ထိုင်းအစိုးရသစ်နဲ့ မြ၀တီ မဲဆောက် ကုန်သွယ်ရေး

တနှစ်နီးပါးကြာလာပြီ ဖြစ်တဲ့ ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေး ပြဿနာကို မကြာခင် ပေါ်ပေါက်လာမယ့် ထိုင်းအစိုးရသစ် လက်ထက်မှာ ပြေလည်အောင် ဖြေရှင်းပေးနိုင်လိမ့်မယ် လို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကုန်သည်ကြီးတွေက မျှော်လင့်နေကြပါတယ်။

mae-sot-mwd
ကရင်ပြည်နယ်နဲ့ ကပ်လျက် တည်ရှိတဲ့ တာ့ခ်ခရိုင်က ကုန်သည်ကြီးတွေဟာ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းတွေ တိုးချဲဖို့အတွက် ကြိုတင် ပြင်ဆင်မှုတွေတောင် လုပ်နေကြပါပြီ။

မဲဆောက်မြို့ လုပ်ငန်းရှင်တဦးက "နယ်စပ်ပြဿနာနဲ့ ပတ်သက်တဲ့ မကြေလည်မှုတွေနဲ့ အပြန်အလှန် နားလည်မှုတွေကို အရင် ထိုင်းအစိုးရက ပြေလည်အောင် မလုပ်နိုင်ခဲ့တဲ့ အတွက် နယ်စပ် ကုန်သွယ်ရေးမှာ အားလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ် ဆိုပြီး ကုန်သည်တွေ အားလုံး ယုံကြည်နေကြတယ်" လို့ ပြောပါတယ်။

အခုတက်တဲ့ အစိုးရသစ်က စီးပွားရေးကို အရင်ကထက် ပိုဦးစားပေးမယ်၊ အိမ်နီးခြင်း နိုင်ငံတွေနဲ့ သင့်တင့်အောင် ပေါင်းလိမ့်မယ် လို့ သူတို့က ယူဆနေကြတာပါ။

မဲဆောက်မြို့က အငြိမ်းစား ကျောင်းဆရာ တဦးကတော့ သူတို့နဲ့ အမြင် မတူပါဘူး။  ထိုင်းကုန်သည် အများစုဟာ တခြား ဒေသက လာကြတာ ဖြစ်တယ်၊  နယ်စပ် ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ သူတို့ရဲ့သဘောထားတွေဟာ ဒေသခံတွေကို ကိုယ်စားပြုတယ်လို့ မပြောနိုင်ဘူး၊
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီက တာ့ခ်ခရိုင် မဲဆန္ဒနယ် ၃ ခုစလုံးမှာ အနိုင် ရခဲ့တာကို ကြည့်ရင် သဘောပေါက်ကြမှာပါ လို့ ပြောပါတယ်။

အိမ်နီးခြင်းနိုင်ငံတွေနဲ့ ကုန်သွယ်တဲ့နေရာမှာ ကုန်သည်တွေ သိက္ခာ ရှိဖို့ လိုတယ်လို့လည်း အဲဒီ အငြိမ်းစား ကျောင်းဆရာက ပြောပါတယ်။

မဲဆောက်မြို့ တဘက်ကမ်းမှာ ရှိတဲ့ မြ၀တီမြို့ကို DKBA လို့ ခေါ်တဲ့ ကရင်လက်နက်ကိုင် အဖွဲ့က ၀င်တိုက်ပြီးတဲ့ နောက်ပိုင်း မြန်မာအစိုးရက နယ်စပ် ကုန်သွယ်ရေး လမ်းကြောကို ပိတ်လိုက်တာ အခုဆိုရင် တနှစ်ပြည့်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။

နယ်စပ် ပြဿနာ သို့မဟုတ် နိုင်ငံရေးအရ တင်းမာမှုတွေ ဖြစ်လာရင် မြန်မာဘက်က တုန့်ပြန် ဖြေရှင်းပုံ မှန်ကန်မှု မရှိဘူးလို့  မြန်မာကုန်သည်တဦး ဖြစ်တဲ့ ဦးဟာမစ်က ပြောပါတယ်။

