“အကောင်းဘက်က မြင်ပါတယ်”

သမ္မတဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဆင်းရဲမှုပပျောက်ရေး ဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားမည် ဟူသော သတင်း ထွက်ပေါ်နေသည်၊ မကြာသေးမီကလည်း အစိုးရကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တွင် တွေ့ဆုံခဲ့သည်။ ဤအခြေအနေတွင်  သမ္မတဦးသိန်းစိန်၏ အကြံပေးအဖွဲ့ဝင် ဗိုလ်ကြီးဟောင်း၊ လုပ်ငန်းရှင်၊ ပညာရှင် ဒေါက်တာနေဇင်လတ်က  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ အနေအထား၊ အစိုးရအဖွဲ့၏ အခြေအနေအကြောင်း ဧရာဝတီကို  သုံးသပ်ပြောပြသည်။ ဧရာဝတီ အကြီးတန်းသတင်းထောက် ဝေမိုးက ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။

Nay_Zin_Latt2မေး ။    ။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဆင်းရဲမှုပပျောက်ရေး ဆွေးနွေးပွဲတက်ဖို့ ဖိတ်မယ်လို့ ကြားပါတယ်။ အဲဒါ ဟုတ်ပါသလား။

ဖြေ ။    ။ ဒီလိုပဲ ကြားပါတယ်။ ပူးပေါင်းဆောင်ရွက်မှုအတွက် ဖိတ်မယ် ဆိုပြီး ကျနော်တို့လည်း အဲဒီလို ကြားပါတယ်။

မေး ။    ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မယ်လို့ ဒေါက်တာနေဇင်လတ်တို့ အကြံပေးအဖွဲ့ကို သမ္မတဦးသိန်းစိန် သို့မဟုတ် အစိုးရအဖွဲ့က အဲဒီလို ပြောတာလား။

ဖြေ ။    ။ ကျနော်တို့က လုပ်ငန်း ခွဲထားတာလေးတွေ ရှိတယ်။ ကျနော်တို့လုပ်ငန်းတွေကို ကျနော်တို့က တောက်လျှောက် engage ဖြစ်နေ (ထိတွေ့နေ) တယ်လေ။  information (သတင်းအချက်အလက်) ကလည်း ကျနော်တို့ သိပ်ပြီးတော့လည်း ရလှတယ်လို့ မဟုတ်ဘူး။ ဖိတ်မယ် ဆိုတာတော့ ကြားနေပါတယ်။

မေး ။    ။ သူ့ကို ဘယ်လို ဖိတ်မှာလဲ။ တသီးပုဂ္ဂလအနေနဲ့ ဖိတ်မှာလား။ နိုင်ငံရေးပါတီခေါင်းဆောင် အနေနဲ့ ဖိတ်မှာလား။

ဖြေ ။    ။ လေ့လာသူ၊ observer, attendance အနေနဲ့ ဖိတ်မယ်လို့ ကြားရပါတယ်။

မေး ။    ။ ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် လှမ်းပြီးတော့ ပြောတာတွေ ရှိသလား။

ဖြေ ။    ။ ဒါ ကျနော်တို့နဲ့ သိပ်မဆိုင်ဘူးလေ၊ ၀န်ကြီးဌာနနဲ့ ပိုဆိုင်လိမ့်မယ်။ သူတို့က ကမကထ လုပ်တာကိုး။ ၀န်ကြီးဌာနတွေက အခါအားလျော်စွာပေါ့၊ ပြီးခဲ့တဲ့လကဆိုရင် ဆက်သွယ်ရေးဝန်ကြီးဌာနက e-government ဆိုပြီး လုပ်သွားတယ်လေ။ အဲဒီတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနက ပိုပြီးတော့ သိပါလိမ့်မယ်။

မေး ။    ။ မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီးဦးအောင်ကြည်နဲ့ တွေ့တယ်။ အခု ဆွေးနွေးပွဲတခုတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မယ်လို့ သိရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး စာထုတ်တယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လို ထင်ပါသလဲ။

