
ဖြေ။ ။ အဲဒါကတော့ ပြောမပြ တတ်အောင်ကို ၀မ်းသာတာပေါ့။ ပါလည်း ပါရတဲ့ အပြင် ဒီဇာတ်ကားက အရမ်းလည်း အောင်မြင်တယ်၊ ဂန္ထ၀င် ဇာတ်ကား တကား ဆိုတော့ ကျမ ဘ၀အတွက် ဘယ်တော့မှ မေ့လို့မရတဲ့ အမှတ်အသား တခုပေါ့။ သင်္ကြန်မိုးကို မေ့လို့ မရတာ ကလည်း သင်္ကြန် ရောက်တိုင်း ဒီဇာတ်ကားလေးကို ပြန်ပြန်ပြီး ပြနေတယ် ဆိုတော့ ပိုပြီးတော့ သတိရ စရာတွေ ဖြစ်တာပေါ့။
မေး။ ။ သင်္ကြန်မိုး ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်သစ် တယောက် အပေါ် ပရိသတ်ရဲ့ တုံ့ပြန်မှု ကရော ဘယ်လိုရှိခဲ့လဲ။
ဖြေ။ ။ ဇာတ်ကားက အရမ်း အောင်မြင်တော့ အဲဒီမှာပါတဲ့ ကျမတို့လည်း ပရိသတ် ရတာပေါ့။ အထူးသဖြင့် ချစ်ကြတယ် ခေါ်မှာပေါ့။ အနုပညာ ကတော့ ကျမက အဲဒီလောက်ထိ မကောင်း သေးဘူးလေ။ အဲဒီလို ဇာတ်ကား ကလည်း အရမ်းအောင်မြင်၊ ပါဝင်တဲ့ သူတွေ အကုန်လုံး ကိုလည်း ပရိသတ်တွေက အရမ်းချစ်ကြတယ်။ နောက် အဲဒီမှာပါတဲ့ သင်္ကြန်သီချင်းတွေကလည်း အရမ်းကို အောင်မြင်တယ်ဆိုတော့ ဒီသီချင်းတွေကိုဖွင့်လိုက်တာနဲ့ ကျမတို့ရုပ်တွေက အလိုလိုပေါ်လာပြီးသား ဖြစ်နေတာပေါ့။ ဇာတ်ဝင်သီချင်းတွေက ရိုးမသွားဘူးလေ။
မေး။ ။ ဒီဇာတ်ကားရိုက်နေတုန်းကကော ထူးထူးခြားခြား အမှတ်တရ ဘာတွေရှိခဲ့သေးလဲ။
ဖြေ။ ။ အမှတ်တရတွေကတော့ အများကြီးပေါ့နော်။ ဒါက ပထမဆုံးကြုံခဲ့တာဆိုတော့ ထူးခြားတာတွေက အများကြီးရှိခဲ့တာပေါ့။ ဒါပေမယ့် ဒါတွေလည်း ပြန်မပြောတော့ပါဘူး။
မေး။ ။ အဲဒီတုန်းက အနုပညာအပေါ် ခံယူချက်နဲ့ အခု အကယ်ဒမီ ၅ ဆုရရှိထား သူတယောက်အနေနဲ့ အနုပညာအပေါ် ခံယူချက်က ကွာခြားသွားပြီလား။
ဖြေ။ ။ ကျမတို့က ဒီအလုပ်ကို ၀ါသနာပါလို့လုပ်ခဲ့တာလေ။ အခုချိန်ထိလည်း ဝါသနာ ပါနေတုန်းပေါ့နော်။ အခုကျတော့ တာဝန်ပိုကြီးသွားပြီပေါ့။ ဒါလေးပဲရှိတာပေါ့။ ၀ါသနာနဲ့ အလုပ်နဲ့တွဲရတော့ ခံယူချက်က အရင်ကထက်ပိုပြီးတော့တောင် ခိုင်မြဲသွားတာပေါ့။ အရင်ကဆိုရင် ကိုယ်အောင်မြင်ရင်လုပ်မယ်၊ မအောင်မြင်ရင်မလုပ်ဘူး ဆိုတဲ့ အဲဒီလို ခံယူချက်တွေ ရှိနေသေးတယ်။ ဒါပေမယ့် အောင်မြင်လာတဲ့အခါကျတော့ အဲဒီအောင်မြင်မှုကို ထိန်းဖို့အတွက် ပိုတာဝန်ရှိလာတာပေါ့။ အခုချိန်ထိတော့ ခံယူချက်က ဘာမှမပြောင်းလဲသေးပါဘူး။
မေး။ ။ သင်္ကြန်မိုး ဇာတ်ကားရိုက်ခဲ့တုန်းက သင်္ကြန်အငွေ့အသက်တွေနဲ့ အခု အနုပညာသက်တမ်း ၂၅ နှစ်ပြည့်သွားပြီဖြစ်တဲ့ ၂၀၁၀ သင်္ကြန်အငွေ့အသက်တွေ ပြောင်းလဲသွားပြီလား။
