မုန်တိုင်းလမ်းမှ ကြယ်နီတပွင့်

လယ်သမားကလေး ဘ၀မှ ရဲဘော်သုံးကျိပ်ဝင် သူရဲကောင်း၊ တဖန် တော်လှန်ရေးတပ်မှူးတဦး ဖြစ်ခဲ့သည့် နာမည်ကြီး ကွန်မြူနစ်ခေါင်းဆောင်တဦး၏ အကြောင်းပင် ဖြစ်သည်။

(ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အတ္ထုပ္ပတ္တိ။ ဆိုင်စုမှ မန်ဟိုင်းသို့ (မြန်မာဘာသာဖြင့်)။ ဗိုလ်မှူးချုပ် (ငြိမ်း) ကျော်ဇော၊ ဓူဝံ စာအုပ်တိုက်၊ Hyattsville, 2007, P. 278.)

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ညွှန်းဆို ဖော်ပြမည်ဆိုလျှင်ဖြင့် “အသက်ရှင်နေသည့် သမိုင်းစာအုပ်ကြီး” ဟု ဖော်ပြ ထိုက်သည်။ သူက မကြာသေးမီကပင် အသက် ၈၈ နှစ်အရွယ်၌ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ကို ထုတ်ဝေဖြန့်ချိခဲ့သည်။ ဘ၀တသက်တာလုံး တော်လှန်ရေးသမိုင်းတလျှောက်တွင် အတွင်းကျကျ ပါဝင်ပတ်သက်နေခဲ့သူတဦး၏ ကိုယ်တွေ့ အတွေ့အကြုံ ဤစာအုပ်မှာ ပညာရှင်များအတွက်တော့ အဖိုးမဖြတ်နိုင်သည့် စာအုပ်တအုပ် ဖြစ်လာပေလိမ့်မည်။

သူ၏ ဖြစ်ရပ်များကို ၁၉၁၉ ခုနှစ် အောက်မြန်မာပြည် သာယာဝတီအနီးရှိ ကျေးရွာတခုမှ လယ်တောတခုတွင် အစပြုခဲ့ပြီး ၁၉၇၆ ခုနှစ် အာဏာရှင် ဗိုလ်ချုပ်နေ၀င်းနှင့် လမ်းခွဲချိန်၊ ဦးနေ၀င်းက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ကို စတင်အကောင် အထည်ဖော်နေချိန် သူက ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဗမာပြည်ကွန်မြူနစ်ပါတီ စခန်းတခုသို့အသွား (သူ၏အဆိုအရ အိမ်သို့ အပြန်) တွင် တခန်းရပ်ထားခဲ့သည်။

သူ ရန်ကုန်တွင် ကျောင်းတက်နေစဉ် ၁၉၃၀ ပြည့်နှစ် နှောင်းပိုင်းကာလများမှစ၍ ကိုလိုနီဆန့်ကျင်ရေး အမျိုးသားလွတ် မြောက်ရေး လှုပ်ရှားမှုများက အရှိန်ယူ တာစူနေကြပြီ။ ဤဖြစ်ရပ်များကို ဖြတ်သန်းခဲ့ရသည့် သူ၏ဘ၀မှာ ဖိလစ်ပိုင် သမိုင်း ဆရာ ရီနာတို ကွန်စတန်တီနို (Renato Constantino) ၏ စကားဖြင့် ဖော်ပြရမည်ဆိုလျှင် “သိမြင် သဘောပေါက်မှု တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်” ဟု ဆိုရလိမ့်မည်။

သူ့ဘာသာ ပညာသင်ကြားတတ်မြောက်လာသည်ဟု ယူဆနိုင်သော်လည်း ၁၉၃၈ ခု ကုလား-ဗမာ အဓိကရုဏ်းတွင် တောက်လောင်ထက်သန်နေသည့် မျိုးချစ်စိတ်ဖြင့် ပါဝင်ခဲ့သည်။ ထိုနှစ်အတွင်း ဒီဇင်ဘာလ ကျောင်းသားဆန္ဒပြပွဲ၌ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသည်ကိုလည်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြန်သည်။ ဒုတိယကမ္ဘာ စစ်ကာလတွင် အမျိုးသားရေးဝါဒီ အုပ်စုတခုဖြစ်သည့် “ဒို့ဗမာ အစည်းအရုံး” နှင့် ပူးပေါင်းခဲ့သည်။ ၎င်းအဖွဲ့က မြန်မာနိုင်ငံ လွတ်မြောက်ရေးတွင် အဓိက အခန်းကဏ္ဍက ပါဝင် ဦးဆောင်လှုပ်ရှားခဲ့သည့် အဖွဲ့ကြီး ဖြစ်လာခဲ့သည်။

