ကွဲပြားမှုများကို ကျော်ဖြတ်ခြင်း

ပြီးခဲ့သည့် အပတ်က ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) တွင် မိမိ ရှိနေသည်။ ဘီဘီစီ သတင်းဌာန မြန်မာပိုင်း အစီအစဉ်က ပြုလုပ်သည့် နာဂစ်မုန်တိုင်း တနှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရောက်ရှိနေခြင်း ဖြစ်သည်။ နာဂစ်မုန်တိုင်းက မြန်မာနိုင်ငံ သမိုင်းတွင် မကြုံစဖူး အဆိုးရွားဆုံး ကြုံခဲ့ရသည့် သဘာဝကပ် ဘေးကြီးလည်း ဖြစ်သည်။

လန်ဒန်အခြေစိုက် ဘီဘီစီ အသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်၏ အကြီးအကဲ ဖြစ်သူ ဒေါ်တင်ထားဆွေကို မိမိ မေးခဲ့သည့် ပထမ ဦးဆုံး မေးခွန်းမှာ ယခု တင်ပြပြောကြားမည့်သူများတွင် အဘယ်ကြောင့် ကယ်ဆယ်ရေး လုပ်သားများ၊ ရဟန်းတော်များ မပါဝင်ရသနည်း ဟူ၍ ဖြစ်သည်။ ဤအင်အားစု ၂ ခုလုံးမှာ နာဂစ်မုန်တိုင်း နောက်ပိုင်း ကယ်ဆယ်ရေး လုပ်ငန်းများတွင် အားကြိုး မာန်တက် ဆောင်ရွက်ခဲ့ကြသည့်၊ အားလုံးက အသိအမှတ် ပြုကြရသည့် အင်အားစုများလည်း ဖြစ်သည်။

ဒေသခံ ကယ်ဆယ်ရေး လုပ်သားများနှင့် ရဟန်းတော်များကို စကားပြောရန် ဖိတ်ကြားခဲ့သော်လည်း၊  ပြောကြားချက်များကို ဗီဒီယို မှတ်တမ်းတင်မည်၊ လေလှိုင်းမှ အသံလွှင့်မည်ဟု သိရသောအခါ ငြင်းပယ်ခဲ့ကြသည်ဟု သူက ပြန်ဖြေသည်။

ဤအဖြေကို ကြားပြီးနောက် မိမိ၏ လုပ်ဖော်ကိုင်ဖက် မြန်မာတဦးက မြန်မာနိုင်ငံမှ ကယ်ဆယ်ရေး လုပ်သားများသည်လည်း နိုင်ငံရေး လှုပ်ရှားသူများနှင့် ဘ၀တူ ဖြစ်နေပြီဟု အရွှန်းဖောက်လိုက်သည်။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက မည်သည့် လှုပ်ရှားမှု လုပ်လုပ် “မြေအောက်လှုပ်ရှားမှု သဖွယ်” ခိုးကြောင် ခိုးဝှက် လုပ်နေကြရသည်။

သို့သော်လည်း ဆွေးနွေးပွဲတွင် အဓိက ပြောဆိုသူ များထဲမှ ၂ ဦးက မြန်မာ စစ်အစိုးရက ကယ်ဆယ်ရေး လုပ်ငန်းများကို ပိတ်ဆို့ ဟန့်တားနေသည် ဟူသော ဝေဖန်ချက်များနှင့် ပတ်သက်၍ သဘောမတူကြောင်း ပြောဆိုကြပါသည်။ သူတို့ ၂ ဦးမှာ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP)၏ မြန်မာနိုင်ငံ ဌာနေ တာဝန်ခံ ခရစ် (စ်) ကေး (Chris Kaye) နှင့် နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့ MSF (Holland) ၏ မြန်မာနိုင်ငံ တာဝန်ခံ ဒေါက်တာ ဖရင့် (ခ်) စမစ်သီးယပ်စ် (Dr. Frank Smithius) တို့ ဖြစ်သည်။

