
အဲဒီစားသောက်ဆိုင်မှာ အင်္ဂလိပ်သီချင်း၊ ထိုင်းသီချင်းနဲ့ ဂျပန် သီချင်းတွေကို သီဆို ဖျော်ဖြေလေ့ရှိပေမယ့် အင်္ဂလိပ် သီချင်းကိုတော့ အများဆုံး ဆိုကြပါတယ်။ ကိုဝင်းချို သီဆိုချိန် ဆိုရင် များသောအားဖြင့် လူအပြည့် ရှိတတ်တယ်လို့ သိရပါတယ်။ ထိုင်းစားသောက်ဆိုင် ဆိုပေမယ့် ၀န်ထမ်းအများစုက မြန်မာနိုင်ငံသားတွေပါ။
ဖျော်ဖြေကြတဲ့ သူတွေထဲမှာ ဂစ်တာတီးသူ၊ ဒရမ်တီးသူ စတဲ့ ၂ ယောက်၊ ၃ ယောက်ပါဝင်တဲ့ အဖွဲ့တွေ သီဆိုတတ်ကြပေမယ့် ကိုဝင်းချို ကတော့ တကိုယ်တော် ဖျော်ဖြေပေးတာ တွေ့ရပါတယ်။ အဲဒီဆိုင်မှာ သီဆိုဖျော်ဖြေသူတွေ အားလုံးဟာ ဂီတ ပညာကို ကျွမ်းကျင်ကြသူတွေလို့ သိရတယ်။
သီချင်းတပုဒ်ဆိုပြီးတိုင်း ဘေးက စားပွဲပေါ်မှာ တင်ထားတဲ့ ရေပုလင်းထဲက ရေကို သောက်လိုက်၊ ပြီးရင် သီချင်းပြန်ဆိုလိုက်နဲ့ ကိုဝင်းချိုရဲ့ လှုပ်ရှားမှုကို တွေ့ရပါတယ်။
ကိုဝင်းချိုဟာ သူရဲ့သီဆိုဖျော်ဖြေမှု တွေအတွက် ဆိုင်တဆိုင်ကနေ တလကို ထိုင်းဘတ် ၄၀၀၀ (ကျပ် ၁၂၀၀၀၀ ကျော်) စီ ရပြီး အဲဒီငွေတွေကို သူ့ကိုယ်ကျိုးအတွက် အသုံးမချဘဲ မဲဆောက်ရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေရဲ့ ကလေးတွေကို စာသင် ပေးနိုင်ရေးအတွက် သုံးတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်လည်း ကလေးတွေကို စာသင်ပေးနေသူ ဖြစ်ပါတယ်။
စားသောက်ဆိုင် တဆိုင်မှာ တညကို ၁ နာရီ သီချင်း ၁၅ ပုဒ်လောက် ဆိုပြီး ဆိုင် ၂ ဆိုင်မှာ အချိန်ပိုင်း ဆိုပေးတယ်လို့ ကိုဝင်းချိုက ပြောပြပါတယ်။
ညပိုင်းမှာ သီချင်းဆိုပြီး နေ့ခင်းဘက်မှာ ကလေးတွေကို စာသင်တာပါ။ ညအိပ်ချိန်ကလွဲလို့ ကျန်တဲ့ သူ့ရဲ့အချိန်တွေ အားလုံးကို ဂီတနဲ့ ကလေးတွေအတွက် နားရက်မရှိ မြှုပ်နှံထားပါတယ်။
“သီချင်းဆိုလို့ ရတဲ့ဝင်ငွေတွေကို ကလေးတွေ စာသင်တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ တခြား ပစ္စည်းတွေအတွက် အသုံးပြုပါတယ်” လို့ သူက ဆိုပါတယ်။
