
ဖြေ။ ။ အဲဒီတုန်းက စာပေစိစစ်ရေးက ပြည်ထဲရေးအောက်မှာ ရှိတယ်။ ဗိုလ်မှူးကြီးတင်လှိုင်က ဝန်ကြီးပေါ့။ သူကနေပြီးစာအုပ်ကို ဈေးကွက်ထဲမှာ ကြော်ငြာတွေ့လို့ဆိုပြီး တောင်းလိုက်တယ်။ ဒီစာအုပ်ခိုးရိုက်ထားမှန်း သိလျက်နဲ့ ခိုးရိုက်တဲ့လူကိုတော့ မဖမ်းဘဲနဲ့ ပုံနှိပ်ဥပဒေ ၂၀ နဲ့ ကျနော့်ကို ဖမ်းပြီး ထောင် ၇ နှစ်ချလိုက်တယ်။ ကျနော်က ၂၀၀၀ ပြည့်နှစ် မေလ ကနေပြီးတော့ ထောင်ကျ သွားတာ ၂၀၀၇ ဇန်နဝါရီလ ၃ ရက်နေ့အထိပေါ့။ စုစုပေါင်း ၆ နှစ်နဲ့ ၈ လ ထောင်ထဲမှာ နေခဲ့ရတယ်။ အင်းစိန်မှာ ၁ နှစ်၊ သာယာဝတီမှာ ၅ နှစ်နဲ့ ၈ လ နေရတယ်။ ၂၃၈၇ ရက်တိတိ အဲဒီမှာ အကျဉ်းကျခဲ့တာပေါ့။
မေး။ ။ ဘာဖြစ်လို့ ထိုင်းနိုင်ငံဘက်ကို ထွက်လာတာပါလဲ။
ဖြေ။ ။ ဘာဖြစ်လို့ထွက်လာသလဲ ဆိုတော့ ကျနော့် စာအုပ်တွေလည်း အကုန်လုံး စာစီခွင့်မရဘူး။ စာအုပ်တွေလည်း အပိတ်ခံ ခဲ့ရတယ်။ စာအုပ်ကတော့ ၁၅ အုပ်လောက်တော့ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေရယ်၊ ဦးနုနဲ့ ပတ်သက်တာတွေရယ်၊ နောက်ပြီးတော့ ဒေါက်တာဘမော်နဲ့ ပတ်သက်တာတွေ၊ အဲဒါတွေ အပိတ်ခံခဲ့ရတယ်။ နောက်ပြီး စာရေးခွင့်လည်း မရဘူး။ ပြီးတော့ ကျနော် DVB တို့၊ RFA၊ BBC၊ VOA အဲဒီ မီဒီယာတွေနဲ့ ဆက်သွယ်တယ်။ အမှန်သတင်းတွေကို ပေးတယ်။ အဲဒီတော့ အစိုးရ အကြည်အညို ပျက်အောင်လုပ်တယ်၊ စာပေစိစစ်ရေးရဲ့မူကို ထိပါးတယ်၊ ပြည်ပ မီဒီယာတွေနဲ့ အင်တာဗျူးတွေလုပ်တယ်၊ သတင်းတွေပေးတယ် ဆိုပြီးတော့ ကျနော့်ကို ပြန်ဖမ်းဖို့အစီစဉ် လုပ်နေတယ်ဆိုတာ ခိုင်ခိုင်လုံလုံ ကြားရတော့ ကျနော့်မိတ်ဆွေတွေက အသိပေးတယ်။ ခြိမ်းခြောက်လာတဲ့ သဘောမျိုးလုပ်တော့ ထွက်လာတာ။
မေး။ ။ ဆရာ့အနေနဲ့ ဘာကြောင့် ဒီလိုစာရေးခွင့်မရတာ၊ စာအုပ်ထုတ်ဝေခွင့် မရတော့တာလို့ ထင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့က ဒီမိုကရေစီ လိုလားတယ်၊ တနည်းတဖုံ စာပေနဲ့ တိုက်ပွဲ ဝင်နေတယ်လို့ အဓိပ္ပာယ်ဖွင့်လို့ ရပါတယ်။ အဲဒါလည်း တကြောင်း။ နောက်တခုက နိုင်ငံခြား သတင်းဌာနတွေနဲ့ ဆက်သွယ်တယ်။ ပြည်ပသတင်းဋ္ဌာနပေါ့။ အဲဒါသူတို့က အစီအစဉ်ရှိတယ်။ ဒီပြည်ပ သတင်းဌာနတွေနဲ့ ဆက်သွယ်တဲ့ လူတွေကို စာရင်းကောက် ပြီးတော့ အဲဒီလူတွေကို အမျိုးမျိုး အနှောက်အယှက်ပေးဖို့။ ဝန်ကြီးဌာနရဲ့ အဆင့်ဆင့် ညွှန်ကြားချက်အရ သူတို့က လုပ်နေတာပဲ။ ဘာဖြစ်လို့ လုပ်လဲဆိုတော့ ကျနော်တို့လို အမှန်တရားကို သမိုင်းအချက်အလက်တွေနဲ့ ဖော်ထုတ်တဲ့ ဆရာရေးဆရာတွေကို ဒီတိုင်းပြည်မှာ သူတို့က ယှဉ်ပြိုင်အစိုးရလို သဘော ထားတယ်။ သူတို့ အကြောင်းတွေကို ရေးတဲ့လူ၊ သူတို့ကောင်းကြောင်း ရေးတဲ့လူတွေ၊ သူတို့ဘုန်းတော်ဘွဲ့ကို ချီးကျူးတဲ့လူတွေကို အခွင့်အရေးတွေ ပေးတယ်။ နောက်ပြီးတော့ ဂျာနယ်အမျိုးမျိုး မဂ္ဂဇင်းတွေ အမျိုးမျိုး ထုတ်ဝေခွင့်ရတယ်။ အခွင့်အရေး အမျိုးမျိုးရတယ်။ နိုင်ငံရေးခေါင်းဆောင်တွေကိုလည်း အမျိုးမျိုးအနှောက်အယှက် ပေးတယ်။ ထောင်ချတာတွေလည်း ချတယ်။ အမျိုးမျိုးပေါ့။ အဟန့်အတား အနှောက်အယှက်တွေနဲ့ ခြိမ်းခြောက်တယ်ပေါ့နော်။ နောက်တခါ ဒီနိုင်ငံရေး တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ လူတွေလည်း မွန်းကျပ်တဲ့ အနေအထားမှာ ရှိတယ်။
ကျနော်တို့လို NLD ပါတီဝင်လည်းဖြစ်တဲ့၊ နောက် ဒီမိုကရေစီ ဘက်ကို ပြတ်ပြတ်သားသားရပ်တဲ့ စာရေးဆရာတွေကို မလိုလားတော့ဘူးပေါ့။
မေး။ ။ ဒီနေ့မြန်မာနိုင်ငံ စာပေလောက အခြေအနေကို ဆရာ ဘယ်လို သုံးသပ် ချင်ပါသလဲ။
ဖြေ။ ။ စာပေဖွံ့ဖြိုးမှ တိုင်းပြည်ဖွံ့ဖြိုးမယ်၊ စာပေ ဆုတ်ယုတ်ရင် တိုင်းပြည် ဆုတ်ယုတ်မယ်လို့ ကျနော်ကတော့ ခံယူတယ်။ ဒါ ကျနော်ပြောတဲ့ စကားလည်းမဟုတ်ပါဘူး။ ဂျာမန် အတွေးအခေါ်ပညာရှင် တယောက် ပြောတဲ့စကားပါပဲ။ ကျနော်တို့ တိုင်းပြည် အုပ်ချုပ်သူတွေက အမှန်တရားကို ဖော်ထုတ်မယ့် လူတွေကို ကြောက်ကိုကြောက်တယ်။ ဘာဖြစ်လို့လဲ ဆိုရင် သူက လုပ်သမျှ အားလုံးက တခုမှ မှန်တာ မဟုတ်ဘူးလေ။ အမျိုးမျိုး လိမ်မယ်၊ ညာမယ်၊ အမျိုးမျိုးဝါဒဖြန့်မယ်။ သူတို့က သူတို့ တည်မြဲရေးကိုပဲ လုပ်တယ်။ သူတို့မှာ ရည်ရွယ်ချက် သုံးရပ်ပဲရှိတယ်။ စစ်အာဏာ တည်မြဲရေးရယ်၊ သူတို့ရပ်တည်ရေးရယ်၊ သူတို့ကို ထောက်ခံမယ့်လူတွေလောက်ကလွဲလို့ ကျန်တဲ့လူအကုန်လုံး သူတို့ကရန်သူ ဆိုပြီ သဘောထားတဲ့ … အဲဒီ သုံးရပ်ပဲ ရှိတယ်။ အဲဒီတော့ ကျနော်က ဘယ်လိုမြင်လဲဆိုတော့ သူတို့ စစ်ဘောင်တွေကို ချဲ့နေတဲ့ အချိန်မှာ ကျနော်တို့ စာပေဘောင်တွေက ကျဉ်းနေတယ်လို့ပဲ မြင်တယ်။
မေး။ ။ စာပေစိစစ်ရေးနဲ့ ပတ်သက်လို့ကော ဘယ်လို ထင်ပါသလဲ။
ဖြေ။ ။ သူတို့ကတော့ စစ်အမြင်၊ စစ် ရပ်တည်ရေး၊ စစ်အာဏာ တည်မြဲရေးအတွက် လုပ်နေတဲ့အတွက် စာပေစိစစ်ရေး ဆိုတာလည်း သူတို့အတွက် နှိပ်ကွပ်ဖို့အတွက် လို့ပဲ သဘောထားတယ်။ ဒါကြောင့် မို့လို့လည်း အရပ်ထဲမှာ စာပေ ကင်ပေတိုင် လို့တောင်ပြောနေကြတယ်။ သိပ်တော့မဆန်းဘူးပေါ့။ အဲဒီတော့ ထွက်သမျှ စာအုပ်တွေအားလုံး ထိန်းချုပ်ထားတယ်။ အဲဒါတွေက ပြည်သူလူထုကို တစုံတခု ဒီမိုကရေစီနဲ့ပတ်သက်တဲ့ အသိဉာဏ်တွေပေးမယ် ဟုတ်လား။ အမှန်တရားကို သိရှိသွားမယ်ဆို အဲဒါကို သူတို့က မလိုလားဘူး။ သူတို့ရေးတာကိုပဲ ဖတ်၊ သူတို့ရေးပြတာကိုပဲ နားထောင်။ အဲဒီလိုပဲ သူတို့က လုပ်စေချင်တယ်။
သူတို့က ချပေးထားတဲ့ တို့တာဝန်အရေးသုံးပါး လို့သာဆိုတာ ကျန်တဲ့ဒီမိုကရေစီ အင်အားစုတွေ ဘာတွေ အလို ရှိတာမဟုတ်ဘူး။ ဒီမိုကရေစီ အစစ်ကိုလည်း သူတို့တည်ဆောက်မှာ မဟုတ်ဘူး။ အဲဒီတော့ သူတို့က အသံကောင်းတော့ ဟစ်နေတယ်။ သူတို့ သွားမှာ အတုအယောင် ဒီမိုကရေစီပဲ။ ဟိုကတည်းက သူတို့ပြောပြီးသား၊ စည်းကမ်းရှိသော ဒီမိုကရေစီဆိုတာ သူတို့စစ်ဘောင်က ချထားတဲ့ ပုံစံခွက်ထဲမှာပဲနေဖို့ပဲ။ ကျနော်တို့က ထောင်ကျတဲ့သူက ဟိုမှာ အကျဉ်းကျတယ်၊ ဒုက္ခရောက်တယ်။ ကျနော်တို့ အပြင်မှာ နေရတာလည်း ထောင်တံတိုင်းကြီးမခတ်ထားတာ တခုပဲ။ သူတို့နဲ့က စားဝတ်နေရေး၊ လူမှုရေး၊ ပညာသင်ကြားရေး ကအစ လူလို လုပ်ကိုင်စားသောက်လို့ ရတာဟုတ်ဘူး။ အနှောင့်အယှက်တွေ၊ သူတို့ရဲ့ လက်ကိုင်တုတ်တွေ လို့ ပြောချင်တယ်။
အဓိကကတော့ သူတို့ စာပေနဲ့ စာနယ်ဇင်းသမားတွေကို အကြောက်ဆုံးပဲ။ အဲဒီ စာနယ်ဇင်း သမားတွေထဲမှာ အမှန်တရားကို လုပ်တဲ့ ဟာမျိုးတွေကို သူတို့ကြောက်တယ်။ အဲဒီတော့ ကျနော်တို့က ဘယ်လိုမှ မလွတ်လပ်ဘူး။ လောင်းရိပ်မိ နေသလိုပဲပေါ့။ အခက်အခဲနဲ့ ရုန်းကန်နေကြတာပါပဲ။
