အခြေချတရုတ်၊ နေရာပျောက် မြန်မာနှင့် မန္တလေး ကိုယ်ခံအား

မန္တလေးမြို့လယ် အချက်အချာ နေရာမျိုးများတွင် မြန်မာများ မနေနိုင်ကြတော့ဘဲ တရုတ်များ ကြီးစိုးနေထိုင်လာခြင်းမှာ ယခု သတင်း မဖြစ်တော့ကြောင်း မန္တလေးသား ပဲကုန်သည် ဦးစိန်လှက  အိမ်ဝင်းအတွင်း ပိတောက်ပင်ရိပ်အောက်ရှိ ၀ါးပက်လက်ကုလားထိုင်ပေါ်မှ ထရင်းပြောသည်။

downtown-mandalay-cn-1
“မန္တလေးက အကွက်အကွင်း ကောင်းကောင်းတွေအားလုံး တရုတ်တွေ ပိုင်ကုန်ကြတာ သတင်းမဟုတ်တော့ဘူး။ အဲဒီနေရာကို မန္တလေးသား မြန်မာတွေ ပြန်ဝယ်ပြီးနေနိုင်တယ်ဆိုမှပဲ သတင်းဖြစ်တော့မှာ” ဟု အသက် ၅၇ နှစ်အရွယ် ဦးစိန်လှက ဆိုသည်။

မန္တလေးမြို့လယ်ခေါင်တွင် တရုတ်များအခြေချ ချဲ့ထွင်လာခြင်းမှာ မြန်မာများ ကိုယ်ခံအား မကောင်းကြသောကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့က ငွေထုတ်ပိုက်ပြီး ၀င်လာချိန်တွင် မြန်မာများက စီးပွားပျက်နေချိန်ဖြစ်၍ တောင့်မခံနိုင်ခဲ့ကြကြောင်း ဦးစိန်လှက ဆက်လက်ပြောသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းအများစုမှာ အဆင်မပြေခြင်း၊ တချို့မှာလည်း လုပ်ငန်းတိုးချဲ့ လုပ်ကိုင်လိုခြင်းတို့ကြောင့် မြို့ခံစီးပွားရေးလုပ်ငန်းရှင်များမှာ ငွေလိုခဲ့သည်။

၁၉၉၀ ခုနှစ် ၀န်းကျင်ကတည်းက ယူနန်နှင့် တခြားဒေသမှ တရုတ်လူမျိုးအများအပြား ငွေထုတ်ပိုက်၍ မန္တလေးမြို့၏ စီးပွားရေးလောကတွင်းသို့ စတင်အခြေချ ၀င်ရောက်လာပြီး မြေကွက်များကို ဈေးမြင့်ပေးကာ စတင်ဝယ်ယူခဲ့ကြသည်။

ပြည်မကြီးမှ တရုတ်တယောက် မြေ၀ယ်ပြီးပါက ဆွေမျိုးများကိုပါ ခေါ်လာပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ မန္တလေးမြို့၏ အချက်အချာ နေရာကောင်းများတွင် တရုတ်များ တယောက်ပြီး တယောက် ၀ယ်ယူနေထိုင်လာကြရာမှ မြို့ခံမြန်မာများ မြို့ပြင်ရောက်ကုန်ကြသည်။

မန္တလေးမြို့ခံ အသက် ၇၀ အရွယ် ဦးလွင်မောင်က “၃၈ လမ်းနဲ့ ၅၃ လမ်းပေါ်က ခြံကို ရောင်းခဲ့တုန်းက ၁၉၉၃-၉၄ လောက်ပဲ၊ အဲဒီတုန်းကတော့ သိန်း ၁၇၀ ကျော်နဲ့ ရောင်းခဲ့တာ။ အခု အဲဒီခြံရဲ့ပေါက်ဈေးက သိန်း ၈ သောင်းဈေး ပေါက်နေပြီတဲ့။ ကဲ … တခါမှ မကြားဖူးခဲ့တဲ့ဈေး” ဟု ပြောပြသည်။

ထိုစဉ်က ငွေလိုသဖြင့် ရောင်းခဲ့ပြီး အလုပ်ကြိုးစားလျှင် မကြာမီ ပြန်ဝယ်ရန် ရည်မှန်းခဲ့သော်လည်း ယခုအချိန်ပေါက်ဈေးနှင့်ဆိုလျှင် မဝယ်နိုင်မည်မှာ သေချာသွားပြီ ဖြစ်ကြောင်းလည်း ဦးလွင်မောင်က ပြောသည်။

