တိုင်းရင်းသားလူမျိုးစုံ မြန်မာနိုင်ငံတွင် ယဉ်ကျေးမှု ပေါင်းကူး

မတူကွဲပြားသောအယူအဆများဖြင့် ညီညွတ်စွာအတူယှဉ်တွဲနေထိုင်နိုင်သော အခြေအနေ” ကို ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ထားခဲ့သည်။ ဖြစ်နိုင်ပါမည်လော။

 

အာဘန်နာ-ရှမ်ပိန်း (Urbana-Champaign) ရှိ အီလီနွိုက်စ်တက္ကသိုလ်၏ ပါမောက္ခ အက်ဖ်-ကေ-လက်မင်း (Prof. F. K. Lehman) က ဤစာအုပ်၏ နောက်ဖုံးတွင် “တန်ဖိုးထားအပ်သော ထူးခြားပြောင်မြောက်လှသည့် ကြိုးပမ်း ချက်များဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ငင်းအခြေအနေနှင့်ပတ်သက်သော အကြောင်းကိစ္စများကို အသေးစိတ်အတွင်းကျကျ လေ့လာမှုများတွင် ဤစာအုပ် မပါဝင်ဘဲနှင့် ပြည့်စုံလိမ့်မည် မဟုတ်ဟုပင် သုံးသပ်ထားပြီး အချိန်မီ ပေါ်ထွက် လာခြင်းဖြစ်သည်”ဟု ချီးမြှောက်ရေးသားထားပါသည်။

ဤသို့ ချီးမြှောက်ထားသော အမှာစကားကိုကြည့်၍ ယုံကြည်လောက်ဖွယ် ရှိပါသည်။ သို့သော်လည်း ပြဿနာတခုမှာ ဤသို့ ဂုဏ်တင်ချီးမြှောက်ရေးသား ထားသူ အက်ဖ်-ကေ-လက်မင်းမှာ စာအုပ်တွင်းပါဝင်နေသော စာရေးသူ အက်ဖ်-ကေ- အယ်လ် ချစ်လှိုင် (F. K. L Chit Hlaing) ဖြစ်နေခြင်းပင် ဖြစ်ပါသည်။

ဤသို့ မိမိကိုယ်ကို ဂုဏ်တင်ချီးမြှောက်သော လုပ်ရပ်သည် ပညာရှင်ဆိုင်ရာ နယ်ပယ်၌ ထူးခြားလှသော ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတော့ မဟုတ်လှပါ။ သို့သော် လည်း စာအုပ်၏ ဂုဏ်သိက္ခာတည်ကြည်မှုကို မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပါသည်။ အကြောင်းမှာ ဤစာအုပ်က မြန်မာနိုင်ငံ အပေါ် ဖိစီးနေသော လက်ငင်းပြဿနာများအပေါ် စောကြောဝေဖန်ရန် ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများ ကွဲပြားတည်ရှိ နေသော အခြေအနေကို လက်ခံမည်လော၊ သို့တည်းမဟုတ် တသွေးတသံ အမျိုးသား နိုင်ငံတော်အဖြစ် ရွေးချယ်မည်လော ဟူသည်ကို ဆန်းစစ်ထားခြင်း ဖြစ်ပါသည်။

“Myanmarnization” သို့မဟုတ် “Myanmarnification” စသဖြင့် မြန်မာနိုင်ငံကို ဗမာမှုပြုခြင်း၊ ဗမာဇာတ်သွတ်သွင်းခြင်းဟု ခေါ်ဆိုနေကြသော အယူအဆဖြင့် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှ စ၍ အာဏာရယူလာသော စစ်အစိုးရက တစိုက်မတ်မတ် ဆောင်ရွက်လာနေခဲ့ပြီး တိုင်းရင်းသားလူမျိုးစုအားလုံးကို ယနေ့ “မြန်မာ” ဟု ၎င်းတို့ သတ်မှတ်ဖွင့်ဆိုထားသည့် ၀ိသေသ လက္ခဏာကို လက်ခံစေရန် ကြိုးပမ်းဆောင်ရွက်နေခဲ့ပါသည်။ စစ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သည့် ပို၍ လက်တွေ့ကျသော “မတူကွဲပြားသည့် လူမျိုးများ ညီညွတ်မှုရစေရေး” အယူအဆကိုလည်း ၎င်းတို့ အယူအဆဖြင့် အစားထိုး ရန် ကြိုးပမ်းနေခဲ့ပါသည်။ ဤသို့ မတူကွဲပြားသော လူမျိုးစုများ အတူယှဉ်တွဲနေထိုင်ရေး အယူအဆဖြင့်ပင် ၁၉၄၈ ခုနှစ်က ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ဖန်တီး တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။

