သံဝေဇနိယ လေးဌာနနဲ့ သံဝေဂ ရစရာများ

ဗုဒ္ဓမြတ်စွာ ပွင့်တော်မူတဲ့ အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ထဲက ဂယာဆိုတဲ့ နေရာဒေသဟာ ဗုဒ္ဓဘာသာဝင်တွေအဖို့ ဗုဒ္ဓဂယာ ဘုရားဖူးသွားကြစို့လို့ ရည်မှန်းကြရတဲ့ မြို့လေးပါ။ ဗုဒ္ဓပွင့်ခဲ့တဲ့ မဟာဗောဓိညောင်ပင်ဟာ ဂယာနဲ့ နီးနီးကပ်ကပ်ရှိနေလို့ ဒီနေရာ နှစ်ခုကို ပေါင်းစပ်ပြီးတော့ ဗုဒ္ဓဂယာလို့ ခေါ်ကြတာကို ၁၈ ရာစုကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။ ရှေးယခင်ကတော့ မဟာဗောဓိပင်ရှိရာမြေလို့ အဓိပ္ပာယ်ရတဲ့ ဗောဓိမဏ္ဍ လို့ ခေါ်ကြပါတယ်။

Gaya_01_IMG_3172ကမ္ဘာတ၀န်းက ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားကြတဲ့၊ ရှေးဟောင်းယဉ်ကျေးမှု စိတ်ဝင်စားသူတွေ လာရောက်ကြတဲ့ နေရာတခုဆိုပေမယ့် အိန္ဒိယရဲ့ အပူဒဏ်လွန်ကဲတဲ့ ဒေသမှာရှိတာမို့ အခုလို နွေရာသီကို ရောက်လာပြီဆိုရင် ဆောင်းတွင်း ကာလ တွေတုန်းက အရောင်စုံဧည့်သည်တွေနဲ့ စည်ကားနေတတ်တဲ့ ဂယာဟာ နေရောင်ပြင်းပြင်း၊ တံလျှပ်တွေနဲ့ ဖုန်တလုံး လုံးအောက်မှာ ခြောက်သွေ့တဲ့အသွင်အပြင်တွေဘက်ကို ပြောင်းလို့လာနေပါတယ်။

ဗုဒ္ဓကျမ်းဂန်တွေမှာ ဖတ်ရဖူးတဲ့ တောက်ပသော နီလာရောင် ပြာသောအဆင်းနဲ့ နီလဇလံ မြစ်ဆိုတဲ့ နိရဉ္ဇရာမြစ်ကြီးဟာလည်း ရေတစက်မှ မရှိ၊ သဲတွေအတိဖြစ်နေပေမယ့် နေပူဒဏ်မကြောက်တဲ့ အိန္ဒိယတိုင်းသား ကလေးငယ်လေးတွေကတော့ ဘုရားဖူးရာသီလက်ကျန် ခရီးသွား တယောက်တလေဆီက စွန့်ကြဲပေးလှူမယ့် ငွေအကြွေလေးတွေ ရနိုးနိုးနဲ့ ဗုဒ္ဓပွင့်တော်မူရာ မဟာဗောဓိ စေတီတော်ဝင်းအတွင်းမှာ စောင့်မျှော်နေကြဆဲပါ။

ချိုင့်ဝှမ်းလေးတခုထဲမှာ ရှိနေတဲ့ မဟာဗောဓိ စေတီတော်ရင်ပြင်မှာတော့ ညနေ ၄ နာရီအချိန်ဖြစ်နေတာတောင် ခြေချမရနိုင် လောက်အောင် ပူလွန်းလှပါတယ်။ ဘုရားဖူးတွေနဲ့ စည်ကားလေ့ရှိတတ်တဲ့ ညနေ ၆ နာရီလောက်မှာတော့ နီညိုရောင် ယောဂီ ၀တ်စုံနဲ့ မြန်မာဘုရားဖူးတွေ၊ မီးခိုးရောင်ဝတ်စုံတွေနဲ့ ဗီယက်နမ် သီလရှင်တွေ၊ အဖြူရောင် ယောဂီဝတ်စုံနဲ့ ထိုင်းဘုရားဖူးတချို့၊ ရိုးရာဝတ်စုံနဲ့ တိဘက်ဘုရားဖူးတချို့ တဖွဲဖွဲရောက်လာကြပြီး ဘုရားဝတ်ပြုကြတာကို တွေ့ရပါတယ်။ စေတီတော် ပရ၀ုဏ် အထဲမှာတော့ သစ်ရိပ်တွေ ရှိနေပေမယ့် ပူလောင်နေဆဲပါပဲ။

ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်အတွက် အကောင်းဆုံးအချိန်တွေဟာ စက်တင်ဘာကနေ ဒီဇင်ဘာလဆန်းနဲ့ ဖေဖော်ဝါရီ လကုန်ပိုင်း လောက်ကနေ သင်္ကြန်မတိုင်ခင် ဧပြီလဆန်းအထိကာလတွေပါ။ ကျန်တဲ့အချိန်တွေကတော့ ပူလွန်းအေးလွန်းတာကြောင့် ဘုရား ဖူး တွေအတွက် သက်သောင့်သက်သာ မရှိလှပါဘူး။

Gaya_02_IMG_2851ဗုဒ္ဓဂယာဘုရားဖူး ခရီးစဉ်ကို မြန်မာပြည်ကနေ ပို့ဆောင်ပေးနေတဲ့ လုပ်ငန်းတွေကတော့ သာသနာရေး ဦးစီးဌာန လက်အောက် ခံအဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ အောင်ချမ်းသာ၊ ရန်ကုန်နဲ့ အခြားကိုယ်ပိုင်လုပ်ငန်းတွေကတော့ ဒါနတိုး၊ မဟာတိုး၊ နီလာတိုး၊ ရွှေမဟာ၊ မိဂဒါဝုန်၊ အောင်ပန်း၊ မဇ္ဈိမဂုဏ်၊ ကျော်အောင်စံထား၊ သမ္မတ၊ ရွှေမှီ၊ ရွှေမဂ္ဂင်၊ ပိတောက်ရွှေဝါ စတာတွေပါ။

အိန္ဒိယနိုင်ငံက မြန်မာ ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးတာကြောင့် ဗီဇာရယူဖို့လွယ်ကူလာတာအပြင် ရန်ကုန်ကနေ ဂယာ တိုက်ရိုက်ပြေးဆွဲပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI)က ခရီးစဉ်တွေဆွဲပေးလာတာတွေ၊ အဲ

မန္တလေး ကလည်း ရန်ကုန်-ဂယာ၊ မန္တလေး-ဂယာ တိုက်ရိုက်ခရီးစဉ်တွေ တိုးချဲ့လာတာတွေကြောင့် ဒီ ၂၀၁၀-၂၀၁၁ ဘုရားဖူး ရာသီမှာကတော့ လာမယ့် မေလကုန်အထိ ဘုရားဖူးခရီးစဉ်တွေရှိနေဦးမယ်လို့ သိရပါတယ်။

ဒီလိုခရီးစဉ်တွေ တိုးချဲ့လာပြီး ဘုရားဖူးတွေ ဂယာကို နှစ်စဉ်နဲ့အမျှ တိုးများလာတာ ကောင်းပေမယ့် အဓိကဖြစ်တဲ့ ရာသီဥတု အခြေအနေနဲ့ လမ်းခရီးမှာ တွေ့ကြုံရနိုင်တာတွေကို တင်ကြိုရှင်းပြမထားတတ်တဲ့ ၀ိသမလောဘ စီးပွားရေးလုပ်ငန်းရှင်တချို့ကြောင့် ဘုရားဖူးတွေ ဒုက္ခရောက်ကြရတယ်လို့ ဂယာက မြန်မာရဟန်းတော်တပါးက ဧရာဝတီကို မိန့်ပါတယ်။