၁၉၄၁ ခုနှစ်တွင် ဒို့ဗမာအစည်းအရုံးက ဂျပန်တွင် စစ်ပညာသွားရောက်သင်ယူရန်အတွက် တိတ်တဆိတ်ရွေးချယ် စေလွှတ်ခြင်းခံရသည်။ အနာဂတ်နိုင်ငံတွင် ခေတ်မီတပ်မတော်တရပ် တည်ထောင်နိုင်ရန် ရည်ရွယ်၍ လူငယ်များကို
လျှို့ဝှက်စေလွှတ်ခဲ့ကြခြင်း ဖြစ်သည်။ ဟိုင်နန်ကျွန်းတွင် ဂျပန်က စစ်ပညာသင်ပေးခဲ့ပြီး ပြင်းထန်ကြမ်းတမ်းသည့် လူ့ဂုဏ်သိက္ခာ ချိုးဖဲ့ဆက်ဆံခံခဲ့ကြရသည်။ ဤသင်တန်းတက်ရောက်သူများမှာ နောက်ပိုင်းမြန်မာ့သမိုင်းတွင် ရဲဘော် သုံးကျိပ်ဟု သမိုင်းဝင်ထင်ရှားကျော်ကြားသည့် သူရဲကောင်းများ ဖြစ်လာခဲ့ကြသည်။

ဤစာအုပ်ထဲတွင် ကြောက်ရွံ့ဖွယ်ကောင်းလှသည့် ဘက်နက်ထိုးသင်ခန်းစာကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပြီး မြန်မာမျိုးချစ် လူငယ်များကို တိုင်များတွင် ချည်ထားသည့် တရုတ်အကျဉ်းသားများအား ထိုးသတ်စေရန် လေ့ကျင့်ခိုင်း ခဲ့ကြသည်ဟု ဖော်ပြထားသည်။ နောက်ကြောင်းပြန် သုံးသပ်ဖော်ပြထားရာ၌ စာရေးသူက ရေးသားထားသည်မှာ မျိုး ချစ်လူငယ်များကို စစ်သားများ ဖြစ်စေရန် တိုက်တွန်းသင်ကြားနေစဉ်၌ပင် “ဤ လူငယ်များ၏ စိတ်တွင်း၌ ဖက်ဆစ်
ဝါဒမျိုးစေ့ချပေးနေခဲ့သည်” ဟု သုံးသပ်ထားသည်။ “ဂျပန်သင်တန်းက ပေးလိုက်သည့် မသိစိတ်တွင်းစွဲနေသော စိတ် ဓာတ်အယူများ” ကို တဖြည်းဖြည်းဖျောက်၍ လူအများနှင့် အလုပ်လုပ်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရ သည်ဟု သူက အသိအမှတ်ပြုဖော်ပြထားပါသည်။

လူအများ ယုံကြည်ထားကြသော အချက်တခုဖြစ်သည့် ဗိုလ်ချုပ်နေ၀င်းကို ရဲဘော်သုံးကျိပ်ဝင်အများက မုန်းတီးကြသည် ဆိုသည်ကိုလည်း သူကဆန့်ကျင်၍ ဖြေရှင်းထားခဲ့သည်။ နောင်တွင် အာဏာရှင်ဖြစ်လာမည့် ဗိုလ်ချုပ်နေ၀င်းက လူအများ ကိုတိုက်တွန်းဖြောင်းဖျတတ်သည့် အကျင့်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် သူတို့ အများစုနှင့် ဆက်ဆံရေးကောင်း သည်၊ ဂရုစိုက်သည်ဟု ဖော်ပြထားသည်။ စာရေးသူက မိမိကိုယ်ကို သနားညှာတာနေခြင်းလည်းမရှိ၊ ဂုဏ်တင်ချီး မြှောက်ခြင်းလည်း မရှိဘဲ အချက်အလက် အမှန်အတိုင်း ရေးသားခဲ့သည်။

