“ဗိုလ်ချုပ်မှူးကြီးသေမှ အပြောင်းအလဲဆိုတာမြင်တယ်”

ဦးအောင်လင်းထွဋ်သည် ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး ၁၉၇၈ ခုနှစ် ဇန်န၀ါရီ ၂၆ တွင် တပ်မတော် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၉၉ ခုနှစ် စက်တင်ဘာတွင် နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ လွှဲပြောင်း အမှုထမ်းဆောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် စစ်တပ်မှ အငြိမ်းစား ယူခဲ့သည်။ အမေရိကန် နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုတွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့သည်။ မကြာသေးမီက ခရစ္စတီးကျွန်း လူသတ်မှုနှင့်ပတ်သက်၍ ကိုယ်တွေ့ကြုံခဲ့ရသည့် ဦးအောင်လင်းထွဋ်၏ ထုတ်ဖော်ပြောကြားချက်များမှာ အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

Aung Lin Htut-Phoခရစ္စတီးကျွန်း လူသတ်မှုတွင် ပါဝင်ခဲ့သည့် ဗိုလ်မှူးချုပ်သူရမြင့်အောင်မှာ ကာကွယ်ရေးဦးစီးချုပ် ရာထူးကို လွှဲပြောင်းရယူ မည့်သူဟု သတင်းကြီးနေပြီး ၎င်းမှာ ဦးအောင်လင်းထွဋ်နှင့် စစ်တက္ကသိုလ်တွင် ဆုံခဲ့သူလည်း ဖြစ်သောကြောင့် ခရစ္စတီးကျွန်း လူသတ်မှု အတွေ့အကြုံအပါအဝင် လက်ရှိ စစ်အစိုးရ အပြောင်းအလဲကိစ္စရပ်များနှင့် ပတ်သက်၍ ဧရာဝတီသတင်းထောက် ကိုထွေးက မေးမြန်းထားပါသည်။

မေး။     ။ ၁၉၉၈ ခုနှစ်က ခရစ္စတီးကျွန်း လူသတ်မှု ဖြစ်စဉ် အကြောင်း ပြောပြပေးပါလား။

ဖြေ
။     ။ အိန္ဒိယထောက်လှမ်းရေးတွေနဲ့ ပတ်သက်တယ်။ အိန္ဒိယထောက်လှမ်းရေးကနေပြီးတော့မှ စစ်တပ်ချင်း သတင်း ဖလှယ်တဲ့ စနစ် လုပ်ကြတာကိုး။ အဲဒီမှာ အိန္ဒိယ ထောက်လှမ်းရေးက မြန်မာပြည်ဖွား၊ ဗမာနာမည်က မျိုးမြင့်ဆိုတဲ့ ကာနယ် ဂရိတ် ဝေါက ကျနော်တို့ကို ဆက်သွယ်တယ်။

သူတို့က မြန်မာပြည်နဲ့ ယိုးဒယားနယ်စပ်က ကျွန်းပေါ်မှာ သေနတ်တွေရှိတယ် ဆိုပြီး ကျနော်တို့ စစ်တပ်ကို သတင်းပေးတယ်ဗျ။ အဲဒါကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စစ်ဆင်ရေး ကြည်းတပ် တခု လုပ်ခိုင်းတယ်။ ဗိုလ်မှူးချုပ်သူရမြင့်အောင်ရဲ့ ကွပ်ကဲမှုနဲ့ ကော့သောင်းမှာ အခြေချ စစ်ဗျူဟာမှူးလုပ်တဲ့ ဗိုလ်မှူးကြီးဇော်မင်း၊ အခု ကြံ့ဖွံ့တွဲဘက် အထွေထွေ အတွင်းရေးမှူး၊  လျှပ်စစ် ဝန်ကြီးဇော်မင်းပေါ့။ သူက အဲဒီအချိန်တုန်းက ဗျူဟာမှူး။ သူနဲ့ တပ်ရင်းတရင်းပါတယ်။ အဲဒီမှာ ကျွန်းတွေကို တက်ပြီးတော့ ရှင်းတယ် ဆိုပါတော့ဗျာ။