အလုပ် သမားတွေကို မြန်မာပြည်ဘက် အလုံးအရင်း ပြန်ပို့မှု၊  မြ၀တီမြို့ အတိုက်ခံရမှု အစရှိတဲ့ ပြဿနာတွေ ဖြစ်လာတိုင်း  အချိုမှုန့်၊ စားအုန်းဆီ၊ အချိုရည်၊ သကြားလုံး၊ ယမကာ၊ စီးကရက်၊ ပီကေ စတဲ့ ထိုင်း စားသောက်ကုန်တွေ အခမ်းအနားနဲ့ မီးရှို့ ဖျက်ဆီးပြတာမျိုးတွေကို သူက ရည်ရွယ်တာပါ။

"ဒီဟာတွေကို စားရင် ကျန်းမာရေးအရ အန္တရာယ် ရှိတယ်။ ဒါကြောင့် အမျိုးသားရေးအရ အသုံးမပြုကြဖို့ ဆိုပြီး ပြောပါတယ်၊ အချိုမှုန့်နဲ့ စားအုန်းဆီတွေဆိုရင် ထိုင်းဘက်က တမင် မြင်ရအောင် မြန်မာဘက်က နယ်ခြား သောင်းရင်းမြစ်ထဲကို သွန်ပစ်တာတွေ လုပ်ပြခဲ့တယ်" လို့  ဦးဟာမစ်က ပြောပါတယ်။

ဒီလို လုပ်တဲ့အခါ အမှန်တကယ် ဆုံးရှုံး နစ်နာရတာက မြန်မာကုန်သည်တွေပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လစဉ် ထိုင်းကုန်ပစ္စည်း မြန်မာဘက်ပို့တာ ဘတ်သန်း ၃၀၀၀ ကျော်ဖိုး ရှိတယ်၊ တရားဝင် မဟုတ်တာတွေပါ ထည့်တွက်ရင် တလ ဘတ် သန်း ၅၀၀၀ အထက်မှာ ရှိတယ်လို့ ထိုင်းကုန်သည်ကြီးတဦးက ခန့်မှန်းပါတယ်။

မြန်မာဘက်က ပြန်ပို့တာက  တလ ဘတ်သန်း ၂၀၀၀ အောက်မှာပဲ ရှိတယ်လို့ မြန်မာ ကုန်သည်တွေက ပြောပါတယ်။

မြန်မာဘက်က မြ၀တီ မဲဆောက် လမ်းကြောင်း ပြန်ဖွင့်မဲ့ အရိပ်လက္ခဏာတွေ မတွေ့ရသေးပေမယ့် ထိုင်းကုန်သည်တွေကတော့ မြန်မာဘက်က ဖွင့်ကိုဖွင့်မှာပါ၊ အများဆုံး ၃ လထက်မပိုဘူးလို့ ယူဆပြီး ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေကြတာပါ။

မြ၀တီဒေသမှာ အခုလို ပိတ်ဆို့ထားတာဟာ  မဲဆောက်အခြေစိုက် တော်လှန်ရေး အဖွဲ့တွေကို ထိုင်းဘက်က မဖယ်ရှားတဲ့အတွက် မြန်မာအစိုးရဘက်က ပညာပြထားတာဖြစ်တယ်လို့  မြ၀တီမြို့ သတင်းရပ်ကွက်တခုက ဆိုပါတယ်။

"မြန်မာဘက်က ပေါ်လစီက ရှင်းတယ်၊ နိုင်ငံရေးအရ ထိုင်းကို ကိုင်ချင်ရင် ဒီနယ်စပ်ကုန်သွယ်ရေးကိုပဲ ကိုင်တယ်" လို့ ကရင်ငြိမ်းချမ်းရေးအဖွဲ့တခုရဲ့ စီးပွားရေး တာဝန်ခံ တဦးက ပြောပါတယ်။

