
ဖောင်ဖွဲ့ပြီး လပေါင်းများစွာ ပင်လယ်ပြင်ထဲနေထိုင် ငါးဖမ်းနေကြသော တံငါသည်များစွာထဲတွင် ဒေါ်ခင်မေ၏ ခင်ပွန်းသည် ဦးလှဒင်လည်း တဦးအပါအဝင်ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၁၄ ရက်မှ ၁၈ ရက်အတွင်း တိုက်ခတ်ခဲ့သော လေပြင်းကြောင့် တံငါသည် ၂ သောင်းကျော်တို့ ပင်လယ်ပြင်အတွင်း ဖောင်ပျက်၍ မျောပါသွားသည့်အထဲ ဦးလှဒင်လည်း ပါသွားခဲ့သည်။
“စာရင်းဒိုင် (ငါးပုဇွန်ရောင်းဝယ်ရေးဒိုင် ပိုင်ရှင်) က ပြန်လာတော့မှာလို့ ပြောတယ်။ သူ ပြန်လာမှာပါ” ဟု ဒေါ်ခင်မေက ပြောသည်။
ယုံကြည်ချက်အပြည့်ဖြင့် ခင်ပွန်းသည်ပြန်အလာကို စောင့်မျှော်နေ့သည့်အတွက် သားငယ်က “အဖေသေပြီ” ဟုပြောဆို လိုက်တိုင်း ဒေါသထွက်ရသည်ဟု သူက ဆိုသည်။
ဦးလှဒင် ပျောက်ဆုံးနေချိန်တွင် ဒုတိယမြောက် ရင်သွေးကို ကိုယ်ဝန်ဆောင်ထားရသော ဒေါ်ခင်မေနှင့် သူ၏ သားငယ်သည် နေ့စဉ် ဝမ်းရေးအတွက် အဆင်မပြေသဖြင့် အိမ်နီးချင်း ပတ်ဝန်းကျင်က ကျွေးမွေးစောင့်ရှောက် ထားရကြောင်း သိရသည်။
“ပင်လယ်ထဲမှာ မျောပါပြီး ပြန်မလာနိုင်တဲ့ လူတွေ အများကြီးပဲ။ ပျောက်နေတယ်ဆိုကတည်းက သေဖို့ ရာခိုင်နှုန်းများသွားပြီ။ စာရင်းဒိုင်က သူ့မိန်းမကို ငွေမပေးချင်လို့ ပြန်လာမယ်လို့ ပြောနေတာ” ဟု ဖျာပုံ-ဘိုကလေးလမ်းမကြီး အနီးတွင် နေထိုင်သည့် ဒေါ်ခင်မေ၏ အိမ်နီးချင်းတဦးက ဆိုသည်။
မခင်မေသည် အိမ်တံခါးဝကို ငေးကြည့်ရင်း “ကိုလှဒင်ကလည်း အိမ်ပြန် မလာသေးဘူး” ဟု တကိုယ်တည်း တီးတိုး ရွတ်နေတတ်သဖြင့် ခင်ပွန်းသည် ပြန်မလာက စိတ်ဖောက်ပြန်သွားနိုင်သည်ဟု ပတ်ဝန်းကျင်ရှိ လူများက ပြောဆိုနေကြသည်။
မတ်လအတွင်း တိုက်ခတ်ခဲ့သော စိုက်ဆင်းလေပြင်းကြောင့် ပင်လယ်ပြင်တွင် ကျားဖောင်ဖွဲ့ကာ ငါးဖမ်းအသက်မွေးနေသည့် တံငါသည်များမှာ ၄ ရက် ကြာသည်အထိ မျောနေခဲ့ကြရသည်။
လေပြင်း၏ အားကြောင့် မုတ္တမပင်လယ်ကွေ့၊ မြိတ်၊ ကော့သောင်း၊ ကိုကိုကျွန်းနှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ပါလီပါလဲ ကျွန်းများအထိ ကျားဖောင်သမားများ မျောပါသွားခဲ့ရကြောင်း သိရသည်။