“တရုတ်တွေ ကြီးစိုးသွားတယ်ဆိုတာ  ကျနော်တို့မြို့ခံတွေ ညံ့တာက အဓိက ပိုကျပါတယ်။ မြန်မာပြည်သားတွေက ပိုက်ဆံမွဲတယ်၊ ပညာလည်း မွဲတယ်၊ အတွေးအခေါ်လည်း ဖိနှိပ်ထားကြတော့ မွဲတယ်၊ စာပေဗဟုသုတမှာလည်း မွဲကြတော့ စီးပွားရေးအမြင်လည်း နည်းကုန်တယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ်ဇွန်လအတွင်းက ကျင်းပသည့် Eleven Media Group ၏ ၁၁ နှစ်ပြည့်အခမ်းအနားတွင် CEO ဒေါက်တာ သန်းထွဋ်အောင် က “Super Power ဖြစ်လာမယ့် နိုင်ငံတနိုင်ငံရဲ့အနီးနားမှာ ကျနော်တို့ ကိုယ်ခံအားမရှိဘဲနဲ့ ရပ်တည်လို့ မရနိုင်ပါဘူး။ ငွေကြေး အရမ်းချမ်းသာလာပြီးတော့ အင်အားကြီးမားတဲ့ နိုင်ငံတနိုင်ငံရဲ့အနားမှာ ကျနော်တို့ရဲ့ ဆင်းရဲတဲ့ ပြည်သူတွေက ဘယ်လိုမှ ခုခံနိုင်စွမ်း မရှိပါဘူး” ဟု တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ထည့်သွင်းပြောခဲ့သည်။

ယခင် မြေတကွက်လျှင် သိန်း ၁၀၀ ကျော်ခန့်သာ ဈေးပေါက်ခဲ့သော မြေနေရာများမှာ ယခုတပေလျှင် ကျပ် သိန်း ၅၀၀ ကျော်အထိ ဈေးပေါက်နေပြီး မြေတကွက်လုံးအနေဖြင့် အနည်းဆုံး ကျပ် သိန်း သောင်းဂဏန်းအထိ ရှိကြောင်း သိရသည်။

မန္တလေးမြို့မှ အိမ်ခြံမြေအကျိုးဆောင် ဦးပုလေး က “အရောင်းအ၀ယ်ကတော့ သွက်တယ်နေတာပဲ။ တရုတ်ဝယ်လက်တွေက ဈေးမြင့်တဲ့အပိုင်းတွေ စိတ်ဝင်စားပြီး ၀ယ်တယ်။ မြန်မာတွေနဲ့ တိုင်းရင်းသားတွေကတော့ လုပ်ငန်းလုပ်ဖို့ အကွက်ကောင်း မြေကွက်တကွက်ရောင်းပြီး မြို့သစ်ဘက်မှာ ၂ ကွက် ၃ ကွက်လောက် ပြန်ဝယ်ထားကြတော့ မန္တလေးအိမ်ခြံမြေက အမြဲတမ်း အတက်ဖက်မှာပဲ ရှိနေတယ်” ဟု ပြောသည်။

ယခု ဇူလိုင်လဆန်းမှာပင် ၃၈ လမ်းနှင့် ၅၃ လမ်းရှိ မြေကွက်တကွက်ကို ကျပ် သိန်း ၈ သောင်းနီးပါးနှင့် အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး တရုတ်လူမျိုးတဦးက ၀ယ်ယူခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ ယူနန်မှာက မြေ၀ယ်ဖို့ မလွယ်ဘူး။ လူများတယ်၊ နေဖို့နေရာကောင်းကောင်း မရှိဘူး။ မန္တလေးနဲ့ ရန်ကုန်မှာတော့ မြေ၀ယ်လို့ရတယ်။ ဒီမှာ နေဖို့လည်း စဉ်းစားလို့ ၀ယ်တာ” ဟု မြန်မာအမျိုးသမီးကို လက်ထပ်ထားသော အသက် ၄၀ အရွယ် တရုတ်ကုန်သည်တဦးက ပြောပြသည်။

နယ်စပ်နှင့် ပြည်မကြီးမှ ၀င်လာသော တရုတ်များသည် မန္တလေးမြို့၏ စီးပွားရေးနယ်ပယ်အသီးသီးသို့ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လုပ်ကိုင်ကြကြောင်း မန္တလေးမှ ကျောက်ကုန်သည် ကိုမောင်မောင်က ပြောသည်။

“နယ်စပ်တရုတ်တွေက အကုန်လုပ်တယ်။ မြန်မာပြည်ပေါက် တရုတ်တွေက ပုံမှန်စီးပွားရေးလုပ်ငန်းတွေနဲ့ တက်လာကြတာ။ နယ်စပ်တရုတ်နဲ့ ယူနန်တရုတ်တွေကတော့ ကျောက်လည်း လုပ်တယ်၊ ရွှေလည်း တူးတယ်၊ ပဲလောကထဲလည်း ၀င်တယ်။ အိမ်ဆောက်ပစ္စည်း ဈေးကွက်ထဲမှာလည်း သူတို့ပဲ” ဟု ကိုမောင်မောင်က ဆိုသည်။

