ထို့နောက်တွင် “အမေ” ခေါ်သံများ ခန်းမထဲ၌ ဆူညံသွားတော့သည်။ သူ့ကို “အမေ” ဟု တခွန်းခေါ်လိုက်တိုင်း တခွန်း ပြန်ထူးနေသော ဝေဒနာရှင် ကလေးများကြားမှ ဒေါ်အောင်ဆန်းစုကြည်ကို ပြုံးရွှင်စွာ မြင်တွေ့ရသည်။ထိုမြင်ကွင်းကို ကြည့်နေသည့် ဝေဒနာရှင် မိခင်များ၏ ပြုံးရွှင်သော မျက်နှာများပေါ်တွင် မျက်ရည်များ စီးကျနေသည်။
သူတို့ချစ်သော၊ အားကိုးသော ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ဝေဒနာရှင်များနှင့် ဖက်လှဲတကင်း နေသည်ကို တွေ့မြင်ရသည့်အတွက် ၀မ်းသာကာ မျက်ရည်ကျမိကြောင်း ခရမ်းမြို့နယ်မှ အရောက်လာခဲ့ရသူ ဝေဒနာရှင် အမျိုးသမီးက ပြောပြသည်။
“အမေ့ကို အခုလို နီးနီးကပ်ကပ် မြင်ရတွေ့ရတော့ ကိုယ့် ဝေဒနာတောင် မေ့ပါတယ်။ သမီးတို့လို အပယ်ခံတွေကို ဒီလို ချစ်ခင်တာ သမီး ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျမိပါတယ်” ဟု ပြောရင်း အသက် ၂၀ ၀န်းကျင်အရွယ် အမျိုသမီးက ချုံးပွဲချ ငိုတော့သည်။
အဆိုပါ အမျိုးသမီး၏ လက်ထဲတွင် စက္ကူဘူးဖြင့် ထုတ်ထားသော ရွှေတောင်ခေါက်ဆွဲထုပ်၊ လှူဒါန်းထားသော အားဆေးများ၊ တခြားသော ဝေဒနာ သက်သာစေသည့် ဆေးများရှိနေသည်။
“ကျမကို ဒီနေ့ အခမ်းအနား တက်ရမယ်လို့ ပြောတုန်းက ယုံတောင်မယုံပါဘူး။ အခုထိ အိပ်မက်လို ဖြစ်နေတုန်းပဲ” ဟု အသက် ၅၀ အရွယ် အမျိုးသမီးတဦးက ဆိုသည်။

ရန်ကုန် ရွှေဂုံတိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးတွင် ယနေ့ ကျင်းပသည့် ကမ္ဘာ့ AIDS နေ့ အခမ်းအနားကို တက်ရောက်ရန် ရန်ကုန်တိုင်း အတွင်းရှိ ဝေဒနာရှင် များအတွက် NLD အဖွဲ့က ဟီးနိုးကားများ စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၁ ရက်နေ့သည် ကမ္ဘာ့ AIDS နေ့ ဖြစ်သော်လည်း မြန်မာပြည်၏ အရေးကြီး နေ့ထူးနေ့မြတ် တရက်ဖြစ်သော အမျိုးသား အောင်ပွဲနေ့နှင့် တိုက်ဆိုင်နေသဖြင့် NLD က ဒီဇင်ဘာ ၂ ရက်နေ့တွင် အခမ်းအနားကို ပြောင်းလဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။
၂၀၁၀ ကမ္ဘာ့ AIDS နေ့၏ ဆောင်ပုဒ်မှာ “AIDS တိုက်ဖျက်ဖို့၊ ခွဲခြားမှုကို ရှောင်ကြဉ်လို့၊ ကာကွယ်ကုသ စောင့်ရှောက်စို့” ဟူ၍ ဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် HIV/AIDS ဝေဒနာရှင်ပေါင်း ၂ သိန်း ၄ သောင်းကျော်ရှိပြီး ထိုအထဲတွင် ကလေး ဝေဒနာရှင် ၁ သောင်းကျော် ရှိကြောင်း သိရသည်။
ရွှေဂုံတိုင် NLD ရုံးတွင် ကျင်းပသော အခမ်းအနားသို့ ရန်ကုန်မြို့ပေါ်နှင့် ခရမ်းမြို့နယ်မှ ဝေဒနာရှင်များ အပါအ၀င် တခြား ပြည်နယ်များရှိ NLD လူမှု အထောက်အကူပြု အဖွဲ့က ကူညီ စောင့်ရှောက်ပေးနေသော HIV ဝေဒနာရှင်ပေါင်း ၃၀၀ ခန့် တက်ရောက်သည်။