ရှင်းတဲ့အခါကျတော့ အဲဒီကျွန်းပေါ်မှာ မီးကြိုးမောင်းပျက်သေနတ်တော့ တွေ့တယ်။ အလက် ၂၀၊ ၃၀ လောက်ပေါ့။ သူတို့ သတင်းပေးသလို ရာနဲ့ချီတဲ့ အကောင်းတွေ မရှိဘူး။ ဘယ်တုန်းက သေနတ်တွေလည်း မသိဘူး။ ဒါပေမယ့် ဖြစ်ချင်တော့ ကျွန်းပေါ်မှာက အရပ်သားတွေချည်းပဲ ၅၉ ယောက်ကို ဖမ်းမိတယ်။ အဲဒီ အရပ်သားတွေကို ရှင်းပစ်ရတယ်။ ကျနော်စိတ်မကောင်းတာက ၄၊ ၅၊ ၆ နှစ် အရွယ်ကလေးလေးတွေ ပါတယ်။ မိန်းမတစ်ယောက်ဆိုဗျာ၊ ကလေးမွေးပြီးတာ သိပ်မကြာသေးဘူး။ တကယ်တော့ အဲဒီအရပ်သားတွေက သစ်ခုတ်ပြီးတော့ ထိုင်းဘက်ကိုသွားရောင်းစားတဲ့ သူတွေပါ။

မေး။     ။ အဲဒီမှာ ဗိုလ်မှူးချုပ်သူရမြင့်အောင်ရဲ့ပါဝင်ပတ်သက်မှုက ခေါင်းဆောင်တယောက် နေရာကလား။

ဖြေ။     ။ ကွပ်ကဲမှုအဖွဲ့မှာ သူက ကြည်းတပ်ရဲ့ ခေါင်းဆောင်ပေါ့ဗျာ။ တကယ် ကိုယ်ထိလက်ရောက် သတ်ရတာက ဗိုလ်မှူးကြီးဇော်မင်းပေါ့။ ရေတပ်ကခေါင်းဆောင်က ကြည်မင်းပေါ့။ လေတပ်ကခေါင်းဆောင်က မြင့်ဆွေပေါ့လေ။ 

မေး။     ။ ကာကွယ်ရေး ဦးစီးချုပ်ခန့်အပ်ဖို့အတွက် သတင်းတွေထွက်နေတဲ့ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နဲ့ အတူတူ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို ပြောပြပေးပါ။

ဖြေ။     ။ ကိုသူရမြင့်အောင်က စစ်တက္ကသိုလ် အပတ်စဉ် ၁၈၊ ကျနော်က အပတ်စဉ် ၂၀ ဗျ။ ကျနော်တို့ စစ် တက္ကသိုလ်မှာ တပ်ခွဲ ၄ ခွဲရှိတယ်။ အောင်ဇေယျရယ်၊ အောင်ဆန်းရယ်၊ ဘုရင့်နောင်ရယ်၊ အနော်ရထာရယ်။ အဲဒီမှာ ကိုသူရမြင့်အောင်နဲ့ ကျနော်တို့က အောင်ဇေယျ တပ်ခွဲက၊ တခွဲထဲပဲ။ အဲဒီတပ်ခွဲမှာ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် လေးနှစ်လုံးကို အတူတူ ထားတယ်။ ၂ နှစ်အတူ တပ်ခွဲ တခွဲတည်းမှာ နေခဲ့ရတယ်။ ကျနော်တို့ အောင်ဇေယျမှာ မြင့်အောင် ၂ အောင်ရှိတယ်။ ကိုသူရမြင့်အောင်ကို ဒူကြီးလို့ ခေါ်တယ်ဗျာ။ သူက ပင်ကိုကတော့ ရိုင်းတာ မဟုတ်ဘူး။ လူချစ်လူခင်များတယ်။