ဤစာတမ်းများပေါင်းစုတွင် ဖော်ပြထားပြီးသော အချင်းကိစ္စများကို ထပ်မံဖော်ပြထားကြောင်းလည်း ဆိုထားပါသည်။ ဥပမာအားဖြင့် “တိုင်းရင်းသားလူမျိုးများအရေး၏ တိုးတက်ဖြစ်ပေါ်နေမှုများနှင့် တိုင်းရင်းသားလူမျိုးများ၏ ၀ိသေသ လက္ခဏာ ဖြစ်ထွန်းတိုးတက်လာပုံ” စသဖြင့် ကဲ့သို့သော စာတမ်းများပါဝင်ကြောင်း ဖော်ပြထားသော်လည်း၊ သာမန် စာဖတ်သူများအဖို့ ဤစာတမ်းများအတွင်းမှ မြန်မာနိုင်ငံရှိ တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ လူအများလက်ခံနိုင်သည့် ချဉ်းကပ်ပုံကို ကောက်နုတ်ဆင်ခြင်နိုင်ရန်လည်း ခက်ခဲလှပါသည်။ ဤစာတမ်းများသည် ၂၀၀၂ ခုနှစ် ဆွီဒင်နိုင်ငံတွင် ကျင်းပခဲ့သည့် မြန်မာ့ရေးရာ လေ့လာရေး ကွန်ဖရင့်တွင် တင်သွင်းကြသည့် စာတမ်းများကို စုစည်းဖော်ပြထားခြင်း ဖြစ်ပါ သည်။ အချို့သောစာတမ်းများမှာ စိတ်ဝင်စားဖွယ်ဖြစ်ပြီး အချက်အလက်များ ရရှိရန်လည်း အထူးပံ့ပိုးပေးနိုင်ပါသည်။ ဥပမာအားဖြင့်-ကာရင် ဒင်း (Karin Dean) ၏ ကချင်ပြည်နယ် နိုင်ငံရေး အခင်းအကျင်းအကြောင်း အကဲဖြတ် ပိုင်းခြား လေ့လာထားမှုနှင့် အက်ရှလေ ဆောက် (Ashley South) ၏ ၁၉၉၀ ခုနှစ်များကာလ မွန်သူပုန်တပ်ဖွဲ့များနှင့် ရန်ကုန် စစ်အစိုးရအကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုနောက်ပိုင်း မွန်အမျိုးသားလှုပ်ရှားမှုအကြောင်းတို့ကို ဖော်ပြထား သည်မှာလည်း အထူးစိတ်ဝင်စားဖွယ် ဖြစ်ပါသည်။