အိန္ဒိယရဲ့ မိုးခေါင်ရေရှားရပ်ဝန်းက ဂယာရဲ့ နေ့လယ်ခင်း အပူချိန်က အနည်းဆုံး ၃၅ ဒီဂရီ စင်တီဂရိတ်ကနေ ၄၁ ဒီဂရီ စင်တီ ဂရိတ် အထိ ရှိနေတာပါ။ ဒီလို ပူပြင်းတဲ့အထဲ ခရီးပန်းတာနဲ့ ပေါင်းလိုက်မိတော့ မြန်မာဘုရားဖူးအဖွဲ့တွေက သက်ကြီးရွယ်အို တွေ သေဆုံးတာ၊ အပူရှပ်ပြီး နေထိုင်မကောင်းဖြစ်တာတွေ ရှိလာတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့က ဒေါ်ငြိမ်းတင် (၆၈)နှစ်ဟာ သာဝတ္တိမှာ ဆုံးသွားတယ်။ နေ့လယ် ၁ နာရီခွဲလောက်က။ နေပူထဲ ဘုရားဖူးပြန်လာပြီး နားနေတုန်း ရှော့ခ်ဖြစ်သွားတာ။ နောက်တယောက်ဆိုလည်း ကာလကတ္တားမှာ အဲ့ဒီလိုပဲ ပူပြီး ရှော့ခ်ရ တော့ ဦးနှောက်ခွဲစိတ်တာတွေ လုပ်လိုက်ရတယ်” လို့ ဆရာတော်က မိန့်ဆိုပါတယ်။

Gaya_03_IMG_2865ဗုဒ္ဓဂယာ ဘုရားဖူးလို့ အများသိကြတဲ့ ဘုရားဖူး ခရီးစဉ်မှာ ဗုဒ္ဓဖွားမြင်ရာနေရာ နီပေါနိုင်ငံ လုမ္ပီနီ၊ ဂယာအနီးနားဝန်းကျင်မှာရှိတဲ့ တရားကျင့်ရာ ဥရုဝေလတော၊ သဗ္ဗညုတ ဉာဏ် ရရာ မဟာဗောဓိညောင်ပင်နေရာ၊ ဓမ္မစကြာ တရားဦးဟောရာ ဗာရာဏသီမြို့အနီးက မိဂဒါဝုန်တောနေရာ၊ ကုသိနာရုံမြို့က ပရိနိဗ္ဗာန်စံရာ နေရာဆိုတဲ့ သံဝေဇနိယ လေးဌာနကို အဓိကထား သွားကြပါတယ်။

ဒီနေရာ လေးဌာနဟာ တနေရာနဲ့ တနေရာ အနည်းဆုံး မိုင်၃၀ကနေ မိုင် ၁၅၀ ကျော်အထိကွာဝေးပါတယ်။ ဒီခရီးကို ဘတ်စ် ကားတွေနဲ့သာ သွားကြရပါတယ်။ အိန္ဒိယနိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးတယ်ဆိုပေမယ့် ဗုဒ္ဓဂယာ ဘုရားဖူးသွားရာ လမ်းတလျှောက် မှာတော့ ချိုင့်ခွက်တွေ၊ ကတ္တရာအပြည့်မရှိတဲ့ အဝေးပြေးကားလမ်းတွေရယ်၊ မပြည့်စုံတဲ့ လေး၊ ရှော့ဘားတွေ၊ သက်သောင့် သက်သာမရှိတဲ့ ထိုင်ခုံတွေ၊ ပုံမှန်အလုပ်မလုပ်တဲ့ လေအေးပေးစက်တွေနဲ့ အငှားလိုက်ဘတ်စ်ကားတွေကိုသာ ဘုရားဖူးအဖွဲ့တွေ အားထားနေကြရတာပါ။

လမ်းမကောင်းတာရယ်၊ ကားမကောင်းတာရယ်၊ မဆင်မခြင်မောင်းနှင်လေ့ရှိတဲ့ ဒေသခံ ကားသမားတွေရယ်ကြောင့် ယာဉ် တိုက်မှုဖြစ်လို့ ဘုရားဖူးတွေ ဒဏ်ရာအနာတရဖြစ်တာ၊ အသက်ဆုံးရှုံးရတာတွေကိုလည်း မကြာခဏ ကြားရလေ့ရှိပါတယ်။