၁၉၈၃၊ ၈၄ လောက်က ကရင်ပြည်နယ် မဲသဝေါမှာ တိုက်ပွဲတွေ အကြီးအကျယ် တိုက်ကြတဲ့ အချိန်မှာ ဗိုလ်ကြီးဘဝကနေ သူရဘွဲ့ကိုရတယ်။ သူရဘွဲ့ ရပြီးတဲ့ အခါကျ ဗိုလ်ကြီးဘဝမှာပဲ သူက ဗိုလ်ချုပ်ကြီး ချစ်ဆွေရဲ့ ကစထ ပေါ့လေ။ အဝေး စစ်ဆင်ရေး ဌာန အထူးဖွဲ့မှာ ကစထ ဗိုလ်ကြီးနဲ့ရောက်တယ်ဗျာ။ အဲဒီကနေပြီတော့ တပ်ခွဲမှူးနဲ့ ခြေလျင်ပြန်ဆင်း သွားရသေးတယ်။ စစ်ဦးစီးမှူး ဒုတိယတန်းနဲ့ ကစထ ဗိုလ်ချုပ်ကြီး ချစ်ဆွေဆီ ပြန်ရောက်တယ်။ သူက ငယ်တဲ့အချိန်မှာ စိတ်ဓာတ်ကောင်းပါတယ်။ သူရမြင့်အောင်ကတော့ ဦးနှောက်တွေ၊ ဉာဏ်တွေဘာတွေ သုံးတဲ့လူမျိုး မဟုတ်ဘူး။ သိပ်ပြီးတော့မှ စဉ်းစား ဆင်ခြင်တဲ့လူမဟုတ်ဘူး။ အထက်က သတ်ဆိုသတ် လိုက်တာပဲ။

မေး။     ။ အခုရက်ပိုင်းအတွင်းက စစ်တပ်အတွင်း ရာထူးအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဘယ်လိုယူဆပါသလဲ။

ဖြေ။     ။ ၁၉၉၇ ခုနှစ် ကျနော် စစ်ရုံးမှာ ရှိစဉ်တုန်းက နဝတ ဗိုလ်ချုပ်တွေကို ဖြုတ်ပြီး နအဖ ဖြစ်လာတဲ့ ဖြစ်စဉ်လေးတခု ရှိပါတယ်။ အဲဒီတုန်းက ဖြစ်စဉ်လေးကို အကြမ်းဖျင်း ပြန်ပြောရရင် မိန်းမနဲ့ ပတ်သက်တာကော၊ လာဘ်စားတဲ့ ကိစ္စတွေကော တော်တော်လေး နာမည်ထွက်တဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် မြင့်အောင်၊ ဗိုလ်ချုပ်ကျော်ဘတို့ ကို ဖြုတ်မယ်ဆိုပြီး သတင်းတွေ ကြိုပြီး ထွက်ပါတယ်။ ရာထူး မဖြုတ်ခင်နေ့ မနက်မှာ ကျနော် တာဝန်မှူး တာဝန်ကျတယ်ဗျ။ မနက် ၄ နာရီမှာ ဗိုလ်ချုပ်တင်ဦးနဲ့ ဗိုလ်ချုပ်ခင်ညွန့်ကို ဖုန်းခေါ်တယ်ဗျ။ ဗိုလ်ချုပ်မှူးကြီးက ခေါ်ခိုင်းလို့ဆိုပြီးတော့ ခေါ်တာ။ ကျနော်တို့ကလည်း အဲဒီမှာ ထူးထူး ခြားခြား ဖြစ်တာပေါ့လေ။

မနက် ၄ နာရီ ခေါ်တယ်ဆိုတော့ ဘယ်လိုမှ ဒါ မဖြစ်နိုင်တဲ့ အနေအထားလေ။ ကျနော်တို့ အားလုံး ရှိတယ်ပေါ့လေ။ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဗိုလ်ချုပ်တင်ဦးတို့ အပေါ်တက်သွားတယ်။ အပေါ်ထပ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရယ်၊  ဗိုလ်ချုပ် မောင်အေးရယ်။ အားလုံး ၄ ယောက်ပေါ့လေ။ အဲဒီ ၄ ယောက် အစည်းအဝေး လုပ်ပြီးတော့ မနက်မိုးလင်းတဲ့အခါမှာ ၈ နာရီ အရောက် အဲဒီ နဝတ အဖွဲ့ဝင်တွေအားလုံးကို အရေးပေါ်အစည်းအဝေး ဆိုပြီးတော့ ခေါ်လိုက်တယ်။ 

