သူ့လူ ကိုယ့်ဘက်သားတွေ လုံခြုံမှု လိုအပ်

သူတို့ ဘာတွေ လုပ်နေတယ် ဆိုတာကို ကမ္ဘာကြီးက မသိအောင် ဘယ်လိုပဲ ကြိုးစား ပမ်းစား ဖုံးဖိထားပေမယ့် သူတို့ရဲ့ လျှို့ဝှက်ချက် တွေကို ဖွင့်ချဖို့ တပ်မတော်သား နောက်တယောက် ထွက်လာပြန်ပြီမို့ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ စိတ်ဆိုးနေကြလေရဲ့။

မြန်မာ့တပ်မတော်မှာ ကာကွယ်ရေး အင်ဂျင်နီယာနဲ့ ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးစိုင်းသိန်းဝင်းဟာ စစ်အစိုးရက နျူကလီးယားလက်နက် စီမံကိန်း စတင်အကောင်အထည် ဖော်နေပြီဆိုတာကို အခိုင်အမာ ထောက်ပြနိုင်တဲ့ သက်သေခံ အချက်အလက်တွေနဲ့အတူ ဒီနှစ် စောစောပိုင်းမှာ မြန်မာပြည်ကနေ ထွက်ခွာလာခဲ့ပါတယ်။

မြန်မာ စစ်အစိုးရအနေနဲ့ နျူကလီးယားနည်းပညာကို “လက်နက်ခဲယမ်းအတွက်ပဲ အသုံးပြုဖို့” လေ့လာနေတယ်ဆိုတာကို ဦးစိုင်းသိန်းဝင်း တင်ပြတဲ့ စာရွက်စာတမ်းနဲ့ ဓာတ်ပုံအထောက်အထားတွေက ညွှန်ပြနေတယ်လို့ နိုင်ငံတကာ အဏုမြူ  စွမ်းအင် အေဂျင်စီ ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီက ဆိုလိုက်ပါတယ်။

ဒီလို အချက်အလက်တွေ အသိပေးနိုင်ဖို့ ဦးစိုင်းသိန်းဝင်းဟာ ဘယ်လောက်အထိ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်၊ စွန့်စားခဲ့ရ တယ် ဆိုတာကို စကားလုံးတွေနဲ့ ဖော်ပြဖို့ မဖြစ်နိုင်ပါဘူး။ ဇန်န၀ါရီလတုန်းကတောင် စစ်တပ်က အရာရှိတယောက်နဲ့ နိုင်ငံ ခြားရေးဌာနက အရာရှိတယောက်ကို ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းရဲ့မြောက်ကိုရီးယား လျှို့ဝှက်ခရီးစဉ်နဲ့ ပတ်သက်လို့ ပြည်ပ သတင်းဌာနတွေကို သတင်းပေါက်ကြားစေတဲ့ အတွက်ဆိုပြီး စစ်အစိုးရက သေဒဏ်ပေးခဲ့ပါသေးတယ်။

ဦးစိုင်းသိန်းဝင်းရဲ့ အထောက်အထားတွေနဲ့ စစ်တပ်အရာရှိဟောင်း ဦးအောင်လင်းထွဋ်ရဲ့ထွက်ဆိုချက်တွေပါဝင်တဲ့ မှတ်တမ်း ရုပ်ရှင်ကို အယ်လ်ဂျာဇီးယား ရုပ်သံက မကြာသေးခင်က ထုတ်လွှင့်မသွားဘူးဆိုရင် နောက်ကွယ်မှာ စစ်အစိုးရ ဘာတွေ လုပ်နေတယ်ဆိုတာကို ကမ္ဘာက သိတောင်သိလိုက်မှာ မဟုတ်ပါဘူး။ သိရင်လည်း နည်းနည်းပဲ သိပါလိမ့်မယ်။

စစ်အစိုးရကတော့ ဒီ “တပ်ပြေးနဲ့ ၀ရမ်းပြေး” နှစ်ယောက်ကို ရတဲ့နည်းနဲ့ သိက္ခာချဖို့ သန္နိဋ္ဌာန် ချထားတာတော့ အံ့သြစရာ မရှိပါဘူး။

စစ်အစိုးရပိုင် သတင်းစာတွေထဲမှာ ဦးစိုင်းသိန်းဝင်းကို ရာဇ၀တ် ပြစ်ဒဏ်ကနေ တိမ်းရှောင်သွားတဲ့ တပ်ပြေးလို့ ခေါ်ဝေါ် သုံးစွဲ ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့် ၂၀၀၄ ခုနှစ် အောက်တိုဘာလမှာ ဖြုတ်ချခံရပြီးတဲ့နောက်ပိုင်း အမေရိကန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခဲ့တဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်ကိုလည်း နိုင်ငံပိုင်ငွေ ၄၅၂၅ ဒေါ်လာကို အလွဲသုံးစား လုပ်တယ်လို့ စွပ်စွဲခဲ့ပြီး အခုဆိုရင် သူ့ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲထားပါတယ်။ 

သူတို့နှစ်ယောက်စလုံးဟာ အခုဆိုရင် ပြည်ပမှာ လုံလုံခြုံခြုံ ရှိနေကြပေမယ့် ပြည်တွင်းမှာလည်း စစ်အစိုးရနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ စစ်အစိုးရရဲ့ မရေမတွက်နိုင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို တင်ပြနိုင်ဖို့ အခွင့်အလမ်းကို စောင့်နေကြတဲ့ သူတို့လို အလယ်အလတ် အရာရှိတွေ အတော်များများ ရှိနေကြပါတယ်။