ဖြေ။ ။ သင်္ကြန်ကတော့ ကျမတို့ မျက်စိရှေ့မှာပဲ တဖြည်းဖြည်းပြောင်းလဲသွားတာပေါ့။ ကျမ ပထမဦးဆုံး ကြုံရတဲ့ မန္တလေး သင်္ကြန်ဆိုရင် ကျမတို့ ဘ၀မှာ မမြင်ဖူးဘူးလေ။ ကျမတို့က နယ်ကလာတာဆိုတော့ နယ်သင်္ကြန်၊ ရန်ကုန်သင်္ကြန် ဒါပဲပေါ့နော်။ မန္တလေးသင်္ကြန်ဆိုတာကို ဒီဇာတ်ကားရိုက်မှပဲ မြင်ဖူးတာဆိုတော့ မန္တလေးသင်္ကြန်ရဲ့အငွေ့အသက်က အထူးသဖြင့် သင်္ကြန်မိုး ဇာတ်ကားမှာ တော်တော်များများပါပါတယ်။ အလှပြယာဉ်တို့၊ သင်္ကြန်ယိမ်းတို့ စတဲ့ရိုးရာတွေပေါ့။ ဒီဘက်ခေတ်မှာ အဲဒါတွေက မရှိတော့ဘူး။ သင်္ကြန်နဲ့ပတ်သက်တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေလည်း နည်းနည်းတိမ်ကော သွားတာပေါ့။ ကျန်တဲ့ ပျော်စရာတွေကတော့ များလာတာပေါ့။ ခေတ်ကလည်းမတူဘူးကိုး။
မေး။ ။ တူးပို့သံတွေညံခဲ့တဲ့ သင်္ကြန်နဲ့ ခေတ်ပေါ်ဂီတ Techno သံတွေ ညံနေတဲ့ သင်္ကြန်အပေါ် အမြင် ဘယ်လို ကွာခြား ပါသလဲ။
ဖြေ။ ။ ဒါကတော့ သူ့ခေတ်နဲ့ သူ့အခါ အားပေးမှုပေါ့။ ဒီဘက်ခေတ်မှာလည်း သူ့ခေတ်နဲ့သူ အားပေးနေကြတော့ ဒါက ပြောလို့မရဘူးလေ။ သူ့ခေတ်နဲ့သူတော့ နားထောင်လို့ကောင်းနေတာပဲ။ မကောင်းဘူး လို့လည်းပြောလို့မရဘူး။ အခုကျတော့ သင်္ကြန်ဆိုရင် မြူးမြူးလေးမှဆိုတော့ ဘယ်လိုသံစဉ်မျိုးပဲလာလာ နားထောင်လို့အဆင်ပြေပါတယ်။ ဒါပေမယ့် ရေရှည်မြဲဖို့ကျတော့ အားလုံးကောင်းမှလေ။ စာသားရော၊ သံစဉ်ရော အားလုံးကကောင်းနေမှ ရေရှည်တည်တံ့နေမှာပေါ့။ ဥပမာ-သင်္ကြန်မိုးကားထဲက သင်္ကြန်သီချင်းတွေဆို အခုချိန်ထိ တည်တံ့နေတုန်းဆိုတော့ ဘက်ပေါင်းစုံက အကုန်ကောင်းနေလို့ပေါ့။ ဒီခေတ် ကောင်းတယ် ဆိုတာကလည်း ခေတ်ပေါ်ပေါ့နော်။ ကျမတို့အမြင်ကျတော့ ရေရှည်ကျတော့ မခံဘူး။ တချို့ဆို တနှစ်၊ နှစ်နှစ်ပဲ။ နောက်နှစ် ကျတော့ အဲဒီသီချင်းတွေက ပျောက်သွားပြန်ရော။
မေး။ ။ သင်္ကြန်နဲ့ပတ်သက်ပြီး ဘ၀မှာ ထူးထူးခြားခြားအမှတ်တရ ခံစားမှုရှိလား။
ဖြေ။ ။ သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရ ကတော့ အခုချိန်ထိ “သင်္ကြန်မိုး” ပါပဲ။ ဒါဟာ ကျမ ဘ၀အတွက် ဘယ်လိုမှ ပြန်မရနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ပေါ့။ ဒီဇာတ်ကားကြောင့် ကျမကို ချစ်တဲ့သူတွေများလာတယ်။ ပရိသတ်တွေ များလာတယ်။ နှစ်တိုင်း ဒီဇာတ်ကားကိုပြန်ပြတော့ ကိုယ့်ကိုချစ်တဲ့သူတွေက လျော့မသွားဘူး။ ကျမရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်တယ်။ နောက် မန္တလေးသင်္ကြန်နဲ့ ပတ်သက်ပြီး ပျော်စရာတွေ အများကြီးဖြစ်ခဲ့တာပါ။
< Prev | Next > |
---|