ယင်း လေပြင်းကြောင့် ကျားဖောင်စုစုပေါင်း ၃၅၉၉ ဖောင် ပျက်စီးဆုံးရှုံးခဲ့ရပြီး ရေလုပ်သား ၁၆၂၆၈ ဦး ပင်လယ်ပြင်အတွင်း မျောပါကာ လူပေါင်း ၅၈၀ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တရားဝင် သတင်း ထုတ်ပြန် ထားသည်။

လက်ရှိတွင် ပင်လယ်ပြင်မှ ပြန်မရောက်နိုင်သော ပျောက်ဆုံးနေသည့် ရေလုပ်သား ၅၈၀ ၏ မိသားစုဝင်များအတွက် စားဝတ်နေရေးမှာ အဓိက လိုအပ်ချက် တခုဖြစ်နေသည်။
လေပြင်းကြောင့် ထိခိုက်ခဲ့ရသည့် ရေလုပ်သား ၂ သောင်းကျော်အတွက် ယနေ့အထိ အကူအညီ အထောက်အပံ့များလည်း မရှိသေးကြောင်း ရေလုပ်သားများ၏ အဆိုအရ သိရသည်။
“ကျနော်တို့တတွေ အလုပ်နားထားရတယ်။ ပင်လယ်မထွက်တော့ စားဖို့မရှိဘူး။ စာရင်းဒိုင်ကလဲ ငွေမထုတ်ပေးတော့ ဘောက် (ကြုံရာကျပန်း) လိုက်လုပ်နေရတယ်” ဟု မြစ်တန်းကျေးရွာမှ ရေလုပ်သားတဦးက ပြောသည်။
နေအိမ်အသီးသီးသို့ ဒဏ်ရာနှင့် ပြန်ရောက်လာသော ရေလုပ်သားများ ရှိသော်လည်း ပင်လယ်ပြင်တွင် ပျောက်ဆုံးနေသည့် ရေလုပ်သားများကို ကျန်ရစ်သည့် မိသားစုဝင်များက စောင့်မျှော်နေကြဆဲဖြစ်ကြောင်း တွေ့ရသည်။
“ငမန်းနဲ့တိုးတယ်ဗျာ၊ ငမန်းကိုက်သေပြီမှတ်တာ သွေးနံ့မရလို့လားမသိဘူး မကိုက်သွားဘူး” ဟု လေပြင်းကြောင့် ကမ်းမမြင်ရသည့် ပင်လယ်ပြင်တွင် မျောပါခဲ့ရသူ ဖျာပုံခရိုင် ခါးပြတ်ကျေးရွာနေ ကိုလှငွေက ပြောသည်။
လေပြင်းကြောင့် ဖောင်ပျက်ပြီး ပင်လယ်ပြင်တွင် ကူကယ်ရာမဲ့ ဖြစ်နေချိန်တွင် အသားစား ငါးမန်းများ ဘေးတွင် ဖြတ်သွားနေသော်လည်း အသက်မသေခဲ့ရသည့် တံငါသည် ကိုလှငွေက “သေဖို့ ၂ ခါ ကြုံခဲ့တာတောင် သေဖို့ ကံ ပါမလာတော့ မသေဘူးဗျ” ဟု ဆိုသည်။
ဖျာပုံမြို့မှ စက်လှေဖြင့် ၄ နာရီကျော် ခရီးသွားရသော ခါးပြတ်ကျေးရွာနေ ရေလုပ်သားတဦး၏ ဇနီးသည်ကလည်း ကယ်ဆယ်ရေး ကားများ ဖျာပုံမြို့သို့ ၀င်လာတိုင်း ခင်ပွန်းသည်ကို ရှာနေရာမှ ပြန်ရောက်လာသည့် ခင်ပွန်းသည်ကို မြင်လိုချိန်တွင် အလွန်ပျော်ရွှင်သွားရသည်ဟု ပြောပြသည်။
“ကားတစီးလာတိုင်း ကိုယ့်ယောက်ျားပါမလားလို့ အပြေးကြည့်ရတယ်။ သူ့မျက်နှာ မြင်လိုက်တာ ဘယ်လိုပြောရမှန်း မသိဘူး၊ ရင်ထဲက အလုံးကြီး တလုံး အလိုလိုပျောက်သွားတယ်” ဟု ၎င်းကဆိုသည်။