ကယ်ဆယ်ရေး အကူအညီများကို အမှန်တကယ် လိုအပ်နေသူများ ထံသို့ စစ်အစိုးရ၏ နှောင့်ယှက်မှု မရှိဘဲ ပေးပို့ နိုင်သည်ဟု သူတို့က ဆိုကြပါသည်။ ထို့အပြင် ကပ်ဘေးသင့် ပြည်သူများ၏ ဘ၀ အခြေအနေ တိုးတက်စေရန် များစွာ လုပ်ဆောင်ရန် ကျန်ရှိနေသေးကြောင်းလည်း ပြောကြသည်။ မြစ်ဝကျွန်းပေါ် ဒေသတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများမှာ အချိန်ယူရဦးမည် ဖြစ်ပြီး၊ အကူအညီများ ပို၍ လိုအပ်ကြောင်းလည်း ပြောဆိုကြပါသည်။ သူတို့၏ ပြောကြားချက်များကိုမူ မည်သူကမျှ အမြင်မကွဲကြပါ။

တတိယပြောဆိုသူ ဖြစ်သည့် မြန်မာ နိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး မာ့က် ကန်းနင်း (Mark Canning) ကလည်း လူ အနည်းစုကသာ လက်မခံနိုင်ဖွယ်ရှိသည့် အချက် သတင်း စကားများကို ပြောခဲ့သည်။ သူက ပြောကြားရာတွင် မြန်မာ နိုင်ငံသည် ကမ္ဘာပေါ်တွင် အဖိနှိပ်အခံရဆုံးသော နိုင်ငံတခုအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပြီး၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ပြီး နောက်ပိုင်းမှသာ အမှန်တကယ် နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုများ ဖြစ်နိုင်မည်ဟု သူက အခိုင် အမာ ဆိုသည်။
 
သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာအတွက် အဖြေရှာနေဆဲ အချိန်နှင့် တပြိုင်တည်းတွင် မြန်မာ ပြည်သူတို့၏ အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး အတွက်လည်း လျစ်လျူမရှုသင့်ဟု အလေးပေး ပြောကြားလိုက်သည်။

သို့သော်လည်း ဤသို့ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး ဆိုသည်မှာ ပါဝင် ပတ်သက်နေကြသည့် အင်အားစုများ အတွက် လွယ်ကူလှသည့် ကိစ္စ မဟုတ်ပါ။ ကြီးလေးသော ပြဿနာ ဖြစ်ပါသည်။ နာဂစ် မုန်တိုင်း ဖြစ်ပွားချိန်မှ စ၍ နိုင်ငံတကာ အကူ အညီ ပေးရေး အဖွဲ့ (NGO)များ ပိုမို၍ တိုင်းပြည်တွင်း ၀င်ရောက်ခွင့် ရလာသော်လည်း၊ သာမန် ပြည်သူ အများအပြားကလည်း ကယ်ဆယ်ရေး လုပ်ငန်းများတွင် တက်တက် ကြွကြွ ၀င်ရောက် ဆောင်ရွက်ကြသည်။ သို့သော်လည်း စစ်အစိုးရက နိုင်ငံကိုဖွင့်၍ “လူသားချင်း စာနာမှု အကူအညီများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ပိုင်ခွင့်” မည်မျှ ခွင့်ပြုပေးမည် ဆိုသည်မှာ မသဲကွဲလှသေးပါ။

မြန်မာပြည် ပြင်ပရှိ လေ့လာ သုံးသပ်နေသူများကမူ နိုင်ငံတကာ NGO များ ပြောသည့် နိုင်ငံအတွင်း လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိနေသည် ဟူသော အချက်အပေါ် များစွာ သံသယ ရှိနေကြသေးသည်။ “သူတို့ ဒီထက်ပိုပြီး ပြောလာဖို့ ခင်ဗျားတို့က မျှော်လင့်နေကြသေးသလား” ဟု ၀ါရင့် သတင်းထောက်တဦးက သံသယ အပြည့်ဖြင့် FCCT ဆွေးနွေးပွဲတွင် မေးခွန်း ထုတ်ခဲ့သေးသည်။ စစ်အစိုးရကလည်း တိုင်းပြည် ပြင်ပရှိ လူများနည်းတူ သံသယ ရှိနေသည်၊ နိုင်ငံတကာ NGO များကို စောင့်ကြည့်နေပါသည်။