မေး။ ။ စာပေစိစစ်ရေးက ဆရာ့စာအုပ်တွေကို တအုပ်လုံး မပယ်ဘဲ စာမျက်နှာလိုက် ဖြတ်တောက်တာမျိုး ရှိခဲ့လား။
ဖြေ။ ။ ရှိတယ်။ ဥပမာ ဂဠုန် ဦးစော။ ဂဠုန်ဦးစော နောက်ဆုံးနေ့မှာ ဆိုရင် ဦးစောပြောတဲ့ ဟာတွေကို ဖြုတ်တယ်။ လက်နက် ကိုင်ထားတဲ့ ပါတီသာလျင် အာဏာရမယ် ဆိုတဲ့ အပိုဒ်ပေါ့။ အဲဒါကို ဖြုတ်ခိုင်းတယ်။ နောက်တခါ ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်တာ အနော်ရထာ၊ ဒုတိယနိုင်ငံတော်ကို တည်ထောင်တာ ဘုရင့်နောင်၊ တတိယနိုင်ငံတော်ကို အလောင်းမင်းတရား၊ စတုတ္ထနိုင်ငံတော်ကို တည်ထောင်တာ ဗိုလ်ချုပ်အောင်ဆန်းလို့ရေးတော့၊ စတုတ္ထနိုင်ငံတော်ကို တည်ထောင်တာ ဗိုလ်ချုပ်အောင်ဆန်း မဟုတ်ဘူးတဲ့။ အဲဒါဆို ဘယ်သူလဲဆိုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတဲ့၊ သူက ဒီမိုကရေစီအရေးကို လုပ်နေတာတဲ့၊ သူ့ကိုပဲရေး တဲ့။ အဲဒီလိုပြော လွှတ်လိုက်တယ်။ ဒါ ကျနော် မှတ်မှတ်ရရပေါ့နော်။
မေး။ ။ အခုခေတ် လူငယ်တွေကိုကော ဆရာ ဘယ်လိုမြင်ပါသလဲ။ စာအုပ် စာပေနဲ့ ပတ်သက်လို့ပေါ့။ စာဖတ်ချင်စိတ်ကော ရှိတယ်လို့ ထင်ပါသလား။
ဖြေ။ ။ လူငယ်တွေကတော့ စာဖတ်ချင်တဲ့ စိတ် ရှိကြပါတယ်။ လူငယ်ပီပီပေါ့၊ တက်တက်ကြွကြွ လှုပ်ရှားချင်တယ်။ လူငယ်တွေ အတွက် စာဖတ်ဖို့ဆိုရင် လက်ရှိ အခြေအနေအရ စာကြည့်တိုက်ပဲ ဆိုပါစို့။ စာကြည့်တိုက် ဆိုတာက ပြန်ကြားရေးက၊ သူတို့ ကြံ့ခိုင်ရေးက ဖွင့်ထားတဲ့ စာကြည့်တိုက်တွေပါပဲ။ ပြည်သူရဲ့ရန်ပုံငွေတွေနဲ့ ဖွင့်တာ။ ဒါပေမယ့် သူတို့အသင်းဝင်မှ ဒီစာအုပ်တွေ ငှားခွင့်ရှိတယ်။ သွားဖတ်ခွင့်ရှိတယ်။ ကျန်တဲ့ သာမန်လူ တယောက်က စာကြည့်တိုက်တွေမှာ ဘာမှ ဖတ်ခွင့်မရှိဘူး။ ကူးယူခွင့် မရှိဘူး။ ဥပမာဆို အမျိုးသား စာကြည့်တိုက် ဆိုရင် အခုထက်ထိ ထည်ထည်ဝါဝါ မတည်ဆောက်နိုင်သေးဘူး။ ပြီးတော့ စာအုပ်တအုပ်ကို ကျနော်တို့က လွတ်လွတ်လပ်လပ် မရဘူး။
