တံခွန်တိုင် ပွဲတော်

စကားသံဝဲ၀ဲနဲ့ ခေါင်းဆောင်လို့ ယူဆရတဲ့ လူကြီးတယောက်က “တက်တက်၊ ကားပေါ်တက်ကြ။ ကပွဲအတွက် အ၀တ်အစားတွေနဲ့ ဗုံတွေ၊ မောင်းတွေ အစုံပါတယ်နော်” လို့ လူငယ်တွေကို အော်ပြောနေတယ်။

အင်္ဂလိပ် လက်ကျန်ခေတ် ခေါင်မိုးဖွင့် ကုန်ကားကြီးတစီးထဲကို ကုန်ပစ္စည်းတွေ ပြည့်နှက်နေအောင်တင်ပြီး အဲဒီကုန်ပစ္စည်းတွေအပေါ်မှာ လူကြီး၊ လူငယ်၊ မိန်းကလေး၊ ယောက်ျားလေးတွေအပြင် ကလေးတွေပါမကျန် ကိုယ်စီ နေရာယူလိုက်ကြတယ်။ ကားပေါ်မှာ လူအယောက် ၃၀ လောက် ကျပ်သိပ်နေအောင် ပူးကပ်ထိုင်နေကြတဲ့အပြင် မတ်တတ်ရပ် တွယ်စီးနေတဲ့သူတွေလည်း တွေ့ရတယ်။

kayan-kay-boe-thoe-01ဒီကားက လွိုင်ကော်မြို့ကနေ  ကယားပြည်နယ်တခုလုံး လူမျိုးစုအားလုံးအတွက် အထိဋ်အထိပ်ဖြစ်တဲ့ ကေထိုးဘိုး ရိုးရာပွဲတော်လို့ ခေါ်ကြတဲ့ တံခွန်တိုင်ပွဲတော်ကျင်းပမယ့် ရှားတောမြို့ကိုသွားမယ့် လိုင်းကားတစီးပါ။

ကေထိုးဘိုးပွဲတော် ကျင်းပတဲ့ရက်တွေကတော့ တနှစ်နဲ့ တနှစ် ရက်သီးသန့် သတ်မှတ်ထားတာမရှိပါဘူး။ မတ်လနဲ့ ဧပြီလအတွင်းမှာ “ကြက်ရိုးထိုး” ဗေဒင်မေးပြီး အဆင်ပြေတဲ့ရက်ကို ပွဲတော်ဖြစ်မြောက်ရေး ကော်မတီက သတ်မှတ်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဧပြီလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပဖို့အတွက် ပွဲတော်ဖြစ်မြောက်ရေးကော်မတီက ဆုံးဖြတ်ခဲ့ကြပါတယ်။

၁၉၆၀ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ကေဘိုးထိုး အမည်ရှိ စာအုပ်မှာတော့ “ကေထိုးဘိုးနတ် ဆိုသည်မှာ တံခွန်တိုင်နတ် တနည်းအားဖြင့် မိုးကို စောင့်ရှောက်သောနတ် (မိုးရေကို ပေးသောနတ်) ဟူ၍ ခေါ်ဆိုနိုင်ပေသည်။ နွေရာသီအဆုံး၊ မိုးရာသီအစ ကြားကာလအချိန်မျိုး၌ ကေထိုးဘိုးနတ်ကို ပူဇော်ပသကြရသည်” ဟု ရေးသားထားပါတယ်။

နယ်ပေါင်းစုံက ပွဲတော်ကိုလာတဲ့သူတွေ စတည်းချ တည်းခိုနေထိုင်ရေးအတွက် ပွဲတော်ကျင်းပတဲ့ မြို့နယ်မှာရှိတဲ့ အိမ်ရှင်တွေက လက်ခံပေးထားပြီး စားဖို့အတွက်ကိုတော့ ပွဲတော်အတွင်းမှာ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီက စီစဉ်ပေးထားပါတယ်။

နေ့ခင်းဘက်မှာ ကျေးရွာအလိုက် အားကစားပြိုင်ပွဲတွေ ကျင်းပကြပြီး ညဘက်မှာတော့ အကပြိုင်ပွဲတွေ၊ ရိုးရာအ၀တ်အစားနဲ့ အလှပြိုင်ပွဲတွေ၊ ပြဇာတ်တွေ ကပြဖျော်ဖြေကြပါတယ်။ ပွဲဈေးဆိုင်တန်းတွေရှိပြီး ရိုးရာအစားအစာ အရောင်းဆိုင်တွေ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေနဲ့ ခေါင်ရည်ဆိုင်တွေ ရှိတယ်လို့လည်း ပွဲတော်တက်တဲ့ လူငယ်တွေက ပြောပါတယ်။