မဲဆောက်မြို့စွန်က ၂ ဂိတ် အနီးမှာ တည်ရှိတဲ့ ပေ ၂၀ ၀န်းကျင်အကျယ် သွပ်မိုး၊ ၀ါးထရံတ၀က် ကာထားတဲ့ စာသင်ကျောင်း ကလေးမှာတော့ ၁ ဂိတ်နဲ့ ၂ ဂိတ်က ကလေးတွေ လာတက်ကြပါတယ်။ အဲဒီကျောင်းကလေးရဲ့ နာမည်က မြန်မာလို “ဆူးပုပ်ခြံ” လို့ ခေါ်တဲ့အကြောင်း ကိုဝင်းချိုက ရှင်းပြပါတယ်။ ထိုင်း နာမည်ကို ဘာသာ ပြန်ထားတာပါ။
ဆူးပုပ်ခြံ ကျောင်းကလေးမှာ ကလေး ၄၀ နီးပါးရှိပြီး အားလုံးဟာ လက်လုပ်လက်စား အလုပ်သမား သားသမီးတွေမို့ ဆင်းရဲချို့တဲ့ ကြပါတယ်။ အသက်အငယ်ဆုံး ကလေးက ၃ နှစ်ကျော်၊ အကြီးဆုံးကတော့ ၁၃ နှစ်လောက် ရှိပါတယ်။
ဒီကျောင်းကလေးကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က တည်ထောင်ခဲ့ပြီး စတင် တည်ထောင်တဲ့သူဟာ သူ့ရဲ့သူငယ်ချင်း ကနေဒါ နိုင်ငံသား ပေါလ်လို့ ခေါ်တဲ့ သတင်းသမားတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။
တကယ်တော့ ကိုဝင်းချိုက ကျောင်းဖွင့်ပွဲကို ဧည့်သည်အဖြစ် တက်ရောက်ခဲ့တာပါ။ ဒါပေမယ့် ကျောင်းကိစ္စတွေကို လုပ်ဆောင်မယ့် မြန်မာနိုင်ငံသား တယောက် ဖွင့်ပွဲကို ရောက်မလာဘဲ ကျောင်းဘဏ္ဍာငွေတွေကို ယူပြီး ပျောက်သွားတဲ့ အတွက် အဲဒီနေ့မှာပဲ သူက တာဝန်ယူပြီး စာသင်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်တာလို့ ပြောပြပါတယ်။
“ထွက်ပြေးသွားတဲ့လူက ကျောင်းကို တာဝန်ခံ ဆောင်ရွက်မယ့်သူပါ၊ သူ ရောက်မလာတော့ ပေါလ်က ဘယ်လို လုပ်ကြမလဲ ပြောလို့ ရှိတာနဲ့ပဲ စလိုက်ကြတော့တယ်။ ဒါရှိမှ ဒါလုပ်ရမယ် ဆိုတာမျိုး ကျနော့်မှာ မရှိဘူး။ စတဲ့နေ့မှာ ကလေး ၆ ယောက်ပဲ ရှိတယ်” လို့ သူက ရှင်းပြတယ်။
အခုအချိန်မှာ အသက် ၄၃ နှစ် ရှိပြီဖြစ်တဲ့ ကိုဝင်းချိုဟာ ရန်ကုန် တောင်ဥက္ကလာပမှာ မွေးဖွားခဲ့ပြီး မိဘတွေ တာဝန်ကျရာ မွန်ပြည်နယ် မုဒုံမြို့မှာ ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။
ကိုဝင်းချိုဟာ ၁၉၈၈ ခုနှစ်က အသက် ၂၀ ခန့်သာရှိသေးပြီး မော်လမြိုင် တက္ကသိုလ်မှာ တတိယနှစ် သင်္ချာမေဂျာ သင်ယူနေရင်း ၈ လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့ရာကနေ အဲဒီနှစ်မှာပဲ ထိုင်းနိုင်ငံကို ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်း ဘယ်နိုင်ငံရေး အဖွဲ့အစည်းမှာမှ မပါဝင် မလုပ်ဆောင်တော့ဘဲ ဂီတနဲ့ စာသင်တဲ့ အလုပ်ကိုသာ လုပ်ဆောင် ပါတော့တယ်။