ဥပမာ ကျနော်က ဗိုလ်အောင်ကျော်နဲ့ ပတ်သက်ပြီးရေးမယ် ဆိုပြီးတော့ ကျနော်သွားတော့ အဲဒါ တိုးတက်ရေး မဂ္ဂဇင်း ၁၉၃၅ က၊ အဲဒါ ငှားလို့မရဘူးတဲ့။ ဗိုလ်အောင်ကျော် အကြောင်းလည်း ရေးလို့မရဘူးတဲ့။ ကျနော်တို့ကို ကန့်သတ်ထားတယ်တဲ့။ ဟ၊ ဘယ်သူကပြောလဲဆိုတော့ ဝန်ကြီးတဲ့၊ ဝန်ကြီးက ဒီလိုပဲ ရေးခွင့်မရှိဘူးလို့ ပြောတယ်။ အဲဒီအကြောင်းအရာက ၁၉၃၅ ကနေ ကျနော်တို့ လွတ်လပ်ရေးမရခင် ကတည်းက အကြောင်း အရာတွေ၊ အင်္ဂလိပ်ကို တော်လှန်သွားတဲ့လူ။ ကျနော်တို့ လွတ်လပ်ရေး ရတာ ၆၂ နှစ်ရှိပြီ။ ဘာလို့ လွတ်လွတ်လပ်လပ် မပေးတာလဲ။ အဲဒါတွေ လာမပြောနဲ့ ကျနော်တို့ ဘာမှ မသိဘူး။ ခင်ဗျား ဆက်ပြောရင် ဝတ္တရားနှောင့်ယှက်မှုနဲ့ သက်ဆိုင်ရာကို တိုင်ရမှာပဲဆိုပြီးတော့ ဘာမှ ကူးလို့မရဘူး။
သတင်းစာဟောင်းတွေ၊ ဂျာနယ်အဟောင်းတွေဆိုလည်း သူတို့က အကုန်လုံး သော့ခတ်ထားတယ်။ ဘယ်သူမှ ဝင်လို့မရဘူး။ အဲဒီဝန်ထမ်းကလည်း ထုတ်မပေးရဲဘူး။ အဲဒါလျှို့ဝှက်ချက်တဲ့၊ နိုင်ငံတော်လျှို့ဝှက်ချက်ကို တိတိကျကျ လိုက်နာပါလို့ဆိုတယ်တဲ့။ စာကြည့်တိုက်ဆိုတာက အများပြည်သူ ဗဟုသုတရအောင် ဖွင့်ထားတဲ့ဟာ မဟုတ်ဘူးလား။ ကျနော်တို့က ကိုလိုနီခေတ် လောက်တုန်းကတောင် လွတ်လွတ်လပ်လပ် ပညာရှာခွင့်တို့၊ ရေးသားခွင့်တို့ မိမိရဲ့ဆန္ဒကို ထုတ်ဖော်ခွင့်တို့ ဘာမှ မရှိဘူး။
သူတို့က သမိုင်းကို အမှောင်ချထားချင်တယ်၊ မြန်မာနိုင်ငံကို ထုံးသုတ်နေတယ်။ အချက်အလက်တွေ အာလုံးကို ဖျောက်ဖျက် နေတယ်။ သူတို့ အကျိုးအတွက်သာ သူတို့က အဲဒီလူတစု ကိုသာ ရေးခွင့် သားခွင့် လေ့လာဖတ်ရှုခွင့်ပေးတာ။ နောက်တခုက ပြည်ထောင်စု ရိပ်သာလမ်း၊ ဟဲလ်ပင်လမ်းလို့ခေါ်တယ်။ အဲဒီမှာလည်း အမျိုးသားမော်ကွန်းတိုက် ဆိုတာရှိတယ်။ ကျနော်တို့ သွားဖတ်လို့မရဘူး။ ဝန်ကြီးဋ္ဌာနစာပါလား၊ ခွင့်ပြုချက်ပါလား၊ ပါမှရမယ်။ အဲဒီမှာ ထိုင်ဖတ်လို့လည်း မရဘူး။ ကူးယူခွင့်ဆိုတာ ဝေလာဝေးပဲ။ အဲဒီလိုမျိုး ဘာလို့လုပ်ထားလဲဆိုတော့ သူတို့က အမှန်တရားကို လူထုသိမှာ သိပ်ကြောက်တယ်။ အမှန်တရားသိရင် သူတို့ညာနေတာတွေ၊ ဝါဒဖြန့်နေတာတွေ လူထုက သဘောပေါက်လာရင် သူတို့ကို မထောက်ခံမှာ စိုးတယ်။ အဲဒါပါပဲ။