ဗိုလ်ချုပ်ကြီးတွေလည်း ကတိုက်ကရိုက် ရောက်ချလာတယ်ဗျ။ သူတို့အားလုံးကို အခန်း ၁ ခန်းမှာ ထည့်ထားလိုက်တယ်။ အဲဒီမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေး၊ ဗိုလ်ချုပ်တင်ဦးနဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ ၄ ယောက်က တခြား အခန်းတခန်း ထဲမှာ။ သူတို့ကို တယောက်ပြီးတယောက် အခန်းထဲ ဝင်ခိုင်းတယ်။ နောက်ပိုင်း ကျနော်တို့ပြန်သိတာ ဘာလဲဆိုတော့ မင်းတို့ကို ဒီနေ့ကစပြီး အနားပေးမယ်၊ မင်းတို့ရုတ်ရုတ် ရုတ်ရုတ်လုပ်ရင် ဂျေးထဲထည့်ထားမယ်ဆိုပြီးပြောတာ။ သိပ်ကြာကြာ မပြောဘူး။ ကြိမ်းတာပေါ့ဗျာ။ မင်းတို့ အိမ်မှာပဲနေ၊ မင်းတို့ဘယ်မှ မသွားနဲ့၊ လိုအပ်ရင်မေးမယ်၊ မြန်းမယ်။ ပြီးတာနဲ့ တခါတည်း ပြန်ခိုင်းလိုက်တယ်။ ပြန်ခိုင်းပြီးတော့ သူတို့ရဲ့ လုံခြုံရေးအစောင့်တွေ အားလုံး သိမ်းလိုက်တယ်။ သိမ်းပြီးတော့မှ အိမ်ထဲက အိမ်ပြင် မထွက်ရဘူးဆိုပြီး ကျန်တဲ့လုံခြုံရေးတွေနဲ့ ပိတ်ထားလိုက်တော့တယ်။

ကျနော်ပြောချင်တာက အဲဒီတုန်းကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘယ်သူ့မှကို မတိုင်ပင်ဘဲနဲ့ လုပ်ချလိုက်တဲ့ အနေအထား မျိုးပေါ့ဗျာ။ အခုလည်း သတင်းတော့ ထွက်တာပေါ့ဗျာ။ သူ့ရဲ့ လုပ်နည်း လုပ်ဟန်ကလည်းကြိုပြီးတော့မှ အမြဲတမ်း  အနံ့လေး ထုတ်ပေးလိုက်တယ်။ ဒီအနံ့ပေါ်မှာ မူတည်ပြီးတော့ ဘယ်လိုပြန်လာသလဲဆိုတာ နားထောင်တယ်။ ကျနော်တို့ တုန်းကတော့ ဗိုလ်ချုပ်ကျော်ဝင်းတို့ ပြောလိုက်ရင် ယုံတာဗျ။ ဒါပေမယ့် တကယ့်တကယ်ကျတော့ ဒီအတိုင်းဖြစ်ချင်မှ ဖြစ်မယ်။

ကျနော့်အမြင်ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အလုပ်တခုလုပ်ရင် အရမ်းမလုပ်ဘူး။ အခု ကိစ္စမှာလည်း သူတယောက်တည်း လုပ်လိုက်တာပဲ။ ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေ ဘာဖြစ်လာမလဲ ဆိုတဲ့ဥစ္စာက သူ့စိတ်ထဲမှာပဲ ရှိဦးမယ်။ အဓိက ကတော့ သူ့ရဲ့ အသက်အရွယ်အရ၊ သူ့ရဲ့အနာဂတ်အရ သူဟာ ဒီတပ်ကိုတော့ အခုအချိန်မှာ သူစိတ်ချရတဲ့ လူကို လွှဲအပ်ပေး မထားရင် သူ့အတွက်အန္တရာယ်ရှိတယ်။ ဒါကြောင့်မို့လို့လည်း ကိုသူရမြင့်အောင်လို လူမျိုးကို ပေးခဲ့လိုက်တယ်။ ကိုကိုလိုလူမျိုးကိုပေးခဲ့တယ်။