ဖြေ ။    ။ ကောင်းတယ်လေ၊ ဘာကြောင့်လဲ ဆိုတော့ (ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီး တွေ့အပြီး)  ပူးတွဲကြေညာချက်ထုတ်တယ် ဆိုတော့ ဘုံရပ်တည်ချက်တွေက သဘောတူသွားပြီ လို့ ကျနော်တို့ ယူဆလို့ ရတယ်လေ။ အရင်ကတော့ ဆွေးနွေးတယ်၊ ရလဒ်တခုတော့ ရှိမှာပေါ့၊ သို့သော်လည်း ဘုံ သဘောတူညီချက် အဆင့်အထိ မရခဲ့ကြဘူး။ အဲဒီလို သုံးသပ်ပါတယ်၊ ဒါကလည်း အပြုသဘော အများကြီး ဆောင်မှာပါ။

မေး ။    ။ အပြုသဘော ဆောင်မှာပါ ဆိုတာ ဆင်းရဲမှုပပျောက်ရေး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မှာကို ပြောတာလား။ ဖြစ်စဉ်တခုလုံးကို ပြောတာလား။

ဖြေ ။    ။ ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ကြတယ်၊ တွေ့ပြီးတဲ့အခါမှာ နှစ်ဘက် ကြေညာချက်ထုတ်နိုင်တယ်။  ကြေညာချက်ထုတ်နိုင်တာကနေ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပြီးတော့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကူညီဆောင်ရွက်ပေးပါမယ် ဆိုတဲ့  statement (ကြေညာချက်) ထွက်လာတယ်။ ဒါတွေဟာ အကုန်လုံး ခြုံပြီးကြည့်လိုက်မယ် ဆိုရင် ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးတော့  ရခဲ့တဲ့ ဘုံ သဘောတူညီချက်ရဲ့ အသီးအပွင့်လို့ ကျနော်တို့က ယေဘုယျ  မှတ်ယူလို့ ရမှာပေါ့ဗျာ။ ဖြစ်စဉ်တခုလုံးကို ကြည့်မယ်ဆိုရင် အပြုသဘော၊ အပေါင်းလက္ခဏာ အများကြီး ဆောင်လာတာကို တွေ့ရပါတယ်။

မေး ။    ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်ကြည်တို့ နောက်တကြိမ်တွေ့ဖို့က ဘယ်တော့လောက် ဖြစ်မယ်လို့ ခန့်မှန်းထားသလဲ။

ဖြေ ။    ။ ကျနော်တို့ကတော့ အကြံပေးပဲဗျ။ အကြံပေးဆိုတော့ ကျနော်တို့ရဲ့ တာဝန်ပဲ ထမ်းဆောင်ပါတယ်။ ကျန်တာကတော့ အစိုးရအဖွဲ့ကပဲ ဆုံးဖြတ်ဖို့ ရှိပါတယ်။ ကြေညာချက်မှာလည်း သင့်တင့်လျောက်ပတ်တဲ့အချိန်မှာ ထပ်ပြီး တွေ့ဆုံမယ် ဆိုတာ ပါပါတယ်။ အဲဒီအချိန်မှာ ထပ်တွေ့မယ်လို့ မျှော်လင့်လို့ရတာပေါ့။

မေး ။    ။ လုံခြုံရေးအရ အရေးယူထားတယ် ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားများအရေး၊ ပြီးတော့ တိုင်းရင်းသား ဒေသတိုက်ပွဲတွေ စတဲ့  မြန်မာပြည်နိုင်ငံရေးမှာ အဖုအထစ်တွေ ဖြစ်နေတဲ့ ကဏ္ဍတွေနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ်ချက် ပေးချင်လဲ။