ထိုင်း အစိုးရ ၀န်ထမ်းတဦးကလည်း အလားတူ ကောက်ချက်ချပါတယ်။ နယ်စပ် ကုန်သွယ်ရေး ပြန်ဖွင့်ဖို့ အတွက် ထိုင်းတို့က နယ်ခြား ကော်မတီ အစည်းအဝေးကနေ မကြာခဏ အရေးဆိုနေတယ်၊ မြန်မာဘက်ကလည်း ထိုင်းနယ်မြေကို ခြေကုတ်ယူပြီး အာခံနေတဲ့ အတိုက်အခံအဖွဲ့တွေကို  နယ်စပ် လုံခြုံရေးအရ ဖယ်ရှားပေးဖို့ တောင်းဆိုနေတာကြောင့် ဒီနေ့အထိ ပြေလည်မှု မရသေးတာပါ တဲ့။

အခုတက်လာမယ့် ထိုင်းအစိုးရရဲ့ မူဝါဒအရ ဆိုရင် တရားဝင် နယ်စပ် ကုန်သွယ်ရေးကိုပဲ ရွေးချယ်မှာ ဖြစ်တဲ့ အတွက် မြန်မာအဖွဲ့အစည်းတွေ အခက်တွေ့ဖွယ် ရှိတယ်လို့ သူက သုံးသပ်ပါတယ်။

မဲဆောက်အခြေစိုက် မြန်မာအတိုက်အခံအဖွဲ့ကြီး တခုရဲ့ ခေါင်းဆောင်တယောက်က  ထိုင်းအစိုးရ အပြောင်းအလဲမှာ အဆင်ပြေစွာ ရပ်တည်နိုင်ဖို့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားပါတယ် လို့ ပြောပါတယ်။

နယ်စပ် အခြေစိုက် သက်တမ်းရှည် ကရင် လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ KNU ကလည်း  သူတို့ရဲ့ ရပ်တည် ရှင်သန်ရေးက အထူး စိုးရိမ်စရာ မရှိဘူး လို့ ဆိုပါတယ်။

"ကျနော်တို့က ကိုယ့်နယ်မှာပဲ အခြေစိုက်တယ်။ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာကို ထိခိုက်မယ့် လုပ်ရပ် ဘာမှမလုပ်ခဲ့ဘူး။ ထိုင်းမှာ ဘယ်အစိုးရပဲ တက်တက် ဘာပြဿနာမှ မရှိဘူး၊ အားလုံး လူထုကရွေးတဲ့ ဒီမိုကရေစီအစိုးရပဲ" လို့ KNU ထိပ်တန်း ခေါင်းဆောင်တဦးကတော့ သူတို့ရဲ့ သဘောထားကို ရှင်းပြပါတယ်။

ဒီဒေသမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေ တိုးမြှင့်လုပ်နိုင်ဖို့ အတွက် ထိုင်းဘက်က မဲဆောက်မြ၀တီကို ဖြတ်သန်းမယ့် နောက်ထပ် တံတားတစင်း တည်ဆောက်ရေး အပါအ၀င် အထူး စီးပွားရေးဇုံ တည်ဆောက်မယ့် စီမံကိန်းကို ထိုင်းအစိုးရသစ်က အမြန်ဆုံး အကောင်အထည် ဖော်မှာ ဖြစ်တယ်၊ နှစ်နိုင်ငံ ဆက်ဆံရေး အဟန့်အတား ဖြစ်စေမယ့် အနေအထားတွေကို လက်ခံမှာ မဟုတ်ဘူး ဆိုတာ  မြန်မာ အဖွဲ့တွေ သိထားဖို့ လိုလိမ့်မယ် လို့ ဒေသခံ ထိုင်း အကြီးတန်း သတင်းထောက်တဦးက ပြောပါတယ်။

နယ်စပ်မှာ ဘယ်လိုပဲ ပိတ်ပိတ် ၀ယ်လိုအားရော ရောင်းလိုအားပါ ကောင်းနေတဲ့အတွက် မှောင်ခိုလုပ်ငန်းကတဆင့် နှစ်ဘက် ကုန်စည်တွေ အပြန်အလှန် စီးဆင်းနေတာကို တွေ့ရမှာပါ။