နေပြည်တော်ရှိ အစိုးရနှင့် နီးစပ်သူများ၏ အဆိုအရ စစ်အစိုးရ ထိပ်သီး ခေါင်းဆောင်များက မြစ်ဝကျွန်းပေါ် ဒေသ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အပေါ် စိတ်ဝင်စားမှု အနည်း အကျဉ်းသာ ပြကြသည်ဟု ဆိုသည်။ သို့သော်လည်း မြစ်ဝကျွန်းပေါ်တွင် ဖြစ်ပျက်နေသည်များကို အနီးကပ် စောင့်ကြည့်လျက်ရှိသည်။ သူတို့ အဓိက အာရုံစိုက်သည်မှာ အာဏာ ချုပ်ကိုင်ထားမှုအပေါ် ထိခိုက် ခြိမ်းခြောက်လာမည့် ကိစ္စများသာ ဖြစ်သည်။

တရားဝင် စင်မြင့်ပေါ်မှ ပြောဆိုမှုများ ပြီးဆုံးသည့်အခါ ကယ်ဆယ်ရေး ၀န်ထမ်းတချို့က စစ်အစိုးရထံမှ  ပူးပေါင်း ကူညီမှုမှာ အများအားဖြင့် မရကြောင်း ၀န်ခံကြသည်။ သတင်းထောက် ကလပ် (FCCT)  ဆွေးနွေးပွဲမှ  မြန်မာပြည်သား အကဲခတ်တချို့၏ ဝေဖန် ပြောဆိုချက်များ မှန်ကန်ကြောင်းလည်း အတည်ပြုပေးကြသည်။ သူတို့က မြစ်ဝကျွန်းပေါ် ဒေသရှိ အမှန် ဖြစ်ပျက်နေသော အခြေအနေသည် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ ပုံဖော် ပြောဆိုနေကြသော အခြေအနေနှင့် များစွာ ကွာခြားလှကြောင်း ပြောကြသည်။

၃ နှစ်ကြာ ပြန်လည် ထူထောင်ရေး စီမံကိန်း အတွက် လိုအပ်သည့် ဒေါ်လာ သန်း ၇၀၀ ရရှိရေးမှာ NGO များက နိုင်ငံတကာ အလှူရှင်များကို နားချ တိုက်တွန်းနိုင်သည့် စွမ်းရည် အပေါ် မူတည်နေသည်၊ ထူထောင်ရေး လုပ်ငန်းများအပေါ် စစ်အစိုးရက ၀င်ရောက် မနှောင့်ယှက်ရန်လည်း အထူး လိုအပ်နေသည်၊ ထို့ကြောင့် ဤအကူအညီများ ရနိုင်ပါမည်လောဟု နိုင်ငံခြားသား NGO ၀န်ထမ်း တချို့ကလည်း သံသယ ရှိကြသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အနေနှင့် ဖွံ့ဖြိုးရေး အကူ အညီများ ပိုမို ရရှိလိုပါက အလှူရှင်များနှင့် ညှိနှိုင်း ဆွေးနွေးနိုင်ရန် တံခါးဖွင့်ပေးရမည် ဖြစ်ကြောင်း လွန်ခဲ့သည့် အပတ်က ဥရောပ ကော်မရှင်၊ ဥရောပ အကူအညီပေးမှု ပူးပေါင်း ဆောင်ရွက်ရေးရုံး (EuropeAid Cooperation Office) ၏ ညွှန်ကြားရေးမှူးချုပ် ကော့စ် ရီချဲလ် (Koss Richelle) က ပြောသည်။ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် သူက သတင်းထောက်များကို ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

သူက ထပ်လောင်းပြောကြားရာ၌ မြန်မာနိုင်ငံသို့ အကူ အညီပေးရေး လုပ်ငန်းများသည် အနည်းငယ်မျှသာ တိုးတက်မှု ရှိသည်၊ အကြောင်းမှာ စစ်အစိုးရက ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရန် ငြင်းဆန်နေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) ၏ လုပ်ပိုင်ခွင့် သက်တမ်းကို နောက်တနှစ် ဆက်တိုးပေးခဲ့သော်လည်း မြန်မာ စစ်အစိုးရကမူ နိုင်ငံရပ်ခြား ကယ်ဆယ်ရေး ဝန်ထမ်းများကို မြန်မာနိုင်ငံအတွင်း ပိုမို လက်ခံရန် တွန့်ဆုတ်နေဆဲ ဖြစ်သည်။ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ ဆိုသည်မှာ နာဂစ်မုန်တိုင်း ပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ကုလသမဂ္ဂ၊ အရှေ့တောင် အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် စစ်အစိုးရ အရာရှိများ ပူးပေါင်းထားခြင်း ဖြစ်သည်။