ဖြေ ။    ။ stabality (တည်ငြိမ်ရေး) ကိုတော့ အရင် ကြည့်ရတာပေါ့ဗျာ၊ အမေရိကန်တောင်မှ stabality ကို ဒီနေ့အထိ ကြည့်ရတုန်းပါပဲ။ stabality  ဖြစ်ပြီလို့ ယူဆတဲ့အချိန်ကျရင်တော့ အကျဉ်းသားတွေ အကုန်လုံးပေါ့နော်၊ ကျနော် ထင်တယ် ဖြည်းဖြည်းချင်းတော့ release လုပ်ပေး (လွှတ်ပေး) မှာပါ။ နယ်စပ်ဒေသတွေမှာ ပစ်ခတ်မှု ဆိုတာကလည်း အာရှမှာ အထူးသဖြင့် အင်ဒိုနီးရှားမှာ ဆိုရင် ကျနော်တို့ထက်တောင် ပိုပြီးတော့ ကြီးကြီးမားမား ဖြစ်ခဲ့ဖူးသေးတယ်လေ။ ကျနော်တို့ဆီမှာလည်း ဒီကိစ္စမျိုးတွေက ရှိနေပါတယ်။ အစိုးရသက်တမ်းကလည်း အခုမှ ၄ လပဲ ရှိသေးတယ် ဆိုတော့ ဒါက ရုတ်တရက်ကြီးတော့ အပစ်အခတ် တစုံတရာ မရှိတော့တဲ့ အခြေအနေ ဖြစ်သွားဖို့ကတော့ အချိန်တခုတော့ ပေးရမှာပေါ့။ ကြိုကြားကြိုကြားလေးတွေကတော့ ရှိနေမှာပါပဲ၊ နိုင်ငံ တနိုင်ငံ အနေနဲ့။ သို့သော်လည်း အရှည်ကို ကြည့်တဲ့အခါ positve (အကောင်းဘက်) ကို သွားနေလား၊ negative (အဆိုးဘက်) ကို သွားနေလား ဆိုရင် ကျနော် ထင်တယ် positve လမ်းကြောင်းဘက်ကို အများကြီး ဦးတည်နေပါတယ်။

မေး ။    ။ ဒေါက်တာနေဇင်လတ်တို့မှာ နိုင်ငံရေးအကျဉ်းသားအရေး၊ တိုင်းရင်းသားအရေး တို့နဲ့ ပတ်သက်ပြီး  အမြန်ဆုံး ဖြေရှင်းဖို့အတွက် အားထုတ်မှုတွေ ရှိသလား။

ဖြေ ။    ။ ရှိပါတယ်။ အစိုးရတရပ် အနေနဲ့ ဒါကိုလည်း သူ (သမ္မတဦးသိန်းစိန်) အလေးထားပြီးတော့ စဉ်းစားမှာပါ။   အမြင်မတူလို့ အပြင်ရောက်သွားတဲ့သူတွေရော၊ ပြည်တွင်းမှာ ရှိတဲ့သူတွေရော အားလုံးဟာ သန်း ၆၀ ရှိတဲ့ မိသားစုကြီးတခုလို့ သူ ယူဆထားပါတယ် တဲ့။ ဘုံသဘောတူညီချက်တွေ ယူမယ်၊ ဖြည်းဖြည်းချင်း အမြင် မတူတာတွေကို ပြန်ညှိမယ်။ ဒါတော့ ရေရှည် လုပ်ရမယ့် အလုပ်ပဲ ဆိုပြီး ကျနော့်ကို ပြောထားပါတယ်၊ အားလုံးကို အမြင်တူတူ မတူတူပေါ့ဗျာ။ အားလုံးဟာ သန်း ၆၀ မှာ ရှိတဲ့ မိသားစုလို့ သဘောထားတာကို ကျနော်တို့ သေချာလေး သတိထားမိတယ်လေ။ ကျနော်တို့ (အကြံပေးအဖွဲ့) သက်တမ်းလည်း ဘာမှ မရှိသေးပါဘူး၊ သုံးလပဲ ရှိပါသေးတယ်။ သုံးလအတွင်း ထိထိရောက်ရောက် လုပ်ပေးတာကို ကျနော်တို့ တွေ့ရပါတယ်။

မေး ။    ။ ဆင်းရဲမူ ပပျောက်ရေးနဲ့ ပတ်သက်ပြီးတော့ သမ္မတ ဦးသိန်းစိန်က ၂၀၁၄ – ၂၀၁၅ မှာ ၁၆ ရာခိုင်နှုန်းအထိ လျော့ချနိုင်မယ် ဆိုပြီး သူပြောထားတယ်။ ထို့အတူပဲ နိုင်ငံရေး အကျဉ်းသား အရေး၊ တိုင်းရင်းသားအရေး ဆိုင်ရာတွေ အတွက် အချိန်သတ်မှတ်ထားတာမျိုးရှိသလား။