တရားမ၀င် ကုန်သွယ်ရေးကလည်း သူ့နည်းသူ့ဟန် အလုပ်ဖြစ်၊ အကျိုးအမြတ်ရကြတယ်လို့ နှစ်ဘက် ကုန်သည်တွေက ပြောကြပါတယ်။ ဒါပေမယ့် မြန်မာအစိုးရ အကောက်အခွန်ဌာနကိုတော့ ထိခိုက်ပါတယ်။

နယ်စပ် ကုန်သွယ်ရေးမှာ အကျိုးအမြတ် ပိုရှိတာက ထိုင်းနိုင်ငံဘက်ကလို့ မြန်မာကုန်သည်တွေက ပြောကြပါတယ်၊ မြန်မာထက် ကုန်သွယ်မှု အခွင့်အလမ်း ပိုများတာဟာ သူတို့ရဲ့ အားသာချက်လို့ ဆိုပါတယ်။ ထိုင်းဘက်က ကုန်စည်တွေက စက်မှု ထုတ်ကုန်တွေ အများစု ဖြစ်တဲ့ အတွက် ဈေးကွက်ကို ထိန်းပြီး ကုန်သွယ်နိုင်တယ်၊ ထိုင်းအစိုးရကလည်း ထိုင်းကုန်သည်တွေ လိုအပ်တဲ့ ၀န်ဆောင်မှုတွေကို ဆောင်ရွက်ပေးတယ်၊ အခြေအနေပေါ်မှာ မူတည်ပြီး အစိုးရနဲ့ ကုန်သည်ကြား ဆွေးနွေး ညှိနှိုင်းလေ့ရှိတယ် ဆိုတဲ့ အချက်တွေက သူတို့ရဲ့အားသာချက်ပဲလို့ မြန်မာကုန်သည်တွေက သုံးသပ်ကြပါတယ်။

မြန်မာပို့ကုန် အများစုဖြစ်တဲ့ ရေထွက်ကုန်၊ လယ်ယာထွက်ကုန်တွေက တာရှည် အထားမခံပါဘူး။  မြ၀တီမှာ ဂဏန်း၊ ပုဇွန်၊ ငါးမျိုးစုံ နဲ့ တခြား ရေထွက်ကုန်တွေကို စနစ်တကျ ထုတ်ပိုးနိုင်မယ့် အအေးခန်းတွေ မရှိတဲ့ အတွက် မြန်မာကုန်သည်တွေ သမားရိုးကျနည်းနဲ့ပဲ ကုန်သွယ်နေကြရတာပါ။ လယ်ယာထွက်ကုန်၊ သစ်တောထွက်ကုန်နဲ့ ချည်ထည် အပါအ၀င် စက်မှုကုန်ချောပစ္စည်းတွေ ထိုင်းဘက်ကို ပို့နေတာလည်း တွေ့နေရပါတယ်။

ဒီကုန်တွေကို စိတ်ကြိုက်ဈေးနဲ့ ရောင်းနိုင်မယ့် အခြေအနေ မရှိတဲ့အတွက် အများကြီး နစ်နာတယ်လို့ မြန်မာ ကုန်သည်တွေက ပြောကြပါတယ်။

မြန်မာဘက်က စနစ်တကျ ထိန်းချုပ်နိုင်မှု မရှိဘူး ဆိုရင် မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး  လမ်းကြောဖြစ်တဲ့ မဲဆောက်မြ၀တီ နယ်စပ် ကုန်သွယ်ရေးဟာ အရင်လို ကမောက်ကမ ကုန်သွယ်ရေးအဖြစ် ဆက်ရှိနေမှာဖြစ်ပြီး၊ ထိုင်းနိုင်ငံဘက်ကတော့ အသာစီး ရနေဦးမှာ ဖြစ်တယ်လို့ ကုန်သည်တွေနဲ့ လေ့လာသူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်