ဒီလိုလူမျိုးတွေကို ပြင်ပကမ္ဘာက ရင်ဖွင့်ပြီး ကြိုဆိုသင့်ပါတယ်။ ၀မ်းနည်းစရာ ကောင်းတာကတော့ သူတို့လိုလူ အများစုရဲ့ လက်ရှိအခြေအနေက သူတို့ တခုခုလုပ်လိုက်လို့ တိုင်းပြည်အတွက် အပြောင်းအလဲဖြစ်မှပဲ သူတို့ကိုယ် သူတို့ စတေးမယ့်  အနေအထားမျိုး ဖြစ်နေပါတယ်။

ဦးစိုင်းသိန်းဝင်းရဲ့ အထောက်အထား အချက်အလက်တွေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံ အခြေအနေကို  ပြန်လည် အကဲဖြတ်မဖြတ် ဆိုတာကို ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သူ မြန်မာပြည်က ထွက်လာခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ ခေတ္တ ခိုလှုံခဲ့ပြီး အခုဆိုရင် တတိယနိုင်ငံတခုမှာ အခြေချနေတယ်လို့ သိရတာမို့ သူ့ရဲ့လုံခြုံရေးက စိတ်ချရတယ် လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာကျန်ခဲ့တဲ့ သူ့မိသားစုကတော့ သူရဲ့လုပ်ရပ်ကြောင့် စစ်အစိုးရရဲ့နှောင့်ယှက်မှုကို ခံနေရတယ်လို့ ကြားရပါတယ်။

ဦးအောင်လင်းထွဋ် ကိစ္စဆိုရင် ဦးစိုင်းသိန်းဝင်းထက်တောင် ပိုရှုပ်ထွေးပါသေးတယ်။ အမေရိကန်ပြည်ထောင်စုမှာ နေပေမယ့် သူ့အခြေအနေက မတည်ငြိမ်ပါဘူး။ သတ်မှတ်ထားတဲ့ အချိန်တိုင်းမှာ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေကို သွားပြီး သတင်းပို့ နေရတာပါ။ ဖြစ်နိုင်ခြေမရှိပေမယ့် တချို့ဆိုရင် သူ့ကို မြန်မာပြည် ပြန်ပို့ခံရနိုင်တယ်လို့တောင် ထင်နေကြတာမျိုး ရှိပါတယ်။ အဲဒါတွေထက် ပိုအရေးကြီးတာကတော့ သူ့အပေါ်မှာ အကြည်ညိုပျက်အောင် စစ်အစိုးရက တိုက်ခိုက်တာတွေကို ကာကွယ် ရတာပါပဲ။ သူဟာ နှစ်ဘက်ချွန်ဖြစ်တယ်လို့ အများက သံသယရှိလာအောင်လုပ်ဖို့ စစ်အစိုးရက သံတမန်နည်းလမ်းတွေနဲ့ ကြိုးစားခဲ့ဖူးပါတယ်။ 

စစ်တပ်ထဲက သဘောထားချင်း မတိုက်ဆိုင်တဲ့ အရာရှိတွေအနေနဲ့ သူတို့လည်းပဲ နိုင်ငံပြင်ပကို ရောက်သွားတဲ့အခါမှာ ဦးစိုင်းသိန်းဝင်းနဲ့ ဦးအောင်လင်းထွဋ်တို့ ကြုံရသလိုမျိုး လှိုက်စားခံရနိုင်တာကို သိကြတာမို့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်လုပ် ဖို့ ၀န်လေးနေတာတွေ ရှိပါတယ်။ တချို့က အရင် ထိုင်း-မြန်မာ နယ်စပ်မှာ ဖြစ်ခဲ့ဖူးတဲ့ အခြေအနေတွေအပေါ် စိုးရိမ်နေကြတာတောင် ရှိပါတယ်။ အဲဒီအချိန်တွေတုန်းကဆိုရင် နယ်စပ်ကို ထွက်လာကြတဲ့ အရာရှိထဲကတချို့ကို စစ်အစိုးရရဲ့ ထောက် လှမ်း ရေး သို့မဟုတ် သတင်းပေးဆိုပြီး သုတ်သင်လိုက်တာတွေ ဖြစ်ခဲ့ဖူးပါတယ်။

စစ်အစိုးရဘက်ကနေ ဘက်ပြောင်းလာသူတွေက ပုံမှန်သိခွင့်မရတဲ့ စစ်အစိုးရဲ့ အတွင်းပိုင်း အခြေအနေတွေကို နက်နက် ရှိုင်းရှိုင်း သိခွင့်ရအောင် ဖြည့်ဆည်းပေးကြတာမို့  ပြည်ပ အင်အားစုတွေနဲ့ နိုင်ငံခြား သံတမန်တွေအပါအ၀င် တာဝန်ရှိသူတွေ အနေနဲ့ သူတို့ရဲ့ရဲရင့်တဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုပြီး သူတို့ကို အပြည့်အ၀ ထောက်ခံအားပေးသင့်ပါတယ်။ သူတို့နဲ့ ကျနော်တို့ အကြား ယုံကြည်မှု တည်ဆောက်နိုင်မှသာ စစ်အစိုးရရဲ့ အာဏာကို ကျနော်တို့ ရဲရဲတင်းတင်း စိန်ခေါ်နိုင်ပါ လိမ့်မယ်။

Burmese Whistle Blowers Need Safe Passage by Aung Zaw ကို ဆီလျော်အောင် ပြန်ဆိုပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်