ဖြေ ။    ။ target (အချိန်သတ်မှတ်မှု) ရှိပါလိမ့်မယ်။ သို့သော်လည်း ခက်တာက သဘာဝ မတူဘူးလေ။ ရေရမှု ပပျောက်ရေးမှာ ကျတဲ့တော့ ကျနော်တို့မှာ ငွေထုတ်ချေးမယ်၊ job creation (အလုပ်အကိုင်ဖန်တီးမှု) လုပ်ပေးမယ် ဆိုရင် အနေထားတရပ် ကြားထဲမှာ လုပ်လို့ရတယ်။ တိုင်းရင်းသား အရေးကျတော့ ၀ိဝါဒ ကွဲပြားတာမျိုး ရှိတာကိုး။ အမြင်မတူတာကို တူအောင် ညှိဖို့အတွက်ပေါ့ဗျာ၊  ညှိနှိုင်းမှုတွေ လုပ်ရဦးမှာကိုး။ ဆိုတဲ့အခါကျတော့ target တော့ ရှိလိမ့်မယ်။ ညှိရနှိုင်းရတဲ့ ကိစ္စရပ်လေးတွေတော့ ပိုရှိသွားလိမ့်မယ်။

မေး ။    ။ ဒေါ်အောင်ဆန်းစုကြည်က အရင်တပတ်က တိုင်းရင်းသားအရေး သူ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးဖို့အတွက် အသင့်ပါပဲလို့  သမ္မတဦးသိန်းစိန်ကို အိတ်ဖွင့်ပေးစာပေးပြီး ပြောထားတာ ရှိတယ်။ ဒါကို ဘာပြောချင်ပါသလဲ။

ဖြေ ။    ။ ကျနော်ကတော့ အကောင်းဘက်က မြင်ပါတယ်။   ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့  ကမ်းလှမ်းတယ်ပေါ့ သူ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ကြားကနေ ဆောင်ရွက်ပေးမယ် ဆိုပြီးတော့ သူကမ်းလှမ်းတယ်ပေါ့ဗျာ။ အဲဒီ ကမ်းလှမ်းချက်ကလည်း ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ပြီး မကြာခင်မှာ ဖြစ်လာတယ်လေ။ ဒီ ရလဒ်တွေရဲ့ အသီးအပွင့်တွေလို့ ကျနော်တို့ ယူဆရပါတယ်။

မေး ။    ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ တရားဝင် ရပ်တည်ရေးနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။ ဒီအကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီးဦးအောင်ကြည်နဲ့ တွေ့တုန်းကလည်း ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဖြေ ။    ။ ကျနော် comment (မှတ်ချက်) ပေးလို့တော့ မရဘူးဗျ။ ကျနော်တို့က အကြံပေးဆိုတော့ ကျနော်တို့အပိုင်း၊ တာဝန်ပဲ ထမ်းဆောင်တယ်။ ဟိုဘက် အသေးစိတ်ကိုတော့ သမ္မတက တာဝန်ပေးထားတဲ့ ၀န်ကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆွေးနွေးချက်တွေ ဖြစ်လာတယ်၊ အဲဒီအပေါ်မှာမှ သင့်လျော်တဲ့၊ အကောင်းဆုံး အလုပ် တခုကို လုပ်ကြမယ်လို့ အဲဒီလောက်ပဲ ကျနော် မြင်ပါတယ်။ 

မေး ။    ။ သူတို့ တွေ့ပြီးတဲ့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အိတ်ဖွင့်ပေးစာတစောင် ထုတ်တဲ့အခါ NLD ရဲ့ အထွေထွေအတွင်းရေးမှူး အနေနဲ့ မဟုတ်ဘဲနဲ့ သူတဦးတည်းအနေနဲ့ ထုတ်ခဲ့တယ်။ အဲဒါက ဦးအောင်ကြည်နဲ့ ဆွေးနွေးမှုရဲ့ ရလဒ်လား။

ဖြေ ။    ။ ဟုတ်ပါတယ်။ ကျနော် အဲဒီလို ယူဆပါတယ်။ နိုင်ငံတော်ကလည်း တရားဝင် offer လုပ်ထားတာ (ကမ်းလှမ်းထားတာ) ရှိတယ်လေ၊ လူမှုရေးအသင်းအဖွဲ့ အနေနဲ့ ဖွဲ့မလား၊ ဒါဆိုရင်လည်း register လုပ်လို့ (အဖွဲ့အစည်းမှတ်ပုံတင်လို့) ရတယ်။ သို့မဟုတ်ရင်လည်း နိုင်ငံရေးအသင်းအဖွဲ့ အနေနဲ့ register  ပြန်လုပ်မလား၊ ဒါလည်း လုပ်လို့ ရတယ်ပေါ့။ အဲဒီ နှစ်ခုကို မလုပ်သေးတဲ့ အခါကျတော့ ကျနော် ထင်ပါတယ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ ပုဂ္ဂိုလ်ရေးအရ စာထုတ်တယ် လို့ ကျနော် မြင်တယ်လေ။