ဤအချက်က ကယ်ဆယ်ရေး ဝန်ထမ်း အများအပြားကို စိတ်ပျက်စေသည်။ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့များ၊ ကုလသမဂ္ဂ အေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်သည့် နည်းဖြင့် ပြည်သူများ အရေးကို ကူညီလိုကြသည့် မြန်မာ အရာရှိများနှင့် ထိထိ ရောက်ရောက် တွဲဖက် လုပ်ကိုင်လျက်ရှိသည်ဟုလည်း သူတို့က ပြောကြသည်။

ဟောပြောသူတဦးက ၎င်း၏ အဖွဲ့သည် ချမှတ်ထားသည့် အခြေခံမူများကို ချိုးဖောက်စရာ မလိုဘဲ မြန်မာနိုင်ငံ အတွင်း၌ လုပ်ဆောင်နိုင်သည်ဟုပင် ထောက်ခံ ဆွေးနွေးခဲ့သည်။ သို့သော် မြန်မာနိုင်ငံအကြောင်း ထဲထဲဝင်ဝင်သိ ထားကြသူ နိုင်ငံခြားသား ကယ်ဆယ်ရေး ၀န်ထမ်းတဦးက ဤ ပြောဆိုချက်ကို လက်မခံပေ။  မြန်မာနိုင်ငံတွင်း၌ မိမိအဖွဲ့၏ အခြေခံ မူဝါဒများ အတိုင်း တိတိကျကျ လိုက်နာသည့် အဖွဲ့ ဟူ၍ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ကော်မီတီ (ICRC) သာ ရှိကြောင်း သူက ဆိုသည်။ စစ်အစိုးရက ကန့်သတ် ချုပ်ချယ်သဖြင့် ICRC က အကျဉ်းထောင်များသို့ သွားရောက် စစ်ဆေးခြင်း အပါအ၀င် ၎င်း၏ လှုပ်ရှားမှုများကို မြန်မာနိုင်ငံအတွင်း ရပ်ဆိုင်းလိုက်သော်လည်း ရန်ကုန်တွင် ရုံးဖွင့်ထားဆဲ ဖြစ်သည်။
     
ဤသို့ ဖြစ်ပျက်နေစဉ် ကာလတွင်ပင် မြန်မာနိုင်ငံအတွင်း တက်တက် ကြွကြွ ဆောင်ရွက်နေကြသူ တချို့သော ကယ်ဆယ်ရေး ၀န်ထမ်းများက နိုင်ငံ ပြင်ပရှိ တက်ကြွ လှုပ်ရှားသူများ၊ အစိုးရများကို ချဉ်းကပ် စည်းရုံးနေကြသူများသည် စစ်အစိုးရနှင့် ပူးတွဲ လုပ်ဆောင်ရ ခက်ခဲသော အခြေ အနေများကို အလွန်အကျူး ထောက်ပြပြီး၊ အဆိုးမြင် အနေအထားကို ပုံဖော် နေကြသည် ဟုလည်း ဆိုကြပြန်သည်။

မကြာသေးမီက နာဂစ် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင် ပတ်သက်နေကြသည့် နိုင်ငံတကာ NGO ၂၁ ဖွဲ့က ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၊ ဘလူးမ်ဘာ့ဂ် ပြည်သူ့ ကျန်းမာရေး ပညာသင်ကျောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့် လူ့အခွင့်အရေး ဌာန နှင့် ထိုင်းနိုင်ငံ အခြေစိုက် အရေးပေါ် အကူအညီပေးရေး အဖွဲ့ (EAT) တို့ ပူးတွဲ ထုတ်ဝေသည့် အစီရင်ခံစာ အပေါ် ပြစ်တင် ဝေဖန်လိုက်သည်။ ဤအစီရင်ခံစာက မုန်တိုင်းကယ်ဆယ်ရေးတွင် ချွတ်ယွင်း အားနည်းမှုများကို အလေးပေး ဝေဖန် ဖော်ပြထားသည်။
 