ဆူးပုပ်ခြံ ကျောင်းကလေးမှာ သူ စာမသင်ခင် ကာလကတော့ မဲဆောက်က တခြား မြန်မာကျောင်းတွေက ကလေးတွေကို သင်ပေး နေခဲ့ပါသေးတယ်။ ဆူးပုပ်ခြံ စာသင်ကျောင်းဟာ သူကိုယ်တိုင် တည်ထောင်ခဲ့တာ မဟုတ်ပေမယ့် လက်ရှိမှာတော့ သူကသာ အရာ အားလုံးကို တာဝန်ယူထား ရတာ ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် စာသင်ကျောင်း ဆိုရင်လည်း မမှားလောက် ဘူးလို့ ဆိုရမှာပါ။
ကျောင်း တက်နေကြတဲ့ ကလေးအားလုံး နီးပါးဟာ သွက်လက်၊ ထက်မြက်နေတာ တွေ့ရပါတယ်။ စာသင်ချိန်ကို မနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ မြန်မာပြည်တွင်းက စာသင်ကျောင်းတွေအတိုင်း တနှစ်ပတ်လုံး သင်ပေးပါတယ်။
မတ်လကနေ မေလထိ နွေကျောင်းပိတ်ရက် သတ်မှတ်ထားပြီး ကျန်လ တွေမှာတော့ တပတ် ၅ ရက် အချိန်ပြည့် သင်ပေးထားပါတယ်။
မြန်မာစာ၊ ဂီတ၊ ထိုင်းစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုဆက်ဆံရေး၊ သိပ္ပံ၊ ပန်းချီ စတဲ့ ဘာသာရပ် ၈ မျိုး သင်ပေးတယ်လို့ ကိုဝင်းချိုက ပြောပါတယ်။
မဲဆောက်မှာ မြန်မာ ကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းပေါင်း ၅၀ ကျော်ရှိနေပြီး အများစုက NGO အဖွဲ့တွေနဲ့ ချိတ်ဆက် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ကိုဝင်းချိုရဲ့ စာသင်ကျောင်းကတော့ ဘယ်အဖွဲ့အစည်း၊ ဘယ် NGO နဲ့မှ အချိတ်အဆက် မလုပ်ထားသလို နောင်လည်း လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ သူက ဆိုပါတယ်။
“အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် သူတို့ရဲ့ လွှမ်းမိုးလာတာ ခံရတတ်တယ်” လို့ ကိုဝင်းချိုက ဆိုပါတယ်။
သူ့သူငယ်ချင်းက မထောက်ပံ့တော့ ရင်တောင် ကိုယ်တိုင် လုပ်နိုင်လိမ့်မယ်လို့ သူ့ကိုယ့်သူ ယုံကြည်ထားတဲ့အကြောင်းလည်း သူက ပြောပါတယ်။
ကိုဝင်းချိုရဲ့ သူငယ်ချင်း ဖြစ်သူ ကနေဒါနိုင်ငံသား သတင်းထောက်ဟာ မြန်မာနိုင်ငံသား စစ်ပြေး ဒုက္ခသည်တွေ အကြောင်းကို ကနေဒါ နိုင်ငံမှာရှိတဲ့ သူ့ရဲ့ဇာတိမြို့လေးက သတင်းစာ တစောင်မှာ ရေးသား ဖော်ပြခဲ့ပြီးတဲ့နောက် ကျေးရွာတရွာမှာ ရှိတဲ့ ပြည်သူတွေက တယောက် တဒေါ်လာစီ လစဉ်စုပေးတဲ့အတွက် ထောက်ပံ့ပေးနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။