သူရမြင့်အောင်ကတော့ ကျနော်ပြောဖူးပါတယ်။ ဦးနှောက်တွေ၊ ဉာဏ်တွေ သိပ်သုံးတဲ့လူမျိုးမဟုတ်ဘူး။ သိပ်ပြီးတော့မှ စဉ်းစား ဆင်ခြင်တဲ့လူမဟုတ်ဘူး။ အထက်က သတ်ဆိုသတ် အဲဒီလို သိပ်ပြီးတော့မှ အကြင်နာ တရားမရှိဘူး။ အဲဒါမျိုးလူတွေကို ထားခဲ့တယ်။

ပတ်သက်ရာ ပတ်သက်ကြောင်းတွေပဲ ထားခဲ့တယ်။ မင်းအောင်လှိုင်ကို ရွှေမန်းနေရာ ပေးလိုက်တာကတော့ သူ ဗြောင်ကြီး လုပ်ချလိုက်တာပဲ။ မင်းအောင်နိုင်က ကျနော်နဲ့ ၁၀ တန်းအတူတူအောင်တယ်။ ဒါပေမယ့် ဗိုလ်သင်တန်း အပတ်စဉ် သူက တနှစ်စောတယ်။ စိတ်ဓာတ်မကောင်းဘူး။ ညစ်တတ်တဲ့ စိတ်ရှိတယ်။

ကိုရွှေမန်းမှာကတော့ တခုပြောစရာ ရှိတယ်။ ၂၀၀၈ ခုနှစ်အတွင်းမှာတုန်းက သူမြောက်ကိုရီးယားကို ခရီးစဉ်ကိစ္စတွေ နောက်ပိုင်း နာမည်လေး ထွက်လာတွေ ရှိတယ်။ ဒါက ကျနော့်သူငယ်ချင်း ကိုဝင်းနိုင်ကျော်နဲ့ ထောင်ထဲမရောက်ခင် ပြောခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ လူငယ်ပိုင်းနဲ့ စီးပွားရေးသမားဗျာ။ ဇော်ဇော်တို့ဘာတို့ဆိုတာ သူ့အနားက လူတွေ။ သတင်းတွေ ထွက်လာတာက ဒီအဘိုးကြီးနှစ်ယောက်နဲ့တော့ ဗမာပြည် ရှေ့ဆက်လုပ်ရင် သိပ်ပြီးတော့ အခြေအနေတော့ မကောင်းဘူး၊ တကယ်လို့ ကိုရွှေမန်းများဆိုရင် ဘယ်လိုဖြစ်မလဲ ဆိုတာ စဉ်းစားတာပါ။ ကိုရွှေမန်းကိုယ်တိုင် သိတာမဟုတ်ဘူး။ ဒါမျိုးသတင်းတွေပေါ်မှာ မူတည်ပြီးတော့ ကိုရွှေမန်းအပေါ်မှာ အဘွားကြီးဒေါ်ကြိုင်ကြိုင်နဲ့ အဘိုးကြီးတို့ ငြိုငြင်တာလေးတွေ ရှိကြတယ်ဗျ။ ဒါတွေကလည်း သူတို့ထဲမှာ၊ အတွင်းထဲမှာလည်း အရှုပ်အရှင်းတွေ ရှိတယ်။ ဗိုလ်ချုပ်တင်အောင်မြင့်ဦးသားနဲ့ သူ့မြေး နေရွှေသွေးအောင်တို့ ဖြစ်တဲ့ ကိစ္စတွေလည်း ဒီမိသားစုတွေ ကြားထဲမှာရှိတယ်။