ဒီနှစ် ကျင်းပတဲ့ ရှားတောမြို့ဆိုတာကတော့ ကယားပြည်နယ်မှာ မြို့ ၈ မြို့ရှိတဲ့အနက် ပဉ္စမမြောက် လူဦးရေအများဆုံးမြို့လို့ ဆိုနိုင်ပေမယ့် လမ်းပန်းဆက်သွယ်ရေးကတော့ အလွန်ခက်ခဲတယ်လို့ အကြောင်းသိ ဒေသခံတွေက ပြောပါတယ်။

ပြည်နယ်တခုလုံး ကိုယ်စားပြုပွဲတော်ကြီးဖြစ်တာကြောင့် အစည်းကားဆုံး ပွဲတော်ကြီးတခုဖြစ်ပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် တံခွန်တိုင်ပွဲတော်ကို အရင်နှစ်တွေကလောက် တခြားမြို့တွေ၊ ကျေးရွာတွေက ပြည်သူတွေ မသွားနိုင်ကြဘဲ ဖြစ်နေကြပါတယ်။

“အဲဒီဘက်မှာက လိုင်းကားတွေမရှိတော့ သွားဖို့အရမ်းခက်တယ်။ ကျေးရွာတိုင်းလိုလို သွားနိုင်မယ်မထင်ဘူး။ ကျမတို့ အခု ကျေးရွာအုပ်စုတွင်းမှာတော့ ၈ ရွာပဲသွားနိုင်တယ်။ ကိုယ့်ဘာသာကိုယ် ပိုတ်ဆံတွေစုပြီး ကားတစီးငှားပြီး သွားကြတယ်” ဟု ဒီမောဆိုးမြို့မှ အမျိုးသမီးငယ်တဦးက ဆိုပါတယ်။

ရှားတောမြို့ထဲက ကျေးရွာငယ်လေးတွေမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေအကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်နေတုန်းပါပဲ။

ရှားတောရဲ့ အရှေ့ဘက်အခြမ်းဟာ ထိုင်း-မြန်မာနယ်စပ်ဖြစ်ပြီး နယ်စပ်တလျှောက်မှာလည်း KNPP တပ်ဖွဲ့တွေ စခန်းချတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မအေးချမ်းသေးတဲ့ နယ်မြေဖြစ်နေသေးတာကြောင့် ခရီးသွားလာတဲ့သူတွေ နည်းပါးပြီး ကယားပြည်နယ်ရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ လွိုင်ကော်မြို့ကနေ မိုင် ၂၀ လောက်ပဲ ဝေးပေမယ့် ခရီးသည်တင် လိုင်းကားက တစီး၊  နှစ်စီးလောက်သာ ရှိပါတယ်။

ဒီလို အခက်အခဲတွေ ရှိနေပေမယ့် ရှားတောမှာ ပွဲတော်ကျင်းပဖို့ ရွေးချယ်ရတာကတော့ ဒီနှစ် ရှားတောမြို့မှာ တံခွန်တိုင်ပွဲကျင်းပဖို့ အလှည့်ကျတဲ့အတွက်ပဲ ဖြစ်ပါတယ်။

ဒီနှစ် တံခွန်တိုင်ပွဲတော်ဟာ ကယားပြည်နယ်မှာ ၅၃ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ရှားတောမြို့မှာတော့ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်တယ်လို့ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာနေတဲ့ ကယားတိုင်းရင်းသား ဦးဗျားရယ်က ပြောပါတယ်။ သူက ဒီပွဲတော်ဟာ ကယားတိုင်းရင်းသားတွေအတွက် အရေးကြီးတဲ့ပွဲတော် ဖြစ်ကြောင်းလည်း ပြောပြပါတယ်။

“တံခွန်တိုင်ပွဲ ကျင်းပရတာကတော့ ကယားတိုင်းရင်းသား မျိုးနွယ်စုတွေအားလုံး စည်းရုံးမှုနဲ့ ချစ်ခင်ရင်းနှီးမှု ရရှိရန်အတွက် ရည်ရွယ်တာပါ” ကယားပြည်နယ်မှာ ကယား၊ ကယော၊ ကယန်း၊ ဂေခို၊ ဂေဘား၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော်၊ ဇယိမ်း စတဲ့ လူမျိုးစုတွေရှိပြီး အများဆုံး ကိုးကွယ်တဲ့ဘာသာတွေကတော့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နဲ့ ရိုးရာနတ်ကိုးကွယ်မှုတို့ ဖြစ်ပါတယ်။

ဘာသာမတူ လူမျိုးစုကွဲကြပေမယ့် တံခွန်တိုင်ပွဲတော်အတွက် ရိုးရာတိုင်ရရှိဖို့ သစ်ပင်တပင်ရရှိအောင် ရှာဖွေရာမှာတော့ ကယားတိုင်းရင်းသားတွေအားလုံး စည်းစည်းလုံးလုံးနဲ့ အပင်ပန်းခံပြီး တောထဲမှာ သွားရှာကြရပါတယ်။

