စစ်အစိုးရရဲ့ ပြိုင်ပွဲဝင် ကားအသစ်

မြန်မာ စစ်အစိုးရက နိုင်ငံရေး ယာဉ်အသစ် တစီးကို ပြီးခဲ့တဲ့ အပတ်မှာ စတင်မိတ်ဆက် လိုက်ပါတယ်။ တောက်ပ ၀င်းလက်နေတဲ့ ဒီယာဉ် အသစ်ကို နှစ်လုံးထိုး ဖက်စပ်အင်ဂျင် (Hybrid) တမျိုးနဲ့ မောင်းနှင်မှာ ဖြစ်ပြီး အင်ဂျင်ကတော့ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဒါမှမဟုတ် SPDC လို့ လူသိများပြီး ပေါက်ကွဲအား လည်းကောင်း၊ အားလည်း အားထားရတဲ့ အင်ဂျင် အဟောင်းနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒါမှမဟုတ် USDP လို့ အမည် ပေးထားတဲ့ ခေတ်မီ အင်ဂျင်အသစ်တို့  ပေါင်းစပ် ထားတာပါ။

ဒါပေမယ့် ဒီ နိုင်ငံရေးယာဉ် အသစ်ပေါ်က ပြောင်လက်နေတဲ့ ဆေးသားကို တစတစ ဖဲ့ထုတ်ကြည့်လိုက်မယ်ဆိုရင်တော့ ယာဉ် ကိုယ်ထည် က ဘယ်လောက်ထိ သံချေးတက်နေတယ်ဆိုတာကို မြင်တွေ့ရမှာပါ။

စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ USDP မှတ်ပုံတင်ပြီး လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အခြား ၀န်ကြီးနဲ့ အဆင့်မြင့်အရာရှိ ၂၆ ဦးနဲ့အတူ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ စစ်ဘက်ဆိုင်ရာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ USDP ဟာ ဒီနှစ် ရွေးကောက်ပွဲမှာ နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့ နိုင်ငံရေးပါတီ ဖြစ်တယ်။

ဧပြီလ၂၈ ရက်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာတွေမှာတော့ ၀န်ကြီးချုပ်ရဲ့ဂုဏ်ပုဒ်ကို အရင်ကသုံးခဲ့တဲ့ “ဗိုလ်ချုပ်ကြီး သိန်းစိန်” အစား အရပ်သားဆန်ဆန်“ဦးသိန်းစိန်”လို့ စတင် သုံးစွဲခဲ့တယ်။ အခြားဝန်ကြီးတွေကိုလည်း စစ်အစိုးရ မီဒီယာတွေမှာ“ဦး”တပ် ပြီး ခေါ်တာ တွေ့နေရတယ်။

ဝန်ကြီးချုပ်ရဲ့ပါတီအသစ် USDP ဟာ ၁၉၉၃ မှာ ဖွဲ့စည်းခဲ့တဲ့ စစ်အစိုးရရဲ့လူမှုအဖွဲ့အစည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDA) ကနေ ပေါက်ဖွားလာတာပါ။

ဦးသိန်းစိန်ဟာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့အတူ USDA ရဲ့ ဗဟို သဘာပတိ အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူ တယ်။ အခု သူနဲ့အတူ ပါတီအသစ်မှာ လက်တွဲလုပ်ကိုင်ကြမယ့် ၂၆ ဦးဟာလည်း USDA ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေအဖြစ် တာဝန်ယူခဲ့ကြဖူးသူတွေပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီ ပရိယာယ်တစုံလုံးက စစ်အစိုးရကို ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးလှုပ်ရှားမှုတွေ တစုတစည်းနဲ့ အားကောင်း မောင်းသန် လုပ်နိုင်အောင် အုပ်စုဖွဲ့ပေးလိုက်တာပဲ။ စစ်အစိုးရအနေနဲ့ စည်းရုံးလှုပ်ရှားမှုတွေကို အင်တိုက် အားတိုက် ဆောင်ရွက်မှာဖြစ်ပြီး ပါတီသစ်ရဲ့အတိုကောက်အမည် USDP ဟာလည်း ရွေးကောက်ပွဲနိုင်ဖို့ လိမ်လည်မှုတွေ မလုပ်ခင် လပေါင်း များစွာကတည်းက စစ်အစိုးရနဲ့ အနက်အဓိပ္ပာယ်အတူတူ ဖြစ်လာပါလိမ့်မယ်။