အဓိကကတော့ ဗိုလ်ချုပ်ကြီးမောင်အေး။ ဗိုလ်ချုပ်ကြီးမောင်အေးနဲ့ ဗိုလ်ချုပ်မှူးကြီးကြားမှာ လူတွေမသိတဲ့ ပြဿနာတွေ အများကြီးရှိတယ်ဗျ။ ဗိုလ်ချုပ်ကြီးမောင်အေးက တကယ်တော့ စစ်သား။ ချမယ်၊ တိုက်မယ်။ အဲဒီလိုလူမျိုး။ သူက DSA တော့ DSA ပဲ။ ဒါပေမယ့် DSA တိုင်းကတော့ ဗိုလ်ချုပ်မောင်အေးရဲ့ တပည့်တော့မဟုတ်ကြဘူး။ အဲဒီမှာ ဗိုလ်ချုပ်မောင်အေးရဲ့ အာဏာက ဘာမှ သိပ်မရှိဘူး။ ဗိုလ်ချုပ်မောင်အေးကလည်း နဂိုကတည်းကမှ အရက်သောက်တတ်တဲ့လူဆိုတော့ အရက်ကြီးပဲ ဖိသောက်တယ်။ နောက်ပိုင်း ၂၀၀၈၊ ၂၀၀၉ လောက်မှာဆိုရင် ဗိုလ်ချုပ် မောင်အေးက နေ့လယ်ဘက်မှာ အရက်သောက်တဲ့ အနေအထားမျိုး ဖြစ်လာတယ်။

အကျိုးအကြောင်းရှိရင်၊ သတင်းသွားပို့ရင်တောင်မှ ဗိုလ်ချုပ်မောင်အေးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေါ်မှ လာရတယ်။ ဒီအတိုင်း အကြောင်းမဲ့သွားပြီး သတင်းပို့ခွင့်မရှိတော့ဘူး။ နေပြည်တော် ရောက်သွားပြီးတဲ့အခါမှာ အခြေအနေက တော်တော်လေး ဆိုးလာတော့ ဗိုလ်ချုပ်မောင်အေးက အစည်းအဝေးမှာ ငါလည်း ဦးစီးချုပ်လုပ်နိုင်ပါတယ်ဆိုပြီး အရက်ထွေထွေနဲ့ ရင်ဖွင့်တာတွေ ရှိလာတယ်။ သို့သော်၊ ဗမာ့ တပ်မတော်မှာ လှုပ်လို့မရဘူးဗျ။ ဗိုလ်ချုပ်မောင်အေးလည်း လှုပ်လိုက်ရင် ဗိုလ်ချုပ်ခင်ညွန့် နောက်လိုက်သွားရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အရေးကြီးတဲ့ လက်နက်ကိုင်အားလုံးက ဗိုလ်ချုပ်မှူးကြီး လက်ထဲမှာ ရှိတာကိုး။ ပါဝါအားလုံးက သူကိုင်ထားတယ်။

အခု အခြေအနေကလည်း ဗိုလ်ချုပ်မှူးကြီးက သူ့အတွက်ပဲ အားလုံး သူစီစဉ်ပြီး လုပ်သွားခဲ့တာပဲ။ စစ်တပ်ကို သူပဲလုပ်မယ်။ အခု ဒုတိယ ဗိုလ်ချုပ်ကြီးလုပ်တဲ့သူတွေ ဂန့်နေပြီ။ အရင်လိုလည်း ဝန်ကြီးဖြစ်ဖို့မရှိဘူးဗျာ။ ရွေးကောက်ပွဲ ဝင်ဖို့ကကျတော့လည်း ဒီအချိန်ကျမှ ဘယ်လိုလုပ်ပြီး မဲဆွယ်မလဲ။ အရေးယူမခံရရင်ပြီးရော နေရမယ်ဆိုတဲ့ အနေအထားမျိုးလေးနဲ့ သူတို့နေကြတာ။ မျှော်လင့်ချက်ကတော့ ၂၅ ရာခိုင်နူန်းထဲမှာ သူတို့ကို ထည့်မလား ဆိုတာတော့ရှိတာပေါ့။