များသောအားဖြင့် ကျွန်းပင်နဲ့ သပြေပင်ကို ရွေးချယ်ကြပြီး အဖြောင့်ဆုံးနဲ့ အရှည်ဆုံးသစ်ပင်ကို ရရှိဖို့အတွက် အထူးရွေးချယ် ရှာကြရပါတယ်။ လိုချင်တဲ့ တိုင်တတိုင် ရဖို့အတွက် သစ်ပင်ရှာဖွေရေးအဖွဲ့က ပွဲတော်မတိုင်မီ တောထဲမှာ ၁ လလောက် ကြိုပြီး သွားရှာထား ကြရပါတယ်။

kayan-kay-boe-thoe-02လိုချင်တဲ့ သစ်ပင်မရဘူးဆိုရင်တော့ တောအတွင်း ၅ မိုင်ကနေ ၁၀ မိုင်အထိ ဝေးတဲ့ နေရာတွေအထိ သွားရောက်ရှာဖွေရတဲ့ အထိဖြစ်နိုင်ပါတယ်။

သင့်တော်တဲ့တိုင် တွေ့ရှိတဲ့အချိန်မှာ ရိုးရာဓလေ့ဖြစ်တဲ့ ကြက်ရိုးထိုး ဗေဒင်မေးပြီး ကောင်းတဲ့အတိတ်နိမိတ်တွေ့မှ စတင်ခုတ်ကြရပါတယ်။ မကောင်းတဲ့အတိတ်နိမိတ် တွေ့မယ်ဆိုရင်တော့ နောက်ထပ်သင့်တော်တဲ့ သစ်ပင်တပင်ကို သွားရောက် ရှာဖွေကြရပါတယ်။

သစ်ပင်ကို ခုတ်ပြီးပြီဆိုရင်လည်း ဘယ်လောက်ပဲဝေးဝေး ကေထိုးဘိုးပွဲတော် ကျင်းပမယ့်နေရာကို လူအင်အားနဲ့ သယ်ကြရပါတယ်။ လုံးပတ်က လက်တစ်ဖက်စာကျော်ပြီး အရှည်က ပေ ၃၀ ကျော်လောက်ရှိတဲ့ သစ်ပင်ကြီးကို ငြမ်းတွေဆင်ပြီး လူ ၃၀ လောက် ၀ိုင်းမ သယ်ကြရပါတယ်။ သယ်လို့ အဆင်မပြေတဲ့ နေရာတွေဆိုရင်တော့ ကြိုးနဲ့ဆွဲကြရပါတယ်။

တံခွန်တိုင်ထူတဲ့နေ့ကို ပွဲတော်နေ့အဖြစ် သတ်မှတ်ပြီး တိုင်ထူပြီးတဲ့အချိန်ဟာ အပျော်ရွှင်ရဆုံးအချိန်ပဲလို့ ပွဲတော်ကိုလာရောက်တဲ့ ကယားအမျိုးသမီးငယ်တဦးက ပြောပါတယ်။

“တိုင်ထောင်လိုက်လို့ အောင်မြင်သွားတဲ့အချိန်မှာ ရင်တွေ အရမ်းခုန်ရပြီး တီးလုံးသံတွေ မြိုင်မြိုင်ဆိုင်ဆိုင် ကြားလိုက်ရတော့ ဘယ်လိုမှန်းမသိအောင် ခံစားလိုက်ရတယ်။ ပြီးတော့ အရမ်းလည်း ပျော်ပါတယ်” လို့ အသံဝဲ၀ဲနဲ့ ပြောသွားပါတယ်။

ဒီ ကေထိုးဘိုးလို့ ခေါ်တဲ့ တံခွန်တိုင်ကြီးကို ပွဲတော်ရက်အတွင်းမှာပဲ ထောင်ထားရတာ မဟုတ်ပါဘူး။ ကယားလူမျိုးတွေရဲ့ ဓလေ့ရိုးရာအတိုင်း မပျက်မစီးသရွေ့ ထောင်ထားရမယ်လို့ဆိုပါတယ်။ ကေထိုးဘိုးတိုင်ကြီး ဖြောင့်မတ်နေသလို လူတွေရဲ့ အတွင်းစိတ်နေသဘောထားလည်း ဖြောင့်မတ်မှန်ကန်စေဖို့ သတိပေးတဲ့အနေနဲ့ ထာဝရ ထောင်ထားတာဖြစ်တယ်လို့ ကယားတိုင်းရင်းသားတွေက ဆိုကြပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်