ဘုရားဖူးအဖွဲ့တွေမှာ လိုက်ပါလာတဲ့သူအများစုဟာ အသက် ၅၀ နဲ့အထက် သက်ကြီးရွယ်အိုတွေပါဝင်လေ့ရှိတာကြောင့် ဒီလို အပူလွန်ကဲတဲ့ ရာသီဥတုမျိုးမှာ လေယာဉ်ပေါ်ကနေ ဂယာလေဆိပ်ကိုဆင်းတာနဲ့ အပူဒဏ်ကို ရုတ်တရက်ခံစားကြရပြီး မူးမော်သူတွေလည်း ရှိကြတယ်လို့ ဆိုပါတယ်။

ဆရာတော်က “ဒီအချိန်က ချောက်၊ ရေနံချောင်း ပူတာထက်ကို ပိုတာ။ နေထွက်တာနဲ့ ပူ။ နွေရောက်လာလေလေ ပိုပူလေလေ ပဲ။ ဒီအချိန် မလာသင့်တော့ဘူးဆိုတာ ဘုရားဖူးတွေက မသိကြဘူး။ အဆင်ပြေတယ်ပဲ ထင်ကြတာ။ ဒါကို ဘုရားဖူးလုပ်ငန်း လုပ်နေသူတွေက ဘုရားဖူးရပြီးရော၊ ငွေရပြီးရော မလုပ်ဘဲ သေချာရှင်းပြ ပြောပြသင့်တယ်”လို့ မိန့်ပါတယ်။

ပုံမှန်အားဖြင့် သံဝေဇနိယ လေးဌာနကို ခရီးတပတ် ပတ်ဖို့မှာ ၁၀ ရက်အထက်အချိန်ပေးရင် ဘုရားဖူးတွေလည်း သက်သောင့်သက်သာနဲ့ အေးအေးဆေးဆေး ဘုရားဖူးနိုင်ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒေလီမြို့နဲ့ ကာလကတ္တားမြို့ကိုပါ ခရီးစဉ်မှာ အပြိုင်အဆိုင် ထည့်သွင်းလာတာကြောင့် ခရီးစဉ်တခုကို ၁၅ရက်ကနေ ၁၈ ရက်အထိ ကြာမြင့်လာတယ်လို့ ဆရာတော်က မိန့်ပါတယ်။

ဆရာတော်က “ဒေလီတွေ၊ ကာလကတ္တားတွေကို တဖွဲ့နဲ့ တဖွဲ့ သာအောင် အပြိုင်ဆိုင်ထည့်လာကြတာ။ ရက်တိုနဲ့တမျိုး၊ ရက်ရှည်တမျိုး။ ခရီးတွေ ရှည်ပြီး ဘုရားဖူးတွေ ပင်ပန်းတာပဲ အဖတ်တင်တယ်။ အခုလို ပူတဲ့အချိန်ဆို ပိုဆိုးတာပေါ့”လို့ မိန့်ပါတယ်။

Gaya_04_IMG_2798ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တချို့ရဲ့ မြန်မာနိုင်ငံမှာတုန်းက ကြော်ငြာထားတဲ့ တည်းခိုနေထိုင်စရာ၊ စားရေးသောက်ရေးစတဲ့ ၀န်ဆောင်မှုတွေနဲ့ တကယ့်လက်တွေ့မှာ ကွာခြားနေတာတွေ၊ အဖွဲ့တွင်းမှာပါလာတဲ့ အရေးကြီးပုဂ္ဂိုလ်တွေနဲ့ ခွဲခြားဆက်ဆံ ခံရတာတွေ၊ ခရီးစဉ်မှာပါတဲ့ နေရာတွေအတိုင်း မပို့ပေးတာတွေကြောင့် ဘုရားဖူးတွေနဲ့ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တွေအကြား မပြေမလည်ဖြစ်ရတာတွေကလည်း ဒုနဲ့ဒေးပါပဲ။