တကယ်လို့ ဦးသိန်းစိန်ကို တွေ့ဆုံပြီး သူ့ပါတီရဲ့ရည်ရွယ်ချက်နဲ့ ဦးတည်ချက်တွေကို မေးကြည့်မယ်ဆိုရင် သူ့အဖြေက ရိုးရိုးနဲ့ လိုတိုရှင်း ဖြစ်ပါလိမ့်မယ်။ ရည်ရွယ်ချက် - ရွေးကောက်ပွဲနိုင်ဖို့၊ ဦးတည်ချက် - တိုင်းပြည်ရဲ့အနာဂတ် နိုင်ငံရေး အဆောက် အအုံ မှာ စစ်တပ်အနေနဲ့ တရားဝင် ရေရှည်တည်တံ့နိုင်ဖို့ လို့ ဖြေပါလိမ့်မယ်။

USDP ရဲ့ လတ်တလော ရည်မှန်းချက်ကတော့ ၁၉၉၀ က စစ်အစိုးရ အမှုမဲ့အမှတ်မဲ့ မှားခဲ့တဲ့ အမှားမျိုး ထပ်မဖြစ်အောင် ရှောင် ရှားဖို့ ဖြစ်လိမ့်မယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ စစ်အစိုးရက အတိုက်အခံကို ရွေးကောက်ပွဲဝင်ခွင့် ပြုခဲ့ပြီး အတိုက်အခံက အနိုင် ရခဲ့တယ်။

အဲ့ဒီအချိန်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(NUP)ကို စစ်ဗိုလ်ချုပ်ကြီးတွေက ထောက်ခံခဲ့ကြတယ်။ NUP ဟာ၂၆ နှစ် ကြာ တိုင်းပြည်ကို ရက်ရက်စက်စက် အုပ်ချုပ်ခဲ့ပြီး ၁၉၈၈ လူထုအုံကြွမှုနဲ့ ဖယ်ရှားခံရတဲ့ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (BSPP) ၀င်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ ပါတီပါ။

မြန်မာလူထုရဲ့အသည်းနှလုံးနဲ့ ဦးနှောက်ကို NUP က အနိုင်ရလိမ့်မယ်လို့ ထင်ထားတဲ့ စစ်အစိုးရက ၁၉၉၀ မှာ လွတ်လပ်ပြီးတရား မျှတတဲ့ ရွေးကောက်ပွဲတခု ကျင်းပပေးခဲ့တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် (NLD)က ဆန္ဒမဲ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် နိုင်ငံတ၀န်း အောင်ပွဲခံခဲ့တာမို့ စစ်အစိုးရရဲ့မျှော်လင့်ချက်တွေ ပျက်သုဉ်းခဲ့ရတယ်။

အဲ့ဒီတော့ ရွေးကောက်ပွဲနိုင်ပေမယ့် NLD ကို စစ်အစိုးရက ဘယ်သောအခါကမှ အာဏာလွှဲမပေးခဲ့တဲ့အပြင် လူထုကို ယုံလို့မရဘူး ဆိုတာကိုပါ ၁၉၉၀ ရွေးကောက်ပွဲကနေ သင်ခန်းစာရခဲ့တယ်။

အနှစ် ၂၀ ကြာပြီးတဲ့ နောက်မှာလည်း မြန်မာလူထုက ဒီ ယာဉ်အဟောင်းကြီးကိုပဲ မြင်တွေ့နေရဆဲပဲ။ ဒါပေမယ့် အရင်အတိုင်း မဟုတ်တော့ဘဲ ပြည်သူလူထုကို ရောင်းဖို့အတွက် ပြုပြင်မွမ်းမံ ဆေးပြန်သုတ်ပြီးသား ယာဉ်တစင်း ဖြစ်နေပါပြီ။ တကယ်လို့  စက်ခေါင်းအဖုံးကို ဖွင့်ကြည့်လိုက်မယ်ဆိုရင်တော့ ဘယ်အရာတွေနဲ့ ဒီ နှစ်လုံးထိုး ဖက်စပ်အင်ဂျင် လည်နေတယ် ဆိုတာကို ကျနော်တို့ မျက်ဝါးထင်ထင် မြင်တွေ့ရမှာပါ။