အခမ်းအနား ကျင်းပရာသို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ သားဖြစ်သူ ကိုထိန်လင်းသည်လည်း ပင်နီ တိုက်ပုံ ၀တ်ဆင်ကာ အားပေးတက်ရောက်ခဲ့သည်ကို တွေ့ရသည်။
အခမ်းအနား တက်ရောက်လာသော ဝေဒနာရှင်တို့မှာ အလွှာအသီးသီးက ဖြစ်ကြပြီး ဆေးရရှိသူ၊ ဆေးမရသေးသူများ ပါဝင်သည်။ ထိုအထဲတွင် သားသယ်မိခင်များကိုလည်း တွေ့ရသည်။ လူနာ အများစုမှာ မျက်ရည်များဖြင့် ပြုံးနေကြသည်။
ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနား စတင်ပြီး မကြာမီ မိန့်ခွန်းပြောကြားရာတွင် “ကျမတို့အားလုံးဟာ တယောက်အပေါ် တယောက် ကရုဏာထားရမယ့် သူတွေပါ။ ဘယ်သူမှလည်း ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပါဘူး။ တချို့တွေက HIV/ AIDS ဝေဒနာရှင်တွေကို အပြစ်ရှိတဲ့သူလို့ သဘောထားတယ်။ တချို့တွေကလည်း ကျမတို့ နိုင်ငံရေးလုပ်တဲ့ သူတွေကို အပြစ်ရှိတဲ့ သူတွေလို့ သဘောထားတယ်။ အဲဒီတော့ ဒါဟာ နှစ်ခုစလုံး မမှန်ပါဘူး။ အပြစ်ရှိတဲ့ သူတွေလို့ သဘောထားမယ့် အစား ၀န်းရံပံ့ပိုးပေးရမယ့်လူတွေလို့ သဘောထားမယ်ဆိုရင် ကျမတို့ အားလုံးအတွက် ပိုပြီးကောင်းမယ်လို့ ကျမ ထင်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။NLD လူမှု အထောက်အကူပြု အဖွဲ့က မဖြူဖြူသင်း ဦးဆောင်၍ HIV ဝေဒနာရှင်များကို စောင့်ရှောက်ထားသည့် တောင်ဒဂုံ မြို့နယ်အတွင်းရှိ ဂေဟာမှ လူနာများကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုအားပေးခဲ့ပြီးနောက်တွင် အာဏာပိုင်များက ဧည့်စာရင်းမပေးတော့ကြောင်း ပြောကာ တချို့ကို ပြောင်းရွှေ့ရမည်ဟု ဖိအားပေးခဲ့သဖြင့် ဝေဒနာရှင်များ စိတ်ဓာတ်ရေးရာ ထိခိုက်မှု ကြုံတွေ့ခဲ့ရသည်။
၎င်းနောက် နာရေးကူညီမှု အသင်း ထူထောင်သည့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးဆောင်သော ဂီတ အနုပညာရှင်များ၊ စာပေ အနုပညာရှင်များက အထက်ပါ ဂေဟာရှိ ဝေဒနာရှင်များကို သွားရောက်အားပေး လှူဒါန်းမှုများ ပြုခဲ့သည်။
နောက်ပိုင်းတွင် အာဏာပိုင်များက လူနာများကို ဧည့်စာရင်း တပတ်တခါ တိုင်ကြားခွင့်ဖြင့် ဆက်လက်နေထိုင်ခွင့် ပြုလိုက်ကြောင်း သိရသည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ဝေဒနာရှင်များအား စိတ်ဓာတ်မကျဆင်းရန် အရေးကြီးကြောင်း၊ စိတ်ဓာတ် အင်အား မကျသရွေ့ ကိုယ်ခံစွမ်းအား ကျမည့်ကိစ္စကို ထည့်သွင်း စဉ်းစားစရာ မလိုဟူသော စိတ်ဓာတ်နှင့် ရပ်တည်ကြရန် မေတ္တာ ရပ်ခံချင်ကြောင်း၊ ယခု ဝေဒနာရှင်များအတွက် ဆေးပုံမှန်ရရန် အရေးအကြီးဆုံး ကိစ္စဖြစ်ကြောင်း၊ ထိုသို့ အင်တိုက် အားတိုက်နှင့် ဝေဒနာရှင်များ လိုအပ်သည့် ဆေးဝါးများကို ပုံမှန်ရရှိစေရန် အားလုံးက ကြိုးစားပေးရမည် ဖြစ်ကြောင်း သူ၏ မိန့်ခွန်းထဲ၌ ထည့်သွင်း ပြောကြားခဲ့သည်။