ကလေးတွေကို စာသင်ပေးတဲ့အတွက် သူငယ်ချင်းဖြစ်သူက ကိုဝင်းချိုကို လစာသဘော ငွေကြေးအနည်းငယ် လစဉ် ထောက်ပံ့ ပေးပေမယ့် သူ့ဝင်ငွေအားလုံးကို ကျောင်းအတွက်ပဲ အသုံးပြုတယ်လို့ ပြောပါတယ်။
ကလေး ၄၀ နီးပါးကို အခမဲ့ စာသင် ပေးထားပြီး နေ့လယ်စာ ထမင်းတနပ် အပါအ၀င် တလကို ထိုင်းဘတ် ၂ သောင်း (ကျပ် ၆ သိန်းကျော်) ကုန်ကျတယ်လို့ ကိုဝင်းချိုက ရှင်းပြပါတယ်။
ကလေးတွေကို တနေကုန်နီးပါး စာသင်ရတာဟာ သာမန် လူတွေအတွက် မလွယ်လောက်ပေမယ့် ကိုဝင်းချို စာသင်ပုံ ကတော့ သက်တောင့်သက်သာ ရှိတာ တွေ့ရပါတယ်။ သူနဲ့ အတူ စာကူသင်ပေးဖို့ မဝေေ၀ ဆိုတဲ့ ဆရာမလေး တယောက်လည်း ရှိပါတယ်။
သူ့ကျောင်းရဲ့ ထူးခြားချက်ကတော့ ကလေးတွေနဲ့ ဆရာရဲ့ကြားက ဆက်ဆံရေးပါပဲ။ ဆရာတပည့် ပုံစံနဲ့ စာသင်နေတာ မဟုတ်ဘဲ အပြန်အလှန် မေးခွန်းထုတ်လိုက်၊ ဆွေးနွေးလိုက်နဲ့ ကလေးတွေအားလုံ တက်ကြွ ပျော်ရွှင်နေတာ တွေ့ရတယ်။
“အမေနဲ့အဖေမှာ ဘယ်သူက အင်အားပိုကြီးလဲ။ ယောက်ျားနဲ့ မိန်းမ ဘယ်သူက အင်အားကြီးလဲ” လို့ ဆရာက မေးတော့ ၅ နှစ် အရွယ် ယောက်ျားလေး တယောက်က “အမေက ထမင်းလည်း ချက်ရတယ်၊ ရေလည်း ထမ်းရတယ်၊ အ၀တ်လည်း လျှော်ရတယ်။ အမေက ပို အင်အားကြီးတယ်” လို့ ဖြေဆိုတာ ကြားရတယ်။ ကျန်သူတွေလည်း သူတို့ သိတာကို လွတ်လွတ်လပ်လပ် ဖြေဆိုကြပါတယ်။
မနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ ဆက်တိုက်သင်တာ ဖြစ်ပေမယ့် ကလေးတွေရဲ့ ပုံစံက ပျင်းရိနေတဲ့ ပုံမတွေ့ရ ပါဘူး။ စာသင်တာ၊ သီချင်းဆိုတာ၊ အားကစား၊ ဘောလုံးကန်တာ စတာတွေကို တခုပြီးတခု သင်ပေးထားတော့ ပျင်းရမယ့် အချိန် ရှိပုံ မပေါ်ကြပါဘူး။
စာသင်ကျောင်း ခြံဝန်းထဲမှာ အပေါ်အောက် လျှောစီးနိုင်တဲ့ စင်လေးတခုနဲ့ ခေါင်မိုး တခုပေါ်မှာတော့ ပုခက်စီးနိုင်တဲ့ ကြိုး ၅ ခုလောက်ကို တွဲလောင်းချထား ပါတယ်။ တချို့က စာသင်နေတဲ့ အချိန်မှာ၊ တချို့က ခေါင်မိုးအထိ ခြေထောက်မီအောင် ပုခက်ကို အားကုန် လွှဲနေကြတာ တွေ့ရတယ်။