မေး။ ။ ထိုင်းနိုင်ငံကို ရောက်လာပြီး နောက်ပိုင်းမှာ ဆရာ ဘာတွေဆက်လုပ်ဖို့ ရှိလဲ။ ပြည်တွင်းမှာ ရေးခွင့် မရခဲ့တဲ့ စာတွေ ရေးမလား။
ဖြေ။ ။ အမှန်တရားနဲ့ ကိုက်ညီတဲ့ လူထုရဲ့လိုအပ်ချက် ကလေးကို ကျနော်အနေနဲ့ တထောင့် တနေရာကနေပြီးတော့ ပါဝင်ဆောင်ရွက်ချင်တယ်။ နောက် ဒီမိုကရေစီ ရရှိရေးအတွက် ကျနော့်အနေနဲ့ ဒီမှာ ရှိတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ချင်တယ်။ ဟိုမှာ ကျနော်တို့ ရေးခွင့်မရတဲ့ စာအုပ်တွေကို ဒီလွတ်မြောက်သော နယ်မြေမှာ ပြန်ထုတ်ချင်တယ်။ အဲဒီလို ရေးသားချင်တဲ့ ရည်ရွယ်ချက်နဲ့ တိမ်းရှောင်ခဲ့တဲ့ သဘောပါပဲ။
အဓိကကတော့ ဗိုလ်ချုပ်အောင်ဆန်းတို့လို နိုင်ငံ့ခေါင်းဆောင် ကြီးတွေပေါ့နော်။ နိုင်ငံရဲ့လွတ်လပ်ရေး ကျိုးပမ်းမှု၊ ဒီမိုကရေစီကို ရှေ့ရှုတဲ့ ပုဂ္ဂိုလ်တွေ အကြောင်း။ နောက်တခုက တပ်မတော်ခေါင်းဆောင် ဆိုပေမယ့် သူတို့မလိုတဲ့ ခေါင်းဆောင်ဆိုရင် သူတို့က ရေးခွင့်မရတော့ဘူး။ ဥပမာ - ရဲဘော်သုံးကျိပ်ဆို မလိုချင်ဘူး။ ရဲဘော်သုံးကျိပ် နာမည် ပါရင်ကို မကြိုက်တော့ဘူး။ သခင်ကိုယ်တော်မှိုင်း ဆိုလည်း မလိုချင်ဘူး။ အဲဒီလိုတွေ ဖြစ်နေတာပေါ့နော်။ ကျနော်တို့ကတော့ သခင်ကိုယ်တော်မှိုင်း ဆိုတာ အမျိုးသား စာပေခေါင်းဆောင်ပဲလေ။ ဦးဆောင်မှုပြုသွားတဲ့ ဆရာကြီးပဲ။ နောက်တခါ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဆိုလည်း ဒီလိုပဲ။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို လူငယ်တွေသိရင် ဒေါ်အောင်ဆန်းစုကြည်ကို ကရုဏာ သက်မယ်။ အဲဒီလို ယူဆပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းလည်းမလိုချင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း မလိုချင်ဘူး။
အဲဒီတော့ အဲဒီဟာတွေကို ကျနော်က ဒီမှာထုတ်ဖို့ ရည်ရွယ်တယ်။ ကျနော်ရေးပြီးတဲ့ ဟာတွေလည်း ယူလာတယ်။ အားလုံး ၈ အုပ်လောက်တော့ ရှိတယ်။ ကျနော် မထွက်ရသေးတဲ့ နှစ် ၃၀၀ နိုင်ငံရေးအဘိဓာန်၊ နိုင်ငံရေးနဲ့ပတ်သက်တာ၊ အဲဒီစာအုပ် အခု ကျနော်ယူလာတယ်။