စစ်အတွင်းကာလက ဧရာဝတီတိုင်းအတွင်း ကရင်လူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော ကံမကောင်း အကြောင်း မလှခဲ့သည့် ဖြစ်ရပ်တခုတွင် သူလည်းတာဝန်ရှိသူများအနက် တဦးအပါအ၀င်ဖြစ်ကြောင်း ၀န်ခံဖော်ပြခဲ့သည်။ သူက ကွန်မြူနစ်ဝါဒကို ယုံကြည်သက်ဝင်ခဲ့သည်မှာ နောက်ကျပြီး ၁၉၄၄ ခုနှစ် ဖက်ဆစ်ဆန့်ကျင်ရေးအတွက် စည်းရုံး လှုပ်ရှား နေစဉ်ကာလတွင်မှ ကြုံ ကြိုက်၍ မြန်မာနိုင်ငံ၏ ရှေးဦးကွန်မြူနစ်ဝါဒီ သခင်စိုးပေးသည့် သင်တန်းကို တက်ရောက် လေ့လာခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း သမိုင်း၏ သရော်ချက်က ပြင်းထန်လှသည်။ စာရေးသူ ဖော်ပြထားရာ၌ အယူဝါဒရေးရာအရ လက်ဝဲယိမ်း ကြသူ မျိုးချစ်လူငယ် အများစုက မြန်မာနိုင်ငံကို လွတ်မြောက်ချင်လွန်း အားကြီးသည့်ဇောကြောင့် နောက်ဆုံး၌ ဂျပန်နှင့် ပူးပေါင်းရသည့် အခြေဆိုက်ခဲ့သည်ဟု ဆိုသည်။ ဤတကြိမ်တွင်လည်း ဂျပန်က စစ်ပညာသင်ပေးခဲ့သည့် ရဲဘော်သုံးကျိပ် များကပင် ကွန်မြူနစ်များနှင့် ပူးပေါင်း၍ ဂျပန်ကို ပြန်တိုက်ကြသည်။ ၁၉၄၅ ခုနှစ် မဟာမိတ်တပ်များ ၀င်လာသည့်အခါ အောင်ပွဲရရှိနိုင်ရေးအတွက် သူတို့က များစွာ အထောက်အကူပေးနိုင်ခဲ့ကြသည်။

၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ ဝန်ကြီးအဖွဲ့ လုပ်ကြံခံရသည်။ ဤကိစ္စက မြန်မာလူမျိုး အများစုအတွက် ပဟေဠိဖြစ်နေရဆဲ ဖြစ်သော်လည်း စာရေးသူက ဗြိတိသျှအစိုးရတွင် “နိုင်ငံရေးအရ တာဝန်ရှိသည်” ဟု သူ၏ အမြင်ကို ဖော်ပြထားသည်။

ကွန်မြူနစ်စာပေအများစုတွင် ကိုလိုနီဆန့်ကျင်ရေး၊ အရင်းရှင် ဆန့်ကျင်ရေး အရေးအသားများ ပါဝင်နေသည်က သဘာဝ ပင်ဖြစ်သည်။ သို့သော်လည်း ဗိုလ်မှူးချုပ်ကျော်ဇောက သူ၏ လက်ငင်းသုံးသပ်မှုများဖြင့် ဤခံစားချက်များကို ပြန်လည် သုံးသပ်ထားပုံကတော့ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်ကို နှိမ်နင်းချေမှုန်းနိုင်ရန်အတွက် ဗိုလ်ချုပ်နေ၀င်း အစိုးရကို ဗြိတိသျှအစိုးရက လက်နက်နှင့် သံချပ်ကာယာဉ်များ မည်မျှပံ့ပိုး ပေးခဲ့သည်ကို သူက ထောက်ပြ၍ ဖော်ပြခဲ့သည်။ ထိုမျှမက လွတ်မြောက်လာမည့် အနာဂတ်မြန်မာနိုင်ငံအတွက် ကမ္ဘာ့ ဘဏ်ချေးငွေများတွင်လည်း အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားများ ပါဝင်တုပ်နှောင်လာဦးမည်ကိုလည်း စာရေးသူ က တင်ကူးမှတ်ချက်ပြုထားသေးသည်။

သူသိကျွမ်းခဲ့သည့်၊ သူရင်းနှီးခဲ့သည့် သူများ၏ ရုပ်ပုံလွှာများ၊ ထိုမျှမက သူမနှစ်မြို့သည့်သူများကို ဖော်ပြထားရာတွင်လည်း အလားတူ ဆွဲဆောင်မှုရှိပြီး စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ဤအချက်များနှင့် နှိုင်းယှဉ်လိုက်ပါက သူ၏မိသားစုဝင်များ အခန်းကဏ္ဍမှာ မှေးမှိန်နေခဲ့သည်။