နိုင်ငံရပ်ခြားကို ဘုရားဖူးထွက်တယ်လို့ ပြောတဲ့အခါ အများစု အမြင်မှာက ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်၊ တည်းခိုခန်း၊ ကောင်း မွန်တဲ့ စားသောက်ဖွယ်ရာတွေ၊ သက်သောင့်သက်သာရှိမယ့် ကားကြီးတွေနဲ့ သွားလာရမယ်လို့ တွက်ဆထားကြပေမယ့် အမှန် တကယ်မှာတော့ သံဝေဇနိယ လေးဌာနမှာ တည်ထားတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုရတာ၊ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့က စရိတ်ချွေတာစီမံလိုက်တဲ့ အစားအသောက်တွေနဲ့ အဆင်မပြေဖြစ်ရတဲ့အခါမှာတော့ စိတ်ချမ်းမြေ့စရာမရှိတဲ့ ဘုရားဖူးခရီးစဉ် ဖြစ်သွားရတယ်လို့ ဘုရားဖူးတယောက်က ဆိုပါတယ်။

သူက “ခရီးစဉ်ကိုဝယ်တုန်းက သူတို့ပြောတာနဲ့ လက်တွေ့ကြုံရတာတွေက တခြားစီဖြစ်နေတယ်။ အဖွဲ့မှာ လူကများလွန်းတော့ ဘုရားဖူးလည်း ပုဆိန်ပေါက်ပဲ။ အကုန် သွားသုတ်သုတ်၊ စားသုတ်သုတ်နဲ့ဆိုတော့ စိတ်ရောလူရော အနားမရဘူး။ ခရီးဝေးတော့လမ်းမှာစားဖို့ ထည့်ခဲ့တာတွေကလည်း အဆင်မပြေတာများတယ်။ ကားကလည်း သက်သောင့်သက်သာမရှိတော့ ပင်ပန်းတယ်” လို့ ပြောပြပါတယ်။

ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုရမယ်၊ အခြားသူတွေနဲ့ အတူတွဲနေရမယ်ဆိုတာ သူ့အနေနဲ့ သိနားလည်ထားပေမယ့် ဘုရားဖူးခရီးစဉ်တလျှောက် တခြားဘုရားဖူးအဖွဲ့တွေကလည်း တော်တော်များများရှိနေ၊ သူတို့ရဲ့အဖွဲ့လည်း လူ ၁၀၀ ကျော် ပါလာတာမို့ စိတ်ကျဉ်းကြပ်ရတယ်လို့ သူကဆိုပါတယ်။

ဘုရားဖူးသွားရာနေရာတွေက ဂယာနဲ့ ဗာရာဏသီလို မြို့တွေမှာ ဟိုတယ်တွေ၊ အသင့်အတင့် အဆင့်အတန်းနဲ့ တည်းခိုခန်း တွေ ရှိပေမယ့် အမြတ်အစွန်းများများရရှိရေးကိုသာ ကြည့်တဲ့ ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းတွေက ဘုန်းတော်ကြီးကျောင်းတွေမှာသာ တည်းခိုဖို့ စီစဉ်ကြတယ်လို့ ဆိုပါတယ်။

ဒီလို ခရီးသွားတွေ တအားများတဲ့အချိန် ဘုန်းတော်ကြီးကျောင်းတွေမှာ တည်းခိုဖို့ နေရာလပ်မရှိသေးဘူးဆိုရင်တော့ ဟိုတယ် တခုခုမှာ ညအိပ်ရပ်နားဖို့ စီစဉ်ပေးရမယ့်အစား ဘုရားဖူးအဖွဲ့တချို့ဟာ လမ်းမှာ တညလုံး အချိန်ဆွဲပြီး ရှေ့က ရောက်နှင့်နေ တဲ့အဖွဲ့ ထွက်သွားလောက်တဲ့အချိန်လောက်မှာမှ အဲ့ဒီမြို့ကိုဝင်တာမျိုးတွေ လုပ်လာတာကြောင့် ဘုရားဖူးတွေမှာ မလိုအပ်ဘဲ ပင်ပန်းကြရပါတော့တယ်။