တရုတ်အချင်းချင်း စည်းလုံးကြခြင်း၊ စီးပွားရေး အကွက်မြင်ခြင်း၊ ဈေးကွက်ဝေစု မျှပေးတတ်ခြင်းတို့ကြောင့် မန္တလေးမြို့၏ စီးပွားရေးလုပ်ငန်းများတွင် အတက်မြန်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် တရုတ်က ကြီးပွားနိုင်မည့် စီးပွားရေးလုပ်ချိန်တွင် မြန်မာက မနက် လက်ဖက်ရည်ဆိုင်ထိုင်၍ အချိန်ဖြုန်းခဲ့ခြင်း၊ ဘောလုံးပွဲ လောင်းခြင်း၊ နှစ်လုံးသုံးလုံး ထိုးခြင်းဖြင့် ကျင်လည်နေကြကြောင်း ကိုမောင်မောင်က ဝေဖန်သည်။

၎င်းက ဆက်လက်၍ “မြန်မာထဲမှာ တကယ်ကြိုးစားပြီး တော်တဲ့သူတွေ ရှိပါတယ်။ ဥပမာ ရွှေလောကက အောင်သမာဓိ ကိုအောင်ဆန်းဝင်းတို့လို ကြိုးစားတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အများစုကတော့ မကြိုးစားဘူး၊ လုံ့လ မထုတ်ဘဲ အချိန်ဖြုန်းခဲ့ကြတယ်” ဟု ပြောသည်။

မန္တလေး စီးပွားရေးလုပ်ငန်းရှင်များက မိသားစုလုပ်ငန်းနှင့် မျိုးရိုးစဉ်ဆက် ကြွယ်ဝခဲ့သော လုပ်ငန်းရှင်များ ပေါများခဲ့ပြီး မိရိုးဖလာနည်းအတိုင်း လမ်းဟောင်းလိုက်ကြခြင်းကသာ များကြောင်း သိရသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း အလုံးအရင်းနှင့် ၀င်ရောက်လာသော တရုတ်များသည် မြန်မာ အစိုးရ အရာရှိများကို လာဘ်ပေးကာ နိုင်ငံသားမှတ်ပုံတင် ကတ်များ ရရှိပြီး အိုးအိမ်၊ ခြံ၊ မြေများ ၀ယ်ယူခွင့်ရခြင်းများကြောင့် မြန်မာနိုင်ငံသားများ၏ မကျေနပ်မှုများလည်း ကျယ်ပြန့်စေခဲ့သည်ဟု လေ့လာသူများက ပြောသည်။

“မုန်းတီးမှုဆိုတာ မကျေနပ်တဲ့မီးပွားလေး တခုကနေ ပေါက်ကွဲတတ်တယ်။ ယမ်းတွေက ရှိပြီးသား၊ မီးပွားလေးထိရင် အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ အနေအထားရှိပါတယ်။ ကျနော့်သဘောကတော့ လူမျိုးတမျိုးကို မုန်းတီးတာမျိုး ဆန့်ကျင်တာမျိုး မဖြစ်သင့်ဘူး။ အမှန် ဖြစ်နေတာက လူမျိုးတွေကြောင့် မဟုတ်ဘဲနဲ့ သူတို့ရဲ့နောက်ကွယ်က အစိုးရတွေကြောင့် ဖြစ်နေတယ်လို့ ထင်ပါတယ်” ဟု မန္တလေးမြို့ခံ သတင်းစာဆရာ ကျော်ရင်မြင့်က ဧရာဝတီကို ပြောသည်။

ဇူလိုင်လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် မန္တလေး ကျောက်ဝိုင်း တရုတ်-မြန်မာ ရန်ပွဲကိစ္စတွင် လတ်တလောအကြောင်းရင်းမှာ ကျောက်ဝိုင်းပြဿနာ ဖြစ်သော်လည်း မုန်းတီးမှု၊ မကျေနပ်မှုများသည် ကာ လရှည်ကြာကတည်းက သန္ဓေတည်နေခဲ့ကြောင်း၊ မကျေနပ်မှုသည် အစိုင်အခဲသဖွယ် ဖြစ်နေပြီး အချိန်မရွေး ပြဿနာပေါ်နိုင်ကြောင်း ခန့်မှန်းသုံးသပ် ပြောဆိုနေကြသည်။