မေး။ ။ အဲဒီစာအုပ်က ပြည်တွင်းမှာ ထုတ်ခွင့် မရဘူးလား။
ဖြေ။ ။ မရဘူး။ အဲဒါ စာပေစိစစ်ရေး တင်ထားတာ ၂ နှစ်ရှိပြီ၊ ထုတ်ခွင့်မပေးဘူး။ သမိုင်းဋ္ဌာနကလည်း စစ်ပြီးပြီ။ သမိုင်းဋ္ဌာနက အချက်အလက်မှန်ကန်တယ်ဆိုပြီး ကန့်ကွက်ရန် မရှိဘူးပေါ့နော်။ ဒါပေမယ့် သမိုင်းဋ္ဌာနသည် ပြည်ထဲရေးဝန်ကြီးဋ္ဌာန မဟုတ်ပါတဲ့။ ရဲစခန်းလည်း မဟုတ်ဘူးတဲ့။ တိုင်းပြည် ဘာဖြစ်နေသလဲ ဆိုတာ သူမသိဘူးပေါ့နော်။ ဒီစာအုပ် ထုတ်ဖို့ရာ။ အဲဒီတော့ ကိုယ်ဖာသာကိုယ် ဆုံးဖြတ်ဆိုတော့ သူတို့ကို ပြန်လွှဲပေးလိုက်တယ်။ အဲဒီ စာနဲ့ပဲ သူတို့က ထုတ်ခွင့် မပေးတော့ဘူး။ နိုင်ငံရေး ရာသီဥတုအခြေအနေ သိပ်မကောင်းသေးလို့ပါ ဆိုလား ဘာလား၊ ညာလား ပြောပြီး ခဏစောင့်ပါဦးဆိုလို့ အဲဒီခဏ စောင့်လိုက်တာ ၂ နှစ်ပြည့်သွားတယ်။
မေး။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆရာ့အမြင် သိချင်ပါတယ်။
ဖြေ။ ။ ၁၉၉၀ မေလမှာ ကျနော်ကိုယ်တိုင် သင်္ကန်းကျွန်း မဲဆန္ဒနယ် ၂ ကနေပြီးတော့ အမျိုးသားပြန်လည် တည်ဆောက်ရေး ဒီမိုကရေစီ တပ်ပေါင်းစုကို ကိုယ်စားပြုပြီး ဝင်အရွေးခံခဲ့တာပဲဗျ။ အဲဒီတော့ ပြည်သူလူထုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တခဲနက် ပေးတာ။ အဲဒီဥစ္စာကိုတောင်မှ အာဏာလွှဲပြောင်း တာမှ မဟုတ်ဘဲ။ ကျနော်တို့က တခါပဲ အညာခံမယ်လေ။ နောက်တနည်း၊ ရွေးကောက်ပွဲ မှတ်ပုံတင်ဥပဒေကို ကြည့်ရင်လည်း ဖာတလုံးထဲကို ဆင်ပြောင်ကြီး ဝင်ခိုင်းသလိုပဲ၊ အင်မတန် ကျဉ်းကျပ်တယ်။ အဲဒီတော့ အခုဝင်မယ့်သူတွေကတော့ ဘယ်လိုစိတ်ကူးတွေရှိတယ် ဆိုတာကတော့ မသိဘူးပေါ့။ ကျနော်တို့ကတော့ လုံးဝ ယုံကြည်မှုမရှိဘူး။ သူတို့နဲ့ ထိုက်တန်တဲ့ စကားတလုံးပဲ ရှိတယ်။ အဲဒါဘာလဲဆိုတော့ ဆိတ်ခေါင်း ချိတ်ပြီး ခွေးသားရောင်းတဲ့အတွက် ဒီဟာကိုတော့ လုံးဝမစားသင့်ဘူးလို့ ကျနော်ကတော့ပြောချင်တယ်။ အဲဒီတော့ စားမယ့်သူကတော့ ခွေးသားကြိုက်လို့ပဲလို့ ကျနော်ကတော့ အဲဒီလိုသဘောထားတယ်။
< Prev | Next > |
---|