ကမ္ဘာကြီးမှာ နေ့စဉ် ဖြစ်ပျက်နေတဲ့ ဘေးဒုက္ခတွေ၊ လူထုအုံကြွမှုတွေ၊ မြေငလျင် လှုပ်ခတ်မှုတွေကို ကလေးတွေက သိနေတဲ့ အပြင် ပြဿနာ ပေါင်းစုံ ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း ဒေသက ဘုရင်တွေ၊ သမ္မတ တွေရဲ့ နာမည်တွေကိုပါ ကလေး
တွေက သိနေကြပါတယ်။
ကလေးတွေဟာ နေ့စားအလုပ်သမားတွေရဲ့ ကလေးတွေ ဖြစ်ပြီး ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ကြတဲ့အတွက် ယဉ်ကျေးမှု နည်းပါးမယ်လို့ ထင်ရပေမယ့် လက်တွေ့မှာတော့ အတော်ကြီး ယဉ်ကျေးသိမ်မွေ့တာ တွေ့ရပါတယ်။
ကလေးတွေရဲ့သဘာဝအရ သူစိမ်း ဧည့်သည် မြင်ရင် ခပ်စိမ်းစိမ်း အကဲခတ် နေတတ်တဲ့ အကျင့် ရှိတတ်ပေမယ့် ကိုဝင်းချိုရဲ့ ကျောင်းသားတွေ ကတော့ ကျောင်းထဲကို ၀င်လာတဲ့ ဧည့်သည်တွေကို ဖော်ဖော်ရွေရွေ ကြိုဆိုပြီး ရင်းရင်းနှီးနှီးပဲ စကားတွေ ပြောကြပါတယ်။
“သားက ဒီမှာ ကျောင်းတက်ရတာ ပျော်တယ်။ ဆော့လည်း ဆော့ရတယ်၊ အရုပ်တွေလည်း ဆွဲရတယ်” လို့ ၆ နှစ်အရွယ် မောင်မျိုးဇော်က ပြောပါတယ်။
ကင်မရာ ထုတ်ပြီး နီးစပ်ရာ ကလေးတချို့ကို ဓာတ်ပုံရိုက်တော့ စုပြုံ ရောက်လာကြပြီး အရှက်အကြောက်မရှိဘဲ ပုံစံမျိုးစုံနဲ့ ဓာတ်ပုံ အရိုက်ခံကြပါတယ်။ ရိုက်ပြီးတဲ့ သူတို့ရဲ့ ဓာတ်ပုံတွေကိုလည်း အလုအယက် ပြန်ကြည့်ပြီး တယောက် မျက်နှာ တယောက်ကြည့်ရင်း ရယ်မောမဆုံး ဖြစ်နေကြပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံက ILBC လို နိုင်ငံတကာ ကျောင်းမျိုးက ကလေးတွေနဲ့ ဂုဏ်ပကာသနချင်း ပြိုင်ရင်တော့ မိုးနဲ့ မြေလို ကွာခြားပေမယ့် လွတ်လပ်တဲ့ စိတ်၊ ပျော်ရွှင်မှုတွေ ကတော့ ILBC ကျောင်းက ကလေးတွေထက် အဆပေါင်း များစွာ သာလွန်ပါတယ်။ သူတို့မှာ ဘာ ပြိုင်ဆိုင်မှုမှလည်း မတွေ့ရပါဘူး။
ILBC မှာ တက်နေတဲ့ ကလေးတွေရဲ့တလအတွက် ကျောင်းလခဟာ အနည်းဆုံး ကျပ် ၁ သိန်းခွဲ ရှိပေမယ့် ဆူးပုပ်ခြံ က ကလေးတွေ ကတော့ တလကို ဘတ် ၃၀ (ကျပ် ၉၀၀) လောက်တောင် မတတ်နိုင်လို့ အစအဆုံး အခမဲ့ သင်ပေး ထားရတာပါ။
အဓိက ကွာခြားနေတာ တခုကတော့ ILBC က ကလေးတွေရဲ့ အနာဂတ် ပညာရေးဟာ ရာနှုန်းပြည့်နီးပါး သေချာနေပေမယ့် “ဆူးပုပ်ခြံ” က ကလေးတွေရဲ့ အနာဂတ် ပညာရေးကတော့ လုံးဝ သေချာမှု မရှိတာပါဘဲ။