ဘုရားဖူးအဖွဲ့တွေ အစုလိုက်အပြုံလိုက် ရောက်လို့ နေရာအခက်အခဲကြောင့် ဘုရားဖူးတွေ စိတ်ကျဉ်းကြပ်ရသလို ဘုန်းတော်ကြီးကျောင်းတွေက ဆရာတော် သံဃာတော်တွေအဖို့မှာလည်း ဘုရားဖူးအဖွဲ့တွေအတွက် စီစဉ်ကြပ်မတ်ရတာတွေမှာ အခက် အခဲ တွေရှိတယ်လို့လည်း ဗုဒ္ဓဂယာ ခရီးစဉ် လမ်းပြအဖြစ်လိုက်ပို့ပေးလေ့ရှိတဲ့ ဆရာတော်တပါးက မိန့်ပါတယ်။

Gaya_05_IMG_2801ဘုရားဖူးတွေ တည်းခိုလေ့ရှိကြတဲ့ ဘုန်းတော်ကြီးကျောင်းတချို့မှာ အခန်းတွေ သန့်ရှင်းရေးလုပ်တာနဲ့ ချက်ပြုတ်ရေးရာတွေအတွက် အိန္ဒိယတိုင်းသားတချို့ကို တာဝန်ပေးထားတတ်ပေမယ့် အများစုကတော့ ကျောင်းက ဆရာတော်သံဃာတော်တွေကိုယ်တိုင် ၀ယ်ခြမ်းချက်ပြုတ်ရေးရာတွေကို လုပ်ကိုင်ကြပြီး ဘုရားဖူးအဖွဲ့ တဖွဲ့နဲ့ တဖွဲ့ အ၀င်အထွက် စိတ်တဲ့အချိန်တွေမှာဆိုရင်တော့ ဘုရားဖူးတွေအတွက် မပြည့်စုံမှုတွေ ဖြစ်ရတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“ဟိုတုန်းက တဖွဲ့ကို လူ ၆၀ လောက်လာတော့ နိုင်နိုင်နင်းနင်းရှိပေမယ့် အခုက လူ ၁၀၀ ကျော် ၂၀၀ တွေဆိုတော့ ဘုရားဖူး တွေလည်း အေးအေးဆေးဆေး မဖူးရဘူး။ ဘုရားဖူးတွေ စုပြုံဝင်လာတဲ့အတွက် ကျောင်းတွေမှာ နေရေး စားရေးဆောင်ရွက်ပေး ရတာ အခက်အခဲတွေ၊ မပြည့်စုံမှုတွေဖြစ်ရတယ်” လို့ မိန့်ပါတယ်(ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)။

ဘုရားဖူးတဖွဲ့မှာ လူဦးရေများလေလေ အမြတ်အစွန်းပိုကျန်လေဆိုတော့ စီးပွားရေးကိုသာကြည့်တဲ့ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တွေက တဖွဲ့ထဲမှာပဲ လူဦးရေများများထည့်သွင်းလာကြသလို ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေက ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တွေက ကော်မရှင်ခတွေနဲ့ မက်လုံးပေးဆွယ်နေတာတွေ များပြားလာတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“ဘုရားဖူး ၁၀ ယောက်ရရင် လေယာဉ်လက်မှတ်တစောင်၊ ဘုရားဖူး ၁ ယောက်ကိုခေါ်လာရင် ၃ သောင်း စသဖြင့်နဲ့ ဆွယ်ကြ တော့ လူစုတဲ့သူကလည်း လူများများရပြီးရောသဘောနဲ့ ဂယာသွားရင် ဘယ်လိုတွေ ကြုံရမယ် ဘယ်လိုနေရမယ်ဆိုတာကို မပြောပြကြတော့ ဒုက္ခတွေများတာပေါ့” လို့ ဆရာတော်က မိန့်ပါတယ်။

