေမယ့် ကလေးမြို့မှာ နေစဉ်တုန်းက ဆေးကုသဖို့ အခွင့်မသာခဲ့သလို ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေကို သွားပြီး ကုသဖို့ရာလည်း အဆက်အသွယ်နဲ့ ငွေကြေးအခက်အခဲတွေ ရှိတာကြောင့် ပြီးခဲ့တဲ့ မေလတုန်းကမှ ပျော်ရွှင်ခြင်းဂေဟာကို ရောက်လာတာလို့ ပြောပြပါတယ်။

အိန္ဒိယနိုင်ငံက အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်တွေအပေါ် ထားရှိတဲ့ သဘောထားတွေ၊ ရောဂါပပျောက်ရေး ကာကွယ် ထိန်းသိမ်း ဖို့ ဟောပြောလှုံ့ဆော် စည်းရုံးမှုတွေကို အားကျမိတယ်၊ မြန်မာပြည်မှာလည်း အိန္ဒိယနိုင်ငံမှာလိုမျိုး ဖြစ်စေချင် တယ်လို့ သူကဆိုပါတယ်။

သူက“ကလေးမြို့မှာတုန်းက ကျမတို့ လုပ်သာလုပ်ခဲ့တယ်။ ထိရောက်မှု သိပ်မရှိဘူး။ ပတ်ဝန်းကျင်ကလည်း သိပ် စိတ်ဝင် စားမှု မရှိတော့ ဝေဒနာရှင်တွေကို ပစ်ပယ်ထားတာတွေ၊ ခွဲခြားဆက်ဆံတာတွေ ရှိတယ်။ ဟိုး အရင်တုန်းကထက် တိုး တက် မှုကတော့ ရှိလာပေမယ့် နည်းသေးတာပေါ့လေ။ ဒီအိန္ဒိယမှာလိုမျိုးတော့ မဖြစ်သေးဘူး။ ကျမ ပြန်ရင်တော့ ဒီမှာလို ဖြစ်အောင် ပြန်လုပ်ဖို့ စိတ်ရှိတယ်၊ Happiness Home လိုမျိုး နေရာလေးတွေ အများကြီး ရှိစေချင်တယ်”လို့ ပြောပြပါ တယ်။

ဒီဂေဟာလေးဟာ နာမည်နဲ့လိုက်အောင် ပျော်ရွှင်ချမ်းမြေ့ခြင်းတွေ ပေးနိုင်နေပေမယ့် သူတို့ကတော့ ကိုယ့်ရပ်ကိုယ့်မြေက ပျော်ရွှင်စရာ ဂေဟာလေးတွေမှာပဲ ဆေးကုသရင်း အသက်ရှင်သန်ခွင့် ရလိုကြတယ်လို့ မျှော်လင့်တောင့်တ ပြောဆိုနေကြ တယ်လို့လည်း သူကဆိုပါတယ်။

သူက ဆက်လက်ပြီးတော့“ကိုယ့်ရပ်ရွာကနေ ဘယ်မှမသွားဘဲ အေးအေးချမ်းချမ်း ဆေးကုခွင့်ရချင်တယ်၊ ဆွေမျိုး အသိုင်း အ၀ိုင်း တွေနဲ့ နွေးနွေးထွေးထွေး နေချင်တယ်။ သေရင်လည်း ကိုယ့်ရပ်ကိုယ့်ရွာမှာပဲ ခေါင်းချချင်တယ်လေ”လို့ ပြောဆို လိုက် ပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်