တပ်အတွင်းမှာတော့ ကျနော့်အမြင် ပြောရရင် အာဏာကို ရှင်းထုတ်လိုက်တာပဲ။ နိုင်ငံရေး အဖွဲ့ပိုင်း ကျတော့ ဦးသိန်းစိန်က ဗိုလ်ချုပ်မှူးကြီးနဲ့ ၈ လကြာ အတူတူနေခဲ့တာဗျ။ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး ကြားမှာ ဘာပြဿနာမှ မရှိဘူး။ မိသားစုလိုက်ကော ကပ္ပတိန်လောက်ကတည်းက အတူနေခဲ့ကြတဲ့ လူဆိုတော့လေ။ ဒါကြောင့်မို့လို့ ဦးသိန်းစိန်ကို မထင်မှတ်ဘဲ ဝန်ကြီးချုပ်ကနေ ပါတီ ဥက္ကဋ္ဌ လုပ်ခိုင်းလိုက်တယ်။

အားလုံးကို ခြုံပြီးတော့ ကျနော်ပြန်သုံးသပ်ရရင်တော့ ဒီလိုလုပ်လိုက်တဲဥစ္စာက စစ်ဘက် စစ်ရေးဆိုင်ရာ ကိစ္စတွေမှာသူ ရှင်းထုတ်ပြီးတော့မှ သူကိုယှဉ်နိုင်မယ့်သူတယောက်မှ မရှိတော့ဘူးဗျာ။ 

အဲဒီမှာမှ ကျနော်ထောက်ပြရရင် ဗိုလ်ချုပ်ကြီးရဲမြင့်ပေါ့။ သူက ဗိုလ်ချုပ်ကြီးမောင်အေးရဲ့ တစ်ချိန်က ပီအေ ဗျ။  ဗိုလ်ချုပ်ရဲမြင့်ဆို ငြိမ်းချမ်းရေးကိစ္စတွေ၊ နယ်ခြားစောင့်တပ် ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့  သူ့အပေါ်မှ အမြင်မကြည်တာတွေ ရှိတယ်လို့ ကြားရတယ်။ အောင်မှမအောင်မြင်တာ။ အခုလက်ရှိတက်လာတဲ့ အတန်းတွေကတော့ တိုင်းမှူးတန်းတွေ ဆိုရင်တောင် ကျနော်တို့ထက် နှစ်နှစ်လောက် ငယ်သွားပြီ။ အပတ်စဉ် ၂၂ တို့ဘာတို့ အဲဒီအတန်းလောက်ဖြစ်သွားပြီ။ ၂၃၊ ၂၄ တန်းလောက်ဖြစ်သွားပြီ။ ဒါက new blood တွေအားလုံးကို ရွေးကောက်ပွဲ မတိုင်ခင် တင်ပေးလိုက်တဲ့ သဘောမျိုးပဲ။

မေး။     ။ ဒီလိုအပြောင်းအလဲက တိုင်းပြည်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ။     ။ အကျိုးသက်ရောက်မှု အနေနဲ့ကတော့ အခုလက်ရှိ တက်လာတဲ့ စစ်ခေါင်းဆောင်ပိုင်းမှာ အသက် ၅၀ တန်းတွေ ဖြစ်လာတယ်။ တချိန်တခါကတော့ ကျနော်တို့နဲ့ ညီအစ်ကိုတွေပဲပေါ့ဗျာ။ ကျနော် ဆိုလိုချင်တာက ပြောင်းလဲချင်တဲ့ စိတ်ဓာတ်က အခုတက်လာမယ့် ခေါင်းဆောင် အသစ်တွေမှာ ရှိကြတယ်ဗျ။ ဒါက ငယ်စဉ်တုန်းက ရှိတဲ့စိတ်ဓာတ်ပေါ့ဗျာ။ အခု ကြီးလာတဲ့ စိတ်ဓာတ်ကတော့ သူ့အပေါ်မှာ အုပ်ထားတဲ့ လောင်းရိပ်ပေါ်မှာပဲ မူတည်တယ်။ နောက်ဆုံး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သေသွားမှသာ အပြောင်းအလဲဆိုတဲ့ ဟာမျိုးတွေ ကျနော်မြင်တယ်ဗျ။

မေး။     ။ ခုနကပြောသလိုပဲ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က အကြင်နာတရား သိပ်မရှိဘူး၊ စစ်ဆိုစစ်ပဲ သိတဲ့ လူတယောက်အနေနဲ့ ဒီပြောင်းအလဲမျိုးကို ဖော်ဆောင်နိုင်ပါ့မလား။