ဒါ့အပြင် ဘုရားဖူးတွေ အိန္ဒိယနိုင်ငံမှာ သုံးစွဲ၊ ၀ယ်ခြမ်းဖို့ ငွေကြေးလဲလှယ်ရာမှာလည်း မသမာတဲ့ ဘုရားဖူးပို့ဆောင်ရေးအဖွဲ့တွေက ရှိနေပြန်ပါသေးတယ်။ လက်ရှိ ဒေါ်လာငွေပေါက်ဈေးက ဒေါ်လာ ၁၀၀ ကို ရူပီး ၄၄၀၀၊ ရူပီး ၁၀၀ ကို မြန်မာငွေ ၁၈၀၀ ကျပ် ဖြစ်ပါတယ်။ ဒါကို ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းတခုက ငွေပေါက်ဈေးအောက် လျှော့ပြီး လဲပေးတဲ့အပြင်၊ ဘုရားဖူးတွေပါလာ တဲ့ ဒေါ်လာငွေတွေကို ပြင်ပငွေလဲလှယ်သူတွေဆီ လဲလှယ်ခွင့်မပေးဘဲ သူတို့ဆီမှာပဲ လဲလှယ်စေတယ်လို့ သိရပါတယ်။

ဘုရားဖူးရာသီအတွင်းမှာ လူဦးရေများတဲ့ ခရီးစဉ်တွေရှိနေတာကတကြောင်း၊ ဘုရားဖူးအဖွဲ့တွေက လေယာဉ်လက်မှတ်တွေကို ချုပ်ကိုင်ထားတာတွေက တကြောင်းတို့ကြောင့် သီးသန့်လာချင်တဲ့သူတွေ၊ ဂယာမှာ ရှိတဲ့ စာသင်သားရဟန်းတော်တွေ အကြောင်းတစုံတရာရှိလို့ မြန်မာနိုင်ငံကို ပြန်လိုတဲ့အခါမှာ အခက်အခဲတွေ တွေ့ရတယ်လို့ ဂယာက စာသင်သားဦးပဉ္ဇင်းတပါးက မိန့်ပါတယ်။

ဦးပဉ္ဇင်းက “ပရိုက်ဗိတ်အနေနဲ့ ၀ယ်ချင်ရင် ၀ယ်လို့မရဘဲ သူတို့ဆီက တဆင့်ဝယ်ရတော့ ဈေး ၂ ဆ လောက်တက်ကုန်တယ်။ အသွားအပြန် ဒေါ်လာ ၃၆၀ လောက်ကျတာကို ၇၀၀ လောက်ပေးဝယ်ရတယ်။ သူတို့အဖွဲ့နဲ့ လိုက်ရင်လိုက် မလိုက်ရင် အောက် ဈေးနဲ့ဝယ်ရတာပေါ့။ စီးပွားရေးကို လက်ဝါးကြီး အုပ်ထားသလို ဖြစ်နေတယ်” လို့ မိန့်ပါတယ်။

Gaya_06_IMG_3022ဗုဒ္ဓဂယာ ဘုရားဖူးတွေ မဖြစ်မနေ ကြုံတွေ့ရတဲ့ ဒေသခံ အိန္ဒိယ တိုင်းသားတွေရဲ့ အန္တရာယ်ကလည်း ရှိနေပြန်ပါသေးတယ်။ ပစ္စည်းတွေ အလစ်သုတ်တတ်တဲ့ ကလေးငယ်လေးတွေအပြင် ဓာတ်ပုံသမား ကင်မရာသမားတွေဟာ ဘုရားဖူးတွေထဲက အသက်ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီးတော့ ဓာတ်ပုံလှလှ ရိုက်ပေးတာ၊ အမြန်ကူးပေးတာကနေ ခင်မင် အောင်လုပ်ရင်းက အမျိုးသမီးတွေ ကာယိနြေ္ဒပျက်ပြားအောင် နှောင့်ယှက်တာ၊ မတော်မတရားပြုမူခံရတာတွေကလည်း သတိထားရမယ့် အဖြစ်အပျက်တွေပါ။

ဗုဒ္ဓဂယာ ဘုရားဖူး ရောက်ဖူးသူတွေ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ရောက်ချိန်မှာတော့ ကြုံတွေ့ခဲ့ရတဲ့ ခရီးစဉ် အဆင်မပြေမှုတွေကို အချင်းချင်းပြန်ပြောပြလေ့ရှိတာမို့ ဗုဒ္ဓဂယာ ဘုရားဖူးသွားဖို့ကို စိုးရွံ့နေတဲ့သူတွေ၊ ဘုရားဖူးတခေါက်လာပြီး နောင်ဘယ်တော့မှ မလာချင်တော့လောက်အောင် ဖြစ်သွားသူတွေ ရှိပါတယ်။