သို့သော်လည်း အချို့သောစာတမ်းများမှာ အနှစ်အသားကင်းမဲ့နေပြီး ၀ိဝါဒဖြစ်ဖွယ် နိဂုံးချုပ်သုံးသပ်ချက်များလည်း ပါဝင် နေပါသည်။ ဖော်ပြရလျှင် တာကာတာနီ မီချီအို (Takatani Michio) ၏ ရှမ်းပြည်ရှိ ရိုးရာအကြီးအကဲများဖြစ်သော “စောဝ်ဖ”
(Saopha) များအကြောင်း အဓိပ္ပာယ်ဖွင့် ဖော်ပြချက်ဖြစ်ပြီး သူက “ဗမာဘုရင်များ၏ သစ္စာခံ (တိုင်းရင်းသား အကြီးအကဲ) များကို ခေါ်ဝေါ် သုံးစွဲကြသောအမည် သို့မဟုတ် ဗမာဘုရင်များနှင့် ညှိနှိုင်းသဘောတူညီချက်အရ သတ်မှတ်ထားသော ဘွဲ့ထူး” စသဖြင့် ဖော်ပြ ဖွင့်ဆိုထားပါသည်။ အမှန်တွင် အများစုသော ရှမ်းစော်ဘွားများမှာ ရှေးဗမာ ဘုရင်များနှင့် ပတ်သက်ဆက်စပ်ခဲ့ခြင်း အနည်းငယ်မျှသာ ရှိပြီး အချို့မှာ မရှိသလောက်ပင်ဟု ဆိုရပါလိမ့်မည်။ ထို့အပြင် ဤဘွဲ့ထူး အမည်မှာလည်း မြောက်ပိုင်းထိုင်းနိုင်ငံရှိ ဒေသများ၊ လာအိုနိုင်ငံ အနောက်မြောက်ဖက်ဒေသများ၊ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း ဒေသများအား ရှေးယခင်က အုပ်ချုပ်ခဲ့ကြသော မင်းမျိုးနွယ်များ၊ အုပ်စိုးကြသူများကို ယေဘုယျ ခေါ်ဝေါ်သုံးစွဲ ခဲ့ကြသည့် ဘွဲ့ထူးဂုဏ်ထူးပင် ဖြစ်ပါသည်။ ဤနေရာများမှာ ဗမာဘုရင်များ၏ အာဏာဗဟိုချက်မနှင့် အလှမ်း ဝေးကွာလှ သော နေရာများလည်း ဖြစ်ကြပါသည်။

တာကာတာနီ၏ နိဂုံးချုပ်သုံးသပ်ချက်မှာလည်း အခြားပညာရှင်တဦးဖြစ်သူ မိုက်ကယ် အောင်သွင်ကဲ့သို့ပင် ကွဲလွဲ မှားယွင်း မှုများ ရှိနေပါသည်။ မိုက်ကယ်အောင်သွင် ရေးသားသည့် “မြန်မာနိုင်ငံ အစောပိုင်းကာလ သမိုင်းဖြစ်စဉ်များအတွင်း သမိုင်း ဖြစ်စဉ်နှင့် ယုံမှတ်မှားချက်များ” (Myth and History in the Histography of Early Burma) စာအုပ်ကိုလည်း ယခုစာအုပ် တွင်း၌ ရည်ညွှန်းကိုးကားထားသော ရင်းမြစ်စာအုပ်တခုအဖြစ် ဖော်ပြထားပါသေးသည်။ မိုက်ကယ် အောင်သွင်က ဖော်ပြ ထားရာတွင် “၁၄ ရာစုမှ ၁၆ ရာစုအထိ အင်းဝမင်းဆက်ကို တည်ထောင်ခဲ့သူ ရှမ်းညီနောင် ၃ ဦးမှာ ရှမ်းလူမျိုးများပင် မဖြစ်တန်ရာ၊ အကြောင်းမှာ သူတို့၏ စော်ဘွားဟူသော ဘွဲ့အမည်မှာ ကချင်နှင့် ရှမ်းလူမျိုးအကြီးအကဲများကို ရည်ညွှန်း ခေါ်ဆိုလေ့ရှိသော အမည်ဖြစ်ပြီး အခြားသော တောင်ပေါ်တိုင်းရင်းသားများကလည်း အသုံးပြုလေ့ရှိကြသည်” ဟု ရေးသားထားခဲ့ပါသည်။