ဖြေ။     ။ ကျနော်ဆိုချင်တာက ဒီပုဂ္ဂိုလ်မှာက ဒီလောက်နိုင်ငံရေးကော၊ နိုင်ငံတကာရေးရော သိပ်မရှိဘူးဗျ။ ဒါပေမယ့် ကျနော်လက်ခံတာက သူ့အောက်မှာ ရှိတဲ့ ကိုကိုတို့ဘာတို့ကျတော့ ရှိတယ်။ သဘော သဘာဝ လူကြမ်းတွေပေါ့လေ။ သူရမြင့်အောင်ဆိုရင် လူကြမ်းပဲ လိုပြောရမယ်ဗျ။ လူကြမ်းတွေရဲ့ သဘော သဘာဝက သူတို့ပျော့သွားပြီဆိုရင်လည်း ခုနကပြောသလို သူများထက်ပိုပြီးတော့မှ လုပ်လို့လွယ်တယ်။ အဲဒီတော့ ကိုမြင့်အောင်လို လူမျိုးက လူကြမ်းတော့ လူကြမ်းပဲ။ ဒါပေမယ့် ခုနကပြောသလို ကိုင်တတ် တွယ်တတ်တယ်ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို ဉာဏ်များတဲ့လူမျိုးတော့ မဟုတ်ဘူး။

မေး။     ။ ရှင်းထုတ်လိုက်တဲ့အထဲမှာ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ လူထဲက ၃၊ ၄၊ ၅ ယောက်လောက် ပြောပြပေးပါလား။

ဖြေ။     ။ ရှင်းထုတ်လိုက်တဲ့အထဲမှာ ထောက်လှမ်းရေးကပေါ့လေ။ ဗိုလ်ချုပ်ကြီးရဲမြင့်က တချိန်ကဗိုလ်ချုပ်ကြီးမောင်အေးရဲ့ ပီအေဗျ။ နောက်တယောက် ဗိုလ်ချုပ်ကြီးမြင့်လှိုင်တယောက်ရှိမယ်၊ လေကြောင်းကာကွယ်ရေးက။ ၂ ယောက်ရှိတာပေါ့နော်။ သူတို့က ၂၅ ရာခိုင်နှုန်းထဲမှာပဲ ပါမလား၊ လုံးဝ အငြိမ်းစားပေးတာလား၊ ဒါမှမဟုတ်လည်း ထုတ်ပစ်တာလား။ အကုန်လုံးက shock ဖြစ်နေကြတယ်။ သူတို့ကိုယ် သူတို့ ဘာဖြစ်မယ်ဆိုတာ ပြောလို့မရဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တယောက်တည်း လုပ်တာကိုး။ အတည်ပြုဖို့က ခက်တာပေါ့။

နောက် ရှင်းထုတ်တဲ့ အထဲမှာ သီဟသူရ တင်အောင်မြင့်ဦးကော၊ ရွှေမန်းကော ပါသွားတယ်။ ကျနော် သိရသလောက်ကတော့ သီဟသူရတင်အောင်မြင့်ဦးကတော့ ဗိုလ်ချုပ်ကြီးမောင်အေးနဲ့ ပိုနီးစပ်တယ်ဗျ။ ဗိုလ်ချုပ်တင်အောင်မြင့်ဦးသားနဲ့ အဘိုးကြီးမြေးနဲ့ ငြိပြီးနောက်ပိုင်းမှာ သူ့ကို စစ်ထောက်ချုပ် မခိုင်းတော့ဘူးပြောတယ်။ မခိုင်းတော့ဘဲနဲ့ အတွင်းရေးမှူး ၁ ပဲ လုပ်ခိုင်းတယ်လို့ ပြောတယ်။ တေ့တေ့လေး ထားတာပေါ့ဗျာ။ သူ့ကို တရားဝင်ထုတ်ပြီး မင်းကို စစ်ထောက်ချုပ်က ဖြုတ်တယ် ဆိုတာမျိုးတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ထဲမှာက နှုတ်မိန့်နဲ့သွားတာဗျ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်