ရန်ကုန်မြို့က အသက် ၆၀ အရွယ်အမျိုးသမီးကြီး တယောက်က “တကယ် တခေါက်ဆို တခေါက်ပါပဲ။ ပင်ပန်းလွန်းလို့ ဘုရား ဖူး သွားရတာ ဘာအကျိုးရခဲ့မှန်းကို မသိလောက်အောင်ပါပဲ။ အသိမိတ်ဆွေတွေက ဟိုကဒီက ကြားတာတွေရှိတော့ မသွားခင်တုန်းက တားကြတယ်၊ ဗုဒ္ဓဂယာသွားရင် သေတယ်ပေါ့လေ။ မသေရင်တောင် ရောဂါရလာတယ်ဆိုပြီးတော့ ကြောက်ကြ တယ်။ ဟိုမှာ ရာသီဥတုကအစ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ကြိုတင်သိထားရင် ကိုယ့်ဘက်ကလည်း ပြင်ဆင်စရာရှိ ပြင်ဆင်ရရင် ဒီလိုတွေဘယ်ဖြစ်မလဲ” လို့ ပြောပြပါတယ်။

ရန်ကုန်မြို့က ဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းတခုကတော့ “ကျမတို့ကတော့ ခရီးသည်တွေ သွားချင်တဲ့အပေါ်၊ ခရီးစဉ်ဝယ်တဲ့ အပေါ်မှာမူတည်ပြီး ရောင်းပေးတာပါပဲ။ ခရီးသည်တွေအဆင်ပြေဖို့ အတတ်နိုင်ဆုံး လုပ်ပေးပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။

ဂယာက မြန်မာဘုန်းတော်ကြီး တပါးကတော့ “ဘုရားဖူးပို့ဆောင်ပေးတယ်ဆိုတာ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ အလုပ်ပါ။ ကိုယ်က တန်ရာတန်ကြေး ယူထားပြီးပြီ ဒါကို မရောက်ဘူးတဲ့သူ၊ မသိနားမလည်တဲ့သူတွေအပေါ် ခေါင်းပုံပြန်ဖြတ်တာမျိုး၊ ဒီမှာတွေ့ရမယ့် ရာသီဥတုလို အခြေအနေတွေကို ရှင်းမပြဘဲ နေတာမျိုးတွေ မဖြစ်သင့်ဘူး၊ ဘုရားဖူးတွေအနေနဲ့ကလည်း အေးဂျင့်တွေပြောတာကိုပဲ မကြည့်ဘဲ ကိုယ့်ဘာသာ သေချာစိစစ်၊ ရာသီဥတု ဒေသန္တရအခြေအနေတွေကို အရင်စုံစမ်းသင့်တယ်။ အေးအေးဆေးဆေး ဘုရားဖူးရအောင် လူအများကြီးနဲ့ မသွားဘဲ ကိုယ့်အစုနဲ့ကိုယ်သွားတာမျိုးက ပိုကောင်းတယ်” လို့ မိန့်ပါတယ်။

ဗုဒ္ဓဘာသာဝင်တိုင်းဟာ ကိုယ်ကိုးကွယ်ရာဘာသာရဲ့အထွဋ်အမြတ်ဖြစ်တဲ့ သံဝေဇနိယ လေးဌာနကို တသက်မှာတခါ ရောက်ဖူး တယ်ဆိုရင် သေပျော်ပါပြီဆိုပြီး အရောက်သွားနိုင်ဖို့အတွက် ကြိုးစားကြရတာကြောင့် တခါရောက်ဖူးပြီးရင် နောက်တခေါက် မသွားချင်လောက်အောင် ငြိုငြင်စရာကောင်းတဲ့ ခရီးစဉ်မဖြစ်စေဖို့ ဘုရားဖူးလုပ်ငန်း အကျိုးဆောင်နေတဲ့သူတွေအနေနဲ့ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ လုပ်ငန်းဖြစ်အောင် ရှေးရှုလုပ်ဆောင်သင့်တယ်လို့ ဆရာတော်က မိန့်ဆိုပါတယ်။   ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်