အဆိုပါခိုက်ရန်ဖြစ်ပွားမှုတွင် မြန်မာတာဝန်ရှိသူများက တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးခေါ်ဆောင် သွားသည်။ ပြဿနာစတင်ခဲ့သော တရုတ်နိုင်ငံသား ၆ ဦး ကို တစုံတရာ အရေးယူဖြေရှင်းမှု မရှိဘဲ တရုတ်နိုင်ငံသို့ နောက်တနေ့တွင် ပြန်ပို့ခဲ့သည်။ ဧရာဝတီမှ စုံစမ်းသိရှိချက်အရ ၄င်းတို့ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်သည်ဟု သိရသည်။

တရုတ်အစိုးရကသော်လည်းကောင်း၊ မြန်မာအစိုးရကသော်လည်းကောင်း မှန်ကန်သည့် ဖြေရှင်းမှုမျိုး မရှိခဲ့လျှင် ၁၉၆၇ ခုနှစ်က တရုတ်-မြန်မာလူမျိုးရေး အဓိကရုဏ်းထက် ပိုမိုဆိုးရွားနိုင်သည်ဟု လေ့လာသူများက သတိပေး ပြောကြားသည်။

“ပြဿနာကြီးမားသွားရင် အရင်ဖြစ်ဖူးတာထက် ပိုဆိုးသွားပြီး ကိုင်တွယ်ရခက်သွားနိုင်တယ်။ တရုတ်အစိုးရနဲ့ မြန်မာ ဆက်ဆံရေးပါ ထိခိုက်သွားနိုင်တယ်” ဟု ဆရာကျော်ရင်မြင့်က သုံးသပ်ပြသည်။

ကျယ်ပြန့်လာသည့် တရုတ်နှင့်ပတ်သက်သည့် မကျေနပ်မှုသည် မြန်မာနိုင်ငံသားများ၏ အကျိုးကို ငဲ့ညှာခြင်း မရှိဘဲ ဖိနှိပ်နေသည့် အစိုးရအပေါ် တရုတ်အစိုးရ၏ ရပ်တည်မှုကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုကို သတိရှိကြရန် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။

“တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ကျနော်တို့ ဂရုစိုက်ရမယ်။ ဒါအရေးကြီးတယ်။ တရုတ်နိုင်ငံဟာ ကျနော်တို့ နိုင်ငံရဲ့ သဘာဝ အရင်းအမြစ်တွေကို ဖျက်ဆီးနေရုံတင်မကဘူး၊ အကြင်နာတရားမဲ့တဲ့ မြန်မာအစိုးရနဲ့ပေါင်းပြီး အစိုးရကိုပဲ ကျားကန် ရပ်တည်ပေးနေတာ၊ ကျနော်တို့ရဲ့ လူသားအရင်းအမြစ်ကိုပါ ဖျက်ဆီးနေတာကြောင့် ဒါ အဆိုးဆုံးဘဲ” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုစိုးထွန်းက ဧရာဝတီကို ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်မီး ပြန်လည် စတင်ခြင်းသည် တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံသည့် ရေကာတာ စီမံကိန်းမှ အစပြုကာ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို မြန်မာအစိုးရက အကာအကွယ်ပေးခြင်းမှ ဖြစ်ပြီး တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုကို ရှောင်လွှဲရန် မြန်မာအနေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းထဲ ပြန်ဝင်ရောက်မှသာ ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။

ဒေါက်တာ သန်းထွဋ်အောင်က “လူမျိုးရေးမုန်းတီးမှုလည်း မပါဘူး။ ကိုယ်နိုင်ငံကို ကာကွယ်လိုတဲ့ ဆန္ဒ၊ ကိုယ့်နိုင်ငံကို အဓွန့်ရှည်လိုတဲ့ ဆန္ဒ၊ ကိုယ့် နိုင်ငံရဲ့ လွတ်လပ်ရေး တည့်တံ့ခိုင်မြဲလိုတဲ့ ဆန္ဒပဲရှိပါတယ်။ ဒီအန္တရာယ်ကို ကာကွယ်ဖို့အတွက် တခုတည်းသော လုပ်ဆောင်နိုင်တဲ့အရာဟာ ဒီနိုင်ငံရဲ့ ဆက်ဆံရေး ပျက်ပြားသွားတဲ့ မုန်းတီးစိတ် မဟုတ်ပါဘူး။ ကျနော်တို့ဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲကို ပြန်လည်ဝင်ရောက်ဖို့ပဲဖြစ်ပါတယ်” ဟု Eleven Media Group ၏ မွေးနေ့အခမ်းအနားတွင် ထည့်သွင်းပြောခဲ့သည်။

ဧရာဝတီသတင်းထောက် လင်းသန့် ပူးပေါင်းရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်