NGO အဖွဲ့များ ဤသို့ ပူးတွဲ တုံ့ပြန်သည့်စာတွင် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က ထုတ်ဝေခဲ့သော “မုန်တိုင်းပြီး ကာလ မြစ်ဝကျွန်းပေါ်မှ အသံများ” (After the Storm: Voices from the Delta) ဟု အမည်ရသော အစီရင်ခံစာသည် “မပြည့်စုံ မတိကျကြောင်း၊ မုန်တိုင်းပြီးနောက် အသက်ရှင် ကျန်ရစ်ပြီး ရုန်းကန်နေကြသူ ပြည်သူများ၏ ဇွဲနဘဲနှင့် ခံနိုင်ရည်အပေါ် အကျိုးမပြုရုံမက သေးသိမ်ရာ ရောက်စေကြောင်း” ဖော်ပြထားသည်။

၎င်းအစီရင်ခံစာက နာဂစ်မုန်တိုင်း အပြီး ဖြစ်ပေါ်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ အလေးပေး ချဉ်းကပ် တင်ပြထားခဲ့သည်။

တုံ့ပြန်စာတွင် “ဤအစီရင်ခံစာ၌ အားနည်းချက်များကို မိမိတို့ တွေ့ရှိရသည်၊ ၎င်း၏  အခြေခံ ချဉ်းကပ်မူ၊ လေ့လာ တင်ပြသည့် နည်းနာ၊ တွေ့ရှိမှုများတွင် အားနည်းချက်များ ရှိနေသည်” ဟု ဆိုသည်။

စာတွင် ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ခုခံ ချေပထားရာ၌ “နိုင်ငံခြား သံရုံးများနှင့် အတူ နိုင်ငံတကာ နှင့် ဒေသခံ ကယ်ဆယ်ရေး အဖွဲ့ ဒါဇင်ပေါင်းများစွာက မြန်မာ နိုင်ငံ အတွင်း လူသားချင်း စာနာမှု အကူ အညီများ၊ ဖြန့်ဝေမှုကို စဉ်ဆက် မပြတ် စောင့်ကြည့် စစ်ဆေးနေသည်၊ ၎င်းအဖွဲ့များကလည်း မျက်မြင် ကိုယ်တွေ့ လွတ်လပ်စွာ အကဲဖြတ်နိုင်ကြပါသည်” ဟု ဖော်ပြထားသည်။

“ယနေ့တိုင် ဖြန့်ဝေ ပေးပို့နေသော နိုင်ငံတကာ လူသားချင်း စာနာမှု အကူ အညီများကြောင့်သာ မုန်တိုင်းသင့်ပြီး အသက်ရှင် ကျန်ရစ်သူ သန်းပေါင်းများစွာ ဆက်လက် ရှင်သန်နိုင်ကြသည်၊ ဘ၀ ရပ်တည်နေနိုင်ကြပါသည်။ အထူး ဟန့်တား နှောင့်ယှက်မှုများ မရှိဘဲ အကူအညီများက ရောက်ရှိနိုင်ကြပါသည်” ဟု ၎င်းစာက ဆိုထားသည်။

ယခုကဲ့သို့ ဦးတည်မှု လွဲစေသော အစီရင်ခံစာများကြောင့် မုန်တိုင်းသင့် ပြည်သူများအပေါ် နောက်ထပ် လုပ်ဆောင်ပေးရမည့် အကူအညီများ ရရှိရေးကို အခက်အခဲ ဖြစ်စေနိုင်သည်ဟုလည်း ၎င်းစာတွင် ဖော်ပြထားသည်။

တချို့သော သူများကလည်း ဂျွန်ဟော့ပ်ကင်း/ EAT အဖွဲ့၏ ချဉ်းကပ် လေ့လာမှု နည်းနာ (methodology) ကို မေးခွန်း ထုတ်ခဲ့ကြသည်။ လေ့လာသူ အများစုကမူ ယခုလို အပြန်အလှန် ဆွေးနွေး ငြင်းခုန်မှုများ ဖြစ်ပေါ်လာသည့် အပေါ် အားရကြသည်။ ကယ်ဆယ်ရေး အကူအညီများ ပိုမို ရရှိရေး တောင်းဆိုနေကြသူများကမူ ဤအစီရင်ခံစာ အပေါ် ခုခံ ချေပ ပြောဆိုကြသည်။ ဤအစီရင်ခံစာကြောင့် ကယ်ဆယ်ရေး အကူအညီများ၏ ပွင့်လင်း မြင်သာမှုနှင့် ဖြန့်ဝေရေး ကိစ္စများ၊ ဘဏ္ဍာငွေ သုံးစွဲရေး ကိစ္စများတွင် ပို၍ တာဝန်ခံမှု ဖြစ်လာစေမည်ဟု ဆိုကြသည်။