ဘာကြောင့်လဲ ဆိုတော့ နေ့စား လက်လုပ်လက်စား မိဘတွေ ပြောင်းရွှေ့ရာကို လိုက်ပါသွားကြရမှာ ဖြစ်ပြီး ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် ပညာရေးက သူ့တို့အတွက် မသေချာလို့ပါပဲ။ သူတို့ ဘယ်အတန်း ရောက်နေပြီ ဆိုတာလည်း မရှိပါဘူး။
မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ သန်းနဲ့ချီ ရှိနေပါတယ်။ ရောက်နေတဲ့သူ အများစုဟာလည်း ပညာအရည်အချင်း နည်းပါးသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ရရာ အလုပ်ကို လုပ်ကိုင်ရင်း ဘ၀ကို ရပ်တည်နေကြရတာပါ။ အထူးသဖြင့် မဲဆောက်မြို့မှာရှိတဲ့ မြန်မာနိုင်ငံသား အများစုဟာ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ကိုင်ကြရပြီး တချို့ကတော့ ကြုံရာကျပန်း လုပ်ကြပါတယ်။
တနေ့ဝင်ငွေ ထိုင်းဘတ် ရာဂဏန်းတောင် မရှိလှတဲ့ မိဘတွေရဲ့ ၀င်ငွေ၊ နေရာအတည်တကျ မရှိမှုတွေကြောင့် ကလေးတွေရဲ့ ပညာရေး မချောမွေ့တာဟာ အထူးအဆန်း မဟုတ်တော့ပါဘူး။
“သမီးက နောက်နှစ် ဒီကျောင်းမှာ မတက်တော့ဘူး။ ကျောင်းပြောင်းမယ်လို့ အမေကြီးက ပြောတယ်” လို့ မပီတပီ စကားသံလေးနဲ့ ၅ နှစ်အရွယ် မိန်းကလေး မဖူးပွင့်က ဆိုပေမယ့် ဘာကြောင့် ကျောင်းပြောင်းရမယ် ဆိုတာတော့ သူသိပုံမရပါဘူး။
သူ့မိဘတွေက အလုပ်အခြေအနေအရ အိမ်ပြောင်းကြရမှာဖြစ်တဲ့အတွက် သူ့မိဘသွားရာ လိုက်ရမှာပါ။
မိဘတွေဟာ သူတို့ စာမတတ်ပေမယ့် မွေးထားတဲ့ ကလေးတွေကိုတော့ စာတတ်စေချင်တဲ့စိတ် အပြည့်ရှိတယ်လို့ ကိုဝင်းချိုက ပြောပါတယ်။ ဒါကြောင့်လည်း ကျောင်းရှိတဲ့ နေရာတွေကို ရှာဖွေပြီး ကျောင်း လာအပ်ကြတယ်လို့ ဆိုပါတယ်။
“အရမ်းထက်တဲ့ ကလေးတွေရှိပေမယ့် အဲဒီလို မသေချာတဲ့ သူတို့ဘ၀တွေ ကြောင့်ပဲ သူတို့အပေါ်မှာ ကျနော် ဘာမျှော်လင့်ချက်မှ မထားရဲဘူး။ သူတို့ရှိနေတဲ့ အချိန်မှာပဲ အကောင်းဆုံး သင်ပေးလိုက်ဖို့ စိတ်ကူးထားတယ်” လို့ ကိုဝင်းချိုက စိတ်မသက်သာတဲ့ လေသံနဲ့ ဆိုပါတယ်။