စော်ဘွားဆိုသည်မှာ မြန်မာများက “စောဝ်ဖ” ကို ပြန်၍ ခေါ်ဆိုခြင်း ဖြစ်နိုင်ပါသည်။ ရှမ်းဘာသာအားဖြင့် “ကောင်းကင်၏ အရှင်”ဟု အဓိပ္ပာယ်ရပြီး အခြားသော ဘာသာစကားများတွင် ဤစကားလုံးအတွက် အဓိပ္ပာယ်ကို မတွေ့ရှိရပါ။ အကယ်၍ ညီနောင် ၃ ဦးသာ စောဝ်ဖ၏ သားများဖြစ်ပါက သူတို့သည် ရှမ်းလူမျိုးအစစ် ဖြစ်ကြပါလိမ့်မည်။ ကချင်လူမျိုးများက သူတို့ ၏ အကြီးအကဲများကို “ဒူးဝါး” ဟု ခေါ်ဆိုကြပြီး စော်ဘွား သို့မဟုတ် စောဝ်ဖဟု ခေါ်ဆိုလေ့ မရှိကြပါ။ အလားတူ အခြား “တောင်ပေါ်တိုင်းရင်းသားများ” ကလည်း ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများကို ဆက်ခံမှုမရှိလျှင် အလားတူ ခေါ်ဆိုလေ့မရှိကြပါ။ ဥပမာအားဖြင့် တောင်ပင်းပြည်နယ် (Tawngpeng State) ၏ ပလောင်စောဝ်ဖကဲ့သို့မျိုး ရှိခဲ့ဖူးပါသည်။ ဤနေရာတွင် စကားစပ်၍ ဖော်ပြရလျှင် ရှမ်းလူမျိုးများသည် တောင်ပေါ်နေတိုင်းရင်းသားများ မဟုတ်ကြဘဲ မြေပြန့်လွင်ပြင်တွင် အခြေချနေထိုင်ကြသူများသာ ဖြစ်ပါသည်။ ပို၍စိတ်ဝင်စားဖွယ်ကောင်း၍ အဖြေထုတ်ရန်လိုအပ်သော ကိစ္စမှာ အမျိုးသား နိုင်ငံတော်ဟူသော အယူအဆ မပေါ်ပေါက်မီကာလက အလယ်ခေတ်တွင် ရှမ်းလူမျိုးဟူသည်မှာ မည်သည့် အဓိပ္ပာယ်ရှိသည်ကိုလည်း ပြန်လည်စစ်ဆေး ကြည့်သင့်လှပါသည်။

အက်ရှလေ ဆောက်၏ မွန်အကြောင်းရေးသားထားသော အခန်းမှာ ဤစာအုပ်တွင် အကောင်းဆုံးဟုပင် ဆိုရပါလိမ့်မည်။ ဤစာတမ်းတွင် လူမျိုးအရ ကွဲပြားခြားနားနေသော မြန်မာနိုင်ငံတွင် အမျိုးသားနိုင်ငံတခုအဖြစ် ကူးပြောင်းလာပုံ အဆင့် ဆင့်ကို ဖော်ပြထားပါသည်။ ဆောက်က ရေးသားခဲ့ရာတွင် ၁၉၉၀ ခုနှစ် အစောပိုင်းကာလများမှစ၍ “မြန်မာ့ အမျိုးသား ယဉ်ကျေးမှု”ကို စနစ်တကျပုံသွင်းနိုင်ရန်အတွက် ပြတိုက်များကို နိုင်ငံအနှံ့အပြားတွင် တည်ဆောက်လာခဲ့ကြောင်း ဖော်ပြ ရေးသားထားပါသည်။ အထူးထင်ရှားသော ဥပမာပြယုဂ်တခုမှာ ၁၆ ရာစုနှစ်က ပဲခူးနန်းတော်ကို ခေတ်သစ်အင်္ဂတေ ကွန်ကရိများဖြင့် ပြန်လည်တည်ဆောက်နေခြင်းပင် ဖြစ်သည်။ မြန်မာသမိုင်းပညာရှင်များအနေဖြင့် ရှေးယခင်နန်းတော် ဟောင်းမှာ မည်သို့မည်ပုံရှိမည်ကို ရမ်းရော်မှန်းဆမှုသာ ပြုနိုင်ကြသော်လည်း ယခုအသစ်တည်ဆောက်နေသော အဆောက် အဦများမှာ ၁၉ ရာစု မန္တလေးနန်းတော်ကို ပုံစံယူတည်ဆောက်ထားခြင်း ဖြစ်ပါသည်။