မေး ။    ။ ဒီလို သူ ပုဂ္ဂိုလ်ရေးအရ လှုပ်ရှားလာတာကို ဘယ်လို မြင်ပါသလဲ။ ပါတီခေါင်းဆောင်အနေနဲ့ မဟုတ်ဘဲ အမျိုးသားရေးမှာ လှုပ်ရှားလာတယ်လို့ မြင်သလား။

ဖြေ ။    ။ ပါတီကို register ပြန်မလုပ်သေးတဲ့အတွက် ပါတီကိုယ်စားပြုဖို့ လောလောဆယ်တော့ ကြောင်းကျိုး မဆီလျော်သေးဘူးပေါ့။ အဲဒီအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပေါ့ ပုဂ္ဂလိကလုပ်တဲ့ သဘောမျိုး အနေနဲ့ပေါ့။

မေး ။    ။ အစိုးရသစ်ကလည်း သက်တမ်း ၄ လ ရှိလာပြီ၊ အကြံပေးအဖွဲ့ကလည်း ၃ လ ရှိပြီ၊ ဒီကာလ အတွေ့အကြုံတွေ အကြောင်း ခြုံပြီး ပြောပြပါဦး။

ဖြေ ။    ။  သမ္မတကြီး အနေနဲ့ သေသေချာချာ ကျနော်တို့ရဲ့ report (အစီရင်ခံစာ) တွေကို သူတို့ ဖတ်ပါတယ်။ တကယ်လို့ မည်ကာမတ္တအကြံပေးသဘောမျိုး ထားမယ် ဆိုရင်  ကျနော်တို့ အလုပ် သိပ်မများနိုင်ဘူးပေါ့။ အခု ကျနော်တို့ တော်တော်လေး အလုပ်များပါတယ်။ အလုပ်များတယ် ဆိုတာက ကျနော်တို့ရဲ့ report တွေကို မှန်မှန်တင်တယ်ဗျ၊ ပြောချင်တာက အကြံပေးပုဂ္ဂိုလ်ထားပြီး သူတို့ရဲ့အကြံကို မယူကြဘူး ဆိုရင် ကျနော်တို့ အလုပ်နည်းမယ်ပေါ့။ လက်ရှိအနေအထားမှာတော့ ကျနော်တို့ တော်တော်လေး အလုပ်များပါတယ်။ ဆိုလိုတာက တင်တဲ့ report တွေ အကုန်လုံးကို သမ္မတက ခြုံငုံပြီး စဉ်းစားတာတွေ အများကြီးပေါ့ဗျာ၊ report တွေ အကုန်လုံးကိုတော့ ဂရုစိုက်ဖတ်ပါတယ်။

မေး ။    ။ သတင်းစာမှာ တွေ့ရတာက နိုင်ငံခြားခေါင်းဆောင်တွေဆီကို သ၀ဏ်လွှာပို့ရင် သမ္မတဦးသိန်းစိန်က သမ္မတတွေကို ပို့တယ်၊ ၀န်ကြီးချုပ်အဆင့်တွေကိုတော့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦးက ပို့တာ တွေ့ရတယ်။  ဦးတင်အောင်မြင့်ဦးက အစိုးရအဖွဲ့မှာ ၀န်ကြီးချုပ်အနေနဲ့ရှိတဲ့သဘောလား။

ဖြေ ။    ။ အဲဒါကျတော့ ကျနော်တို့နဲ့ သိပ်မဆိုင်ဘူး။ ကျနော်တို့က သမ္မတကြီးရဲ့ အကြံပေးပဲ ဖြစ်ပါတယ်ဗျ။ အစိုးရအဖွဲ့တခုလုံးနဲ့ ပတ်သက်ရင် ကျနော်တို့က တော်တော်များများ မသိနိုင်ဘူးလေ။ အဲဒီအတွက် ကျနော် comment ပေးရင်လည်း သိပ် မှန်မှာ မဟုတ်ဘူး။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်