ကိုဝင်းချို ပြောသလိုပဲ သူ့ကျောင်းက ကလေးတွေဟာ အရာအားလုံးနီးပါးမှာ သွက်လက် ထက်မြက်နေကြတာ တွေ့ရပါတယ်။ ကလေးတွေရဲ့ အနေအထားအရ စာသာ တော်ကြာတာမဟုတ်ပဲ လူမှုဆက်ဆံရေး၊ ပန်းချီဆွဲ၊ သီချင်းဆိုတာ တွေကအစ တတ်မြောက် နေကြပါတယ်။

ကလေးသဘာဝ အရ ရန်ဖြစ်တာတွေ၊ ပြောဆို မရတာတွေ တခါတလေ ရှိတတ်ပေမယ့် မရိုက်မိအောင် စိတ်ရှည်ရှည် ထားပေးရတယ်၊ စိတ်ရှည်မှ စာသင်လို့ ရမယ်လို့ ခံယူထားပြီး စာသင်ပေးနေတာပါလို့ ကိုဝင်းချိုနဲ့အတူ စာကူသင်ပေးနေတဲ့ ဆရာမ ဝေေ၀က ဆိုပါတယ်။ ကလေးတွေကို မရိုက်ဖို့ ကိုဝင်းချိုက ပြောထားတယ်လို့လည်း သူက ဆက်ပြောတယ်။
“ကျနော့် ကျောင်းရဲ့ဆောင်ပုဒ်က နံပတ်တစ် ပျော်ရွင်မှု ဖြစ်ရမယ်လို့ သတ်မှတ်ထားတယ်” လို့ ကိုဝင်းချိုက ပြောပါတယ်။ နောက်တခု အလေးထား သင်ပေးတာက စိတ်ဓာတ်ကောင်းဖို့ ဖြစ်တယ်ဆိုတဲ့အကြောင်းလည်း သူက ရှင်းပြတယ်။
“စနစ်တခု ပြောင်းဖို့၊ လွတ်လပ်ခွင့်ရဖို့ တော်လှန်ရေးဆိုတာ လိုကိုလိုအပ်တယ်ဗျ။ တော်လှန်ရေး ဆိုတာလည်း လက်နက်ကိုင်မှ မဟုတ်ဘူး။ ပညာရေးနဲ့တော်လှန်ဖို့ ဒီကလေးတွေကို ကျနော် သိတာတွေ၊ ကမ္ဘာ့ အဖြစ်အပျက်တွေကို သင်ပေးနေတာပါ” လို့ ကိုဝင်းချိုက အားမာန်အပြည့်နဲ့ ပြောဆိုပါတယ်။
“ဒီမိုကရေစီရဖို့ တိုက်ပွဲဝင်တယ်ဆိုရင် ကျဉ်းတယ်လို့ ကျနော်ထင်တယ်။ လွတ်လပ်ခွင့်ဆိုတာက ပိုအရေးကြီးတယ်” လို့လည်း ကိုဝင်းချိုက ဆက်ပြောပါတယ်။
ကလေးတွေကို စာသင်ပေးနေတဲ့ သူ့ရဲ့အပြုအမူ တချို့က ကလေးတွေအပေါ်မှာရော သူ့ရဲ့ အလုပ်အပေါ်မှာပါ အလေးအနက် ထားမှန်း သိသာပါတယ်။ စာသင်ချိန်၊ ဂီတ၊ သီချင်းဆိုတာတွေကို သတ်မှတ်ထားတဲ့ အချိန်အတိုင်း အတိမ်းအစောင်းမခံဘဲ ကွက်တိ လုပ်ဆောင် သွားတာ တွေ့ရတယ်။
ညနေ ကျောင်းဆင်းခါနီးမှာတော့ အင်္ဂလိပ်သီချင်းကို အရင်ဆိုပြီး ဆရာကြီး မင်းသုဝဏ် ရေးစပ်ခဲ့တဲ့ “ရွှေဥသြ” ကဗျာကို သီဆိုပါတယ်။ ဒီကဗျာက နွေရာသီ ကျောင်းပိတ်ချိန်ကို ရည်ညွှန်းထားတဲ့ ကဗျာလေး ဖြစ်ပါတယ်။ ဒီကဗျာကို သံပြိုင် သီဆိုပြီးတဲ့ နောက်မှာတော့ ကလေးတွေဟာ ပျော်ပျော်ပါးပါး ကျောင်းဆင်းကြပါ တော့တယ်။
အဲဒီလို ပျော်ရွှင်မှုမျိုးကို သူတို့တွေ ဘယ်ကာလအထိ ရကြမလဲ ဆိုတာကတော့ ဘယ်သူမှ အတိအကျ ပြောနိုင်သေးမယ် မထင်ပါဘူး။ ။
< Prev | Next > |
---|