ဒင်း (Dean) က ကချင်လူမျိုးများ၏ နှီးနွယ်ဆက်စပ်မှုသည် ဗမာ သို့မဟုတ် မြန်မာများထက်စာလျှင် ၎င်းတို့နှင့် ပတ်သက် နေသည့် တရုတ် သို့မဟုတ် အိန္ဒိယရှိ လူမျိုးနွယ်စုများနှင့် ပို၍ နီးကပ်မှုရှိကြောင်း ဖော်ပြထားသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ သို့သော်လည်း ဗမာနှင့် မြန်မာအကြား တိုင်းရင်းသားအရ၊ ဘာသာစကားအရ ထူးခြားကွဲပြားမှု မရှိလှပါ။ ကျန်သော စာတမ်းအများစုတွင် ပညာရပ်ဆိုင်ရာ အသုံးအနှုံး၊ ဝေါဟာရများနှင့်သာ ပြည့်သိပ်နေခဲ့ပါသည်။ ဥပမာအားဖြင့် “တိုင်းရင်းသားဖြစ်မှုဆိုင်ရာ သမိုင်းမတင်မီကာလနှင့် စည်းရုံးလှုံ့ဆော်မှုဆိုင်ရာ သီအိုရီ၊ သူတို့၏ စမ်းသပ်ကြိုးပမ်း ဆောင်ရွက်ချက်များ” (premodial and mobilizational theories of ethnicity and their empirical applications) စသဖြင့် တွေ့မြင်ရပါသည်။

ထိုမျှမက မီခေးလ် ဂရေ့ဗားစ် (Michael Gravers) က အချီးနိဒါန်းတွင် ရေးသားထားရာ၌ “ဤစာစုတွင် မြန်မာနိုင်ငံ၏ ကျဆင်းနေသော စီးပွားရေးစနစ်အတွင်း များစွာအရေးပါမှု ရှိနေသည့် မူးယစ်ဆေးဝါး ကုန်သွယ်မှုအကြောင်း တို့ထိဖော်ပြ ထားခြင်းမရှိပါ” ဟု ဖော်ပြထားသည်မှာလည်း စာဖတ်သူများအတွက် အံ့အားသင့် ကျန်ရစ်နေစေပါသည်။ သို့သော်လည်း အခြားသူများကမူ ဤပြဿနာသည် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော တိုင်းရင်းသားလူမျိုးများဆင်နွှဲ နေသည့် ပြည်တွင်းစစ်နှင့် ခွဲမရလောက်အောင် ဆက်စပ်နေကြောင်း ကောက်ချက်ချ အငြင်းပွားဖွယ် ရှိနေပါသည်။

ဤသို့ အားနည်းချက်များရှိသော်လည်း ဤစာအုပ်သည် ဖတ်သင့်သည့်စာအုပ်ဟု ညွှန်းပါရစေ။ အကြောင်းမှာ မြန်မာနိုင်ငံ ၏ အဓိကျလှသော ဗမာမဟုတ်သည့် တိုင်းရင်းသား လူမျိုးအုပ်စုများနှင့်ပတ်သက်၍ အသုံးတည့်လှသော သတင်းအချက် အလက်များစွာ ပေးစွမ်းနိုင်သောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း တချို့သော ပါဝင်ရေးသားကြသူ ပညာရှင်များ အနေဖြင့်မူ ပို၍ လေးလေးနက်နက် ထဲထဲဝင်ဝင် သုံးသပ်ဖော်ပြကြမည် ဆိုလျှင်ဖြင့် သူတို့၏ ပညာရှင်ဆင်စွယ်နန်းတော် ပေါ်မှ လက်တွေ့ထဲသို့ ကွင်းဆင်းရန် လိုအပ်လိမ့်မည် ဖြစ်ပါကြောင်း။     ။

၂၀၀၇ ခုနှစ် အောက်တိုဘာလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Bertil Lintner ရေးသားသော Bridging Cultures in Ethnic Burma စာအုပ်ဝေဖန်ချက်ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။

ဘာတေးလ် လင့်တနာသည် အာရှ-ပစိဖိတ်သတင်းမီဒီယာလုပ်ငန်းမှ အသိအမှတ်ပြုထားသော နိုင်ငံရပ်ခြားသတင်း ထောက်တဦး ဖြစ်ပါသည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအား ဖြိုခွဲနှိမ်နင်းခဲ့ပုံကို ကွင်းကွင်းကွက်ကွက်ဖော်ပြရေးသားနိုင် ခဲ့သည့် ဒေါမာန်ဟုန် (Outrage) စာအုပ် ရေးသားသူလည်း ဖြစ်ပါသည်။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်