ပင်နီ တိုက်ပုံအင်္ကျီနှင့် လည်ကတုံး ၀တ်ဆင်ထားသည့် ကိုထိန်လင်းကလည်း စီးပွားရေးပညာရှင် ဦးမြင့်နှင့်အဖွဲ့၏ တီးခတ်မှုနှင့် Blowing in the Wind သီချင်းကို သီဆို၍ ဝေဒနာရှင်များကို အားပေးနှစ်သိမ့်သည်။ သူ၏ သီချင်းသံကို နားဆင်ရင်း ဝေဒနာရှင် တချို့ မျက်ရည်ဝဲသည်ကို တွေ့ရ၏။
အများစုက သီချင်းကို စိတ်ပါလက်ပါ သီဆို နေသော ကိုထိန်လင်းအား ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ငေးကြည့်နေကြသည်။
Blowing in the Wind သီချင်းအပြီးတွင် ကိုထိန်လင်းနှင့် ကိုအောင်က တီးခတ်ပြီး ကိုအောင်ကပင် “စိတ်မညစ်နဲ့” ဆိုသော သီချင်းကို သီဆိုသည်။
“ဘ၀ အချိန်တွေဟာ နည်း ... နည်းလွန်းတယ်။ အိပ်မက်ပဲ … စိတ်မညစ်နဲ့ … ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့။ ဒါပြီးရင် ကောင်းသွားမယ် … ပျော်တတ်အောင် ကြိုးစားကွယ်” ဆိုသော သီချင်းကို တချို့က ခပ်တိုးတိုး လိုက်ညည်းသည်။ ဝေဒနာရှင် တချို့ကလည်း လက်ခုပ်သံနှင့် စည်းချက်လိုက်ပေးကြသည်။
ထို့နောက် ကဗျာဆရာ ကြည်မောင်သန်းက ကဗျာတပုဒ် ရွတ်ဖတ်ပေးသည်။
“ကျနော်တို့ကို အမေစုက အားပေးတယ်။ စိတ်ဓာတ်က အရေးကြီးဆုံးပဲတဲ့။ အမေ့စကားကို နားထောင်ပြီး စိတ်တင်းထားပါမယ်” ဟု တောင်ဥက္ကလာပမှ လာခဲ့သူ ဝေဒနာရှင် လူငယ်တဦးက ဆိုသည်။
အသက် ၁၉ နှစ်အရွယ်တွင် ရောဂါကူးစက် ခံခဲ့ရသည့်အတွက် စိတ်ဆင်းရဲကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးစားခဲ့ဖူးကြောင်း၊သို့သော်လည်း ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ စကား ကြားရသည့်အခါတွင် အများကောင်းကျိုးအတွက် တတ်နိုင် သလောက် လုပ်ဆောင်ပေးချင်စိတ် ၀င်လာခဲ့ကြောင်း သူက ဆက်လက် ပြောပြသည်။
ယနေ့တွင် သူတို့အားကိုး ချစ်ခင်သော၊ လေးစားမြတ်နိုးသော ဒေါ်အောင်ဆန်းစုကြည်ကြောင့် ကြိုးစားရှင်သန် နေထိုင်သွားမည် ဆိုသည့် စိတ်ခွန်အား သစ်များ ရရှိလိုက်ပြီ ဖြစ်ကြောင်း ဝေဒနာရှင်တို့က ပြောကြသည်။
ဧရာဝတီ သတင်းထောက် ကြည်ဝေနှင့် ဝင့်နဒီတို့ ပူးပေါင်းရေးသားသည်။
NLD ရုံးချုပ်တွင်ကျင်းပသည့် ကမ္ဘာ့ AIDS နေ့ အခမ်းအနားဓာတ်ပုံများကို ဤနေရာတွင် ကြည့်ရှုနိုင်သည်။
| < Prev | Next > |
|---|