ဗိုလ်မှူးချုပ်ကျော်ဇောက သူပါဝင်တိုက်ခိုက်ခဲ့ရသည့် သို့မဟုတ် သူအမိန့်ပေးကွပ်ကဲခဲ့ရသည့် တိုက်ပွဲများအပေါ် သုံးသပ် ချက်များကိုလည်း အသေးစိပ် ထည့်သွင်းဖော်ပြထားခဲ့သည်။ စာအုပ်၏ အခန်းတခုတွင် အမေရိကန် ကျောထောက် နောက်ခံပြုထားသည့် ကွန်မြူနစ်ဆန့်ကျင်ရေး တရုတ်ကူမင်တန် ကျူးကျော်မှု စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်အတွင်း၌ ၁၉၅၀ ပြည့်နှစ်များက ဆင်နွှဲခဲ့ရသည့် စစ်ဆင်ရေးအောင်ပွဲများအကြောင်းကို သီးသန့်အလေးပေး၍ဖော်ပြထားခဲ့သည်။

သို့သော်လည်း စာရေးသူ၏ စစ်ရေးကဏ္ဍက ၁၉၅၇ ခုနှစ်တွင် ရုတ်ချည်း တခန်းရပ်ခဲ့ရသည်။ ကွန်မြူနစ်များထံသို့ လျှို့
ဝှက်ချက်များ ပေါက်ကြားစေသည်ဟူသော စွပ်စွဲချက်ဖြင့် ဗိုလ်ချုပ်နေ၀င်းက သူ့ကို စစ်တပ်မှ ထုတ်ပယ်ခဲ့သည်။ ထိုအချိန် က သူ ၃၈နှစ်အရွယ်သာ ရှိသေးသည်။ ဆိုရှယ်လစ်-ကွန်မြူနစ် ၀ါဒရေးရာ သဘောထားကွဲမှုကို အကြောင်းပြု၍ ဗိုလ်ချုပ်
နေ၀င်းက စစ်တပ်အတွင်း ကွန်မြူနစ်ထိပ်သီးရင့်မာကြီးများကို မထားရှိလိုသည့် ဆန္ဒကြောင့်လည်း ဤသို့ ထုတ်ပယ်ပစ်ခဲ့ ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ရည်ရွယ်တင်ပြသည့် စာရေးသူ၏ အတွေ့အကြုံများထံမှ မြန်မာနိုင်ငံအဖို့ များစွာ သင်ခန်းစာ ယူဖွယ် ရှိပါသည်။ “ပြည်သူ့ဒီမိုကရေစီ” ဟု ၎င်းက ဖော်ပြသည့် အရေးအတွက် ဆက်လက် တိုက်ပွဲဝင်လှုပ်ရှားကြဆဲ ကာလ၌ “အမျိုးသား ပြန်လည်သင့်မြတ်ရေး မရှိဘဲ အမျိုးသားစီးပွားရေးကို တည် ဆောက်နိုင်လိမ့်မည် မဟုတ်ပါ” ဟူသည့် ရေးသားချက်က စာရေးသူ၏ ယုံကြည်ချက်ကို ပိုမိုအားဖြည့်ထားသည့်နှယ် ရှိနေပါသည်။

စာရေးသူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ဖတ်နေစဉ်မှာပင် မြန်မာနိုင်ငံ၏ မက်စ်ဝါဒီ စာရေးဆရာ ဗန်းမော်တင်အောင်၏ လူအများကိုးကားပြောဆိုလေ့ရှိကြသော စကားတခွန်း ခေါင်းထဲသို့ ရောက်လာခဲ့ပါသည်။ “လူ တယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းရတဲ့ ခေတ်ကာလရဲ့ သမိုင်းပေးတာဝန်အပေါ် သူဘယ်လောက်ထမ်းဆောင် ကျေပြွန် လဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်” ဟူသည့် စကားပင် ဖြစ်ပါသည်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည်ကား ဤသို့ သူ ထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်ကို မဆုတ်မနစ်၊ ကိုယ်ကျိုးစွန့်၍ ဂုဏ်သိက္ခာရှိစွာ ပေးဆပ် ထမ်းဆောင်ခဲ့ ကြသည့် လူအနည်းစုထဲမှ စံတင်ထားလောက်သည့် ပုဂ္ဂိုလ်တဦး ဖြစ်ပါသည်။     ။

ကိုကိုသက်သည် မြန်မာသုတေသီတဦးဖြစ်ပြီး ဟယ်လ်ဆင်ကီတက္ကသိုလ်တွင် ကမ္ဘာ့နိုင်ငံရေးကို လေ့လာနေသူ ဖြစ်ပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်