ပထမဆုံး ပြောရမှာကတော့ စစ်အစိုးရကို ရွေးကောက်ပွဲ မကျင်းပခင်ကတည်းက ပါလီမန်ရဲ့၂၅ ရာခိုင်နှုန်း အာမခံချက် ပေးထား တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါ။ ဒီ ဥပဒေ အရ ရွေးကောက်ပွဲမှာ ဘာပဲဖြစ်ဖြစ် အထက်နဲ့အောက် လွှတ်တော် နှစ်ရပ်စလုံး စစ်တပ်က နေရာ အခိုင်အမာ ရနေတယ်။

USDP အနေနဲ့ USDA ရဲ့ ငွေကြေးနဲ့ လူသားအရင်းအမြစ် အကုန်လုံးကို အသုံးပြုခွင့် ရလိ့မ်မယ်လို့လည်း ကျနော်တို့ အပိုင် တွက်ထားနိုင်ပါသေးတယ်။ USDA က သူတို့မှာ အဖွဲ့ဝင် ၂၄ သန်းခန့် ရှိတယ် (အများစုက အဓမ္မ အဖွဲ့ဝင် ဖြစ်ခိုင်းထားတာပါ။)၊ သူတို့ လုပ်ငန်းအတွက် လိုအပ်သလို ငွေကြေးသုံးစွဲနိုင်တယ်လို့ ပြောနိုင်တယ်။

တနိုင်ငံလုံးက မဲဆန္ဒနယ်မြေတွေမှာ တကယ်လို့ ရှိရင်တောင်မှ ပါတီနည်းနည်းလောက်ကပဲ USDP ကိုယ်စားလှယ်လောင်းတွေကို ယှဉ်ပြိုင်နိုင်မှာပါ။ USDPအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီးတော့ သတင်းစာ၊ တီဗွီ၊ လမ်းကြို လမ်းကြား၊ မြို့တော်ခန်းမ နဲ့ လူထု စုဝေးပွဲတွေမှာပါမကျန် USDP အမည်ကို အထင်ရှားဆုံး မြင်တွေ့ရမှာ ဖြစ်တယ်။

တိုင်းရင်းသားဒေသတွေလိုမျိုး သူတို့ ရှုံးနိုင်တယ်လို့ ယူဆတဲ့ မဲဆန္ဒနယ်မြေတွေမှာလည်း USDP အနေနဲ့ စစ်တပ်နဲ့ ပေါင်းပြီး မဲဆန္ဒ ရှင်တွေကို ခြိမ်းခြောက်တာ၊ မဲပုံးတွေကို ပြင်တာ၊ မဲပြားတွေကို ကြိုတင်မှတ်သားထားတာ အပါအ၀င် မဲလိမ်တဲ့ပုံစံတွေကို သုံးပြီး သူတို့လိုချင်တဲ့အတိုင်းရအောင် လုပ်မှာပါ။

အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို မသတ်မှတ်ရသေးပေမယ့် ရွေးကောက်ပွဲနိုင်မယ့်သူကတော့ ရှိနေပါပြီ။

ဒီလိုသေချာနေတာမို့ အခုအချိန်မှာ ဦးသိန်းစိန်တယောက် သူ့အစိုးရအဖွဲ့မှာ ဘယ်သူတွေ ခန့်အပ်မယ်ဆိုတာကို ဆွေးနွေးကောင်း ဆွေးနွေးနေပါလိမ့်မယ်။

စစ်အစိုးရရဲ့ တောက်ပ ၀င်းလက်နေတဲ့ နိုင်ငံရေးယာဉ် အသစ်က တစစီစုတ်ပြတ်နေတဲ့ သံချေးတက် ကားတစင်း သာသာပဲ ဖြစ်ကောင်း ဖြစ်နေမှာပါ၊ ဒါပေမယ့် သူ့ရဲ့လမ်းခရီးမှာ အတားအဆီး တစုံတရာမရှိရင်တော့ ဒီကားက ပြိုင်ပွဲရဲ့အဆုံးသတ်မျဉ်းကို အရင်ဆုံး ပိုင်ပိုင်နိုင်နိုင် ဖြတ်ကျော်သွားမယ့် ကားပဲ ဖြစ်တယ်။

Unveiled: the Regime's Shiny New Car by Kyaw Zwa Moe ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။

ကျော်စွာမိုးသည် ဧရာဝတီမဂ္ဂဇင်း၏ Managing Editor ဖြစ်ပြီး ၎င်းကို This e-mail address is being protected from spambots. You need JavaScript enabled to view it ကနေ တဆင့် ဆက်သွယ် နိုင်ပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်