ကယ်ဆယ် ထူထောင်ရေး လုပ်ငန်းများ တနှစ် ကြာလာချိန်တွင် မြန်မာနိုင်ငံ ပြင်ပနှင့် ပြည်တွင်းရှိ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေကြသူ အဖွဲ့အစည်း၊ အေဂျင်စီများ ပွင့်ပွင့် လင်းလင်း ပြောဆို တိုင်ပင်ကြရန် အကောင်းဆုံးအချိန်ပင် ဖြစ်ပါသည်။ ပြည်တွင်းရှိ လုပ်ကိုင် ဆောင်ရွက်နေကြသူများကို အားလျော့ ဆုတ်ယုတ်အောင် ဆောင်ရွက်ကြမည့် အစား၊ နယ်စပ် အခြေစိုက် အဖွဲ့များကို မထိရောက်ဟု ဆိုနေကြမည့်အစား တွေ့ဆုံ အဖြေရှာရမည့် အချိန် ဖြစ်သည်။

ဤသို့ ကွဲပြားနေကြသည့် ဘက် နှစ်ဘက်ရှိ ကယ်ဆယ်ရေး လုပ်ကိုင်နေကြသူ မြန်မာပြည်သူများတွင်မူ တူညီသည့် စိုးရိမ် ပူပန်မှုများ၊ စေတနာများ ရှိနေကြပါသည်။ ဤကွဲပြားမှု ကန့်လန့်ကာ ဆိုသည်မှာလည်း အမှန်တကယ် မဟုတ်ဘဲ ဖြစ်နေရသည့် အမြင်သာ ဖြစ်ပါသည်။ ကယ်ဆယ်ရေးအတွက် ဘဏ္ဍာငွေ အကူအညီများ သူရရေး ငါရရေး လုယက်နေကြရင်း ပို၍ အရေးပါသည့် ပြဿနာ ကိစ္စများ အပေါ် အာရုံ လစ်သွားနိုင်ပါသည်။ မြန်မာနိုင်ငံ ပြည်တွင်းနှင့် ပြင်ပတွင် နေကြသူများ အကြား အကွဲ အပြဲက ပို၍ပင် ကြီးထွားလာနိုင်ပါသည်။

လွန်ခဲ့သည့်တနှစ်က မျှော်လင့်မထားဘဲ ပြည်တွင်း၊ ပြည်ပရှိ မြန်မာများ အကြား ပူးပေါင်း ဆောင်ရွက်ရန် အခွင့်အရေး ရလာခဲ့ဖူးပါသည်။ နာဂစ် မုန်တိုင်း အပြီး မိမိနိုင်ငံသား ပြည်သူများကို ကူညီပေးနိုင်ရေး အတွက် အားကြိုး မာန်တက် ပူးပေါင်း ဆောင်ရွက်ခဲ့ကြဖူးပါသည်။ ယခုအခါ ကယ်ဆယ်ရေး အဖွဲ့များ အကြား ဖြစ်လာသည့် ငြင်းခုန်မှု၊ သဘောထား ကွဲမှုများကြောင့် သူတို့၏ စိတ်စေတနာ၊ စိတ်အား ထက်သန်မှုများ အားနည်း ချိနဲ့သွားမည်ကို စိုးရိမ်နေကြပါသည်။ ပို၍ ၀မ်းနည်းစရာ ကောင်းသည်မှာ ဤသို့ ဖြစ်လာသည်ဆိုပါက နာဂစ်မုန်တိုင်းဒဏ် သင့်ပြီး ဒုက္ခရောက်နေကြရသူ ပြည်သူများအတွက် ဆိုးကျိုးများသာ ရှိနေခြင်းပင် ဖြစ်သည်။

အောင်ဇော်ရေးသားသည့် Crossing the Great Divide ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်