ပင်လယ်ထဲတွင် မျောပါနေသူများကို ကယ်ဆယ်ရေးများက ကယ်တင်ပြီး ရန်ကုန်မှ ဖျာပုံမြို့ရှိ ဇော်ဂျီ စာကြည့်တိုက်ရှေ့သို့ ပြန်လည် ပို့ဆောင်ပေးသည်ဆိုသည့် သတင်းများကြောင့် ပင်လယ်ဝအနီးရှိ ကျေးရွာများမှ ရေလုပ်သား မိသားစုဝင်များမှာ ၎င်းတို့၏ လင်ယောက်ျား၊ သားများကို လာရောက် စောင့်မျှော်ကြသည်။
ကယ်ဆယ်ရေး ကားများ ပြန်လည်ပို့ဆောင်သော အလုပ် ပြီးစီးသွားသော်လည်း ပြန်မရောက်နိုင်သော ရေလုပ်သားများ၏ မိသားစုဝင်များမှာ ဖျာပုံမြို့ ဇော်ဂျီစာကြည့်တိုက်ရှေ့တွင် နေ့စဉ် စောင့်နေကြဆဲဖြစ်သည်။
ပင်လယ်ပြင်တွင် သေဆုံးသော ရေလုပ်သားများအတွက် ကျန်ရှိနေသော မိသားစုဝင်များအား လုပ်အားခနှင့် နစ်နာကြေးများ ပေးရမည်ကို စိုးရိမ်သည့် ငါးပုစွန်ဒိုင် တချို့က မျှော်လင့်ချက်ပေးခြင်း၊ နှစ်သိမ့်ခြင်း တို့ကလည်း စောင့်ဆိုင်းနေသည့် မိသားဝင် များအတွက် ပိုမို မျှော်လင့်စရာ ဖြစ်နေသည်။
ပင်လယ်ပြင်ထွက်ပြီး ငါးရှာဖွေသည့် ကျားဖောင်လုပ်ငန်းများကို ၁၉၇၅ ခုနှစ်မှ စတင် လုပ်ကိုင်လာကြပြီး ၁၉၈၃ တွင် ပိုမို တွင်ကျယ်လာကာ ယခုအချိန်ထိ ဆက်လက်လုပ်ကိုင် နေကြခြင်း ဖြစ်ကြောင်း သိရသည်။
ကျားဖောင်များ အသုံးပြု၍ ငါးဖမ်းခြင်းကို စက်တင်ဘာလမှ ဧပြီလအတွင်း လုပ်ကိုင်ကြပြီး ကျားဖောင်လုပ်ငန်းရှင် တဦးလျှင် ၁၀ ဖောင် အနည်းဆုံး လုပ်ကိုင်ကြကြောင်း၊ ဖျာပုံဒေသတွင် လုပ်ငန်းရှင် ၁၀၀ ကျော်ရှိကြောင်း ဒေသခံများက ပြောသည်။

“ပင်လယ်ဝနဲ့ နီးတဲ့ ခါးပြတ်လိုရွာက အိမ်တချို့ ပြိုတယ်၊ လူတွေလည်း ဘာမှမဖြစ်ပါဘူး၊ ဒါပေမယ့် ပင်လယ်ထဲ ထွက်တဲ့ သူတွေပဲ အန္တရာယ်နဲ့ ကြုံကြရတာ” ဟု မြစ်တန်းကျေးရွာတွင် နေထိုင်သူ ရေလုပ်သားတဦး၏ ဇနီးသည်က ဆိုသည်။
မိသားစု ၇ ဦးအတွက် အားကိုးအားထားရသူ လင်သားနှင့် သားကြီးတို့ ပြန်မလာသဖြင့် စားဝတ်နေရေး ပြဿနာ ကြုံတွေ့နေရသည်ဟု ခါးပြတ်ကျေးရွာမှ ဒေါ်သန်းစိန်က ပြောရင်းငိုသည်။ သူ ငိုသည့်အခါ ကလေးငယ်များကလည်း လိုက်ငိုကြသည်။
၎င်းက “သားနဲ့ ယောက်ျား သေပြီနဲ့တူပါတယ်၊ ပြန်မလာတော့ဘူး။ ပင်လယ်ကြီးက တံငါသည်တွေကို ငါးတွေပေးတယ်၊ ပြီးရင် လူတွေရဲ့ အသက်တွေ ပြန်ယူတယ်” ဟု ဆိုသည်။ ။
< Prev | Next > |
---|