“အပစ်အခတ်ရပ်စဲရေးကို တတိုင်းတပြည်လုံး အတိုင်းအတာနဲ့ ကြေညာရမယ်”

ရှမ်း၊ ကချင်၊ ကရင် ပြည်နယ်များတွင် အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေစဉ် ကယား ပြည်နယ်တွင်လည်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ ကရင်နီ တပ်မတော်နှင့် ၂ ရက်လျှင် တကြိမ်ကျ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ KNPPသည် ၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရသည့် အချိန်ကတည်းက မြန်မာအစိုးရကို ခုခံတိုက်ခိုက်နေသော အဖွဲ့ ဖြစ်သည်။ သြဂုတ်လ ၉ ရက်နေ့တွင် ကရင်နီတော်လှန်ရေး ၆၃ နှစ်ပြည့် မြောက်ခဲ့ပြီ ဖြစ်သည်။ KNPPသည် လက်ရှိ တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC) တွင် ဒု ဥက္ကဋ္ဌ ရာထူးကို တာဝန် ယူထားသည်။

Gen-B-Htooကယားပြည်နယ်၏ နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် ကိုထွေးက ၁၉၇၃ ခုနှစ်က စတင်၍ KNPP တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ကရင်နီတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးကို ဆက်သွယ်မေးမြန်း ထားသည်။

မေး။     ။ အစိုးရတပ်နဲ့ ထိပ်တိုက်ဖြစ်နေတဲ့ တိုက်ပွဲ နောက်ဆုံး အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ။     ။ နောက်ဆုံး ဖြစ်နေတာကတော့ မော်ချီးခွင်မှာပဲ။ မော်ချီးခွင်ကတော့ ၂ ရက်တခါ၊ ၃ ရက်တခါ တိုက်ပွဲတွေ ဖြစ်နေတယ်။ ကြီးကြီးမားမားတော့ မဖြစ်သေးဘူး၊ မတော်လို့ ဒီနေ့ ဖြစ်မလား မသိဘူး။ နည်းနည်းတော့ကြီးမှာ။

မေး။     ။ တော်လှန်ရေး ကာလက ၆၃ နှစ်ကြာပြီဆိုတော့ လက်ရှိ အခြေအနေနဲ့ အရင်တချိန်က ဘယ်လို အပြောင်းအလဲ တွေရှိလဲ။ တိုးတက်လာတယ်ထင်လား၊ ဆုတ်ယုတ်သွားတယ် ထင်လား။

ဖြေ။     ။ ပိုပြီး တိုးတက်တဲ့ အခြေအနေဘက် ရောက်သွားပြီ။ ဆုတ်ယုတ်တာတော့ မရှိဘူး။ ကျနော်တို့ အဖွဲ့အစည်း ဆိုတာထက် တခြား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုက ပိုပြီး အားကောင်းလာတယ်လေ။

နှစ်ပေါင်းများလာတဲ့ အပေါ်မှာ အတွေ့အကြုံလည်း ပိုရင့်လာတယ်။ တိုးတက်မှုလည်း ပိုရှိလာတယ်။ အတွေးအခေါ် အမြော် အမြင်လည်း ပိုကျယ်ပြန့် လာတယ်လေ။ တော်လှန်ရေးလည်း ပိုပြီး ထိရောက်လာတယ်ဆိုတာက လက်တွေ့ ဖြစ်လာတဲ့ UNFC အဖွဲ့အစည်းကို ကြည့်ပြီးပြောတာပါ။

မေး။     ။ ကရင်နီတော်လှန်ရေးက ဘယ်အချိန်ကစပြီး အရှိန်ကောင်းလာလဲ။

ဖြေ။     ။ ၁၉၇၄ ကနေစတယ်။ ၁၉၇၇ မှာ အကွဲအပြဲတွေဖြစ်တယ်။ အဲဒီမှာနည်းနည်း ပြန်ကျသွားတယ်။ တချို့ကလည်း ခွဲထွက်ပြီးတော့ ကလလတ ဆိုပြီး ပြန်ဖွဲ့တာရှိသလို တချို့ကလည်း ရန်သူဆီပြန်သွားတာ အများကြီးဆိုတော့ အကျပ် အတည်းနဲ့ ရင်ဆိုင်ရတာပေါ့။

မြန်မာပြည်က ပြုပြင်ပြောင်းလဲမှုရှိဖို့၊ စစ်မှန်တဲ့ ပြည်နယ်ပေါင်းစုံ ပြည်နယ်စု တခု တည်ဆောက်နိုင်ဖို့ အတွက် အဓိကပဲ။ ကျနော်လိုတာက အဲဒါပဲ။

မေး။     ။ ၁၉၉၅ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူပြီးတော့ ပျက်သွားတာ ဘာကြောင့်လဲ။

ဖြေ။     ။ အပစ်ရပ်သွားတာက ဒီလို၊ သဘောတူညီချက် ၁၇ ချက်ကို ကျနော်တို့က တောင်းတယ်။ တောင်းတော့ သူတို့က ဘာမှ ပြဿနာမရှိဘူး လက်ခံနိုင်တယ်ဆိုတဲ့ ကိစ္စ။ အဲဒါကို လက်ခံပြီးတာနဲ့ပဲ မတ် ၂၁ မှာ တရားဝင် အပစ်အခတ် ရပ်စဲရေး လုပ်တယ်ပေါ့။ အပစ်အခတ်ရပ်စဲရေး လုပ်တဲ့ အချိန်မှာ ကျနော်တို့က ပြည်သူလူထု အားလုံးခေါ်ဖို့ကို သူတို့ လက်မခံဘူး။ ဖြစ်သလို သူတို့ သဘောအတိုင်း လိုက်လျောပြီး လုပ်ခဲ့ရတယ်။

မေး။     ။ တကယ်လို့ ရှေ့ဆက် စေ့စပ်ညှိနှိုင်းတာတွေ၊ ကမ်းလှမ်းလာတာတွေရှိရင် ဘယ်လို လုပ်ဖို့ရှိလဲ။

ဖြေ။     ။ ကမ်းလှမ်းလာမယ်ဆိုရင်တော့ အဆင်သင့် တံခါးဖွင့်ထားတာပဲလေ။ တွေ့မှာပါ။ ပြောမှာပဲ။ ဒါပေမယ့် ကရင်နီ တဖွဲ့တည်း အနေနဲ့တော့ ပြောမှာ မဟုတ်ဘူး။ ခုနက ကျနော်ပြောတဲ့ UNFC အသင်း အဖွဲ့နဲ့ ကိုယ်စားပြုတဲ့ ပုံစံပဲ ဖြစ်ဖြစ် ပူးပေါင်းပြီးတော့ တွေ့ရမယ်။ အဲဒီနည်းနဲ့ပဲ တွေ့နိုင်မယ်။ အဖွဲ့တခုတည်း အနေနဲ့တော့ မတွေ့နိုင်ဘူး။

မေး။     ။ ရှမ်းပြည်တပ်မတော် SSA/ SSPP တို့နဲ့ အစိုးရ ဖြစ်တဲ့ တိုက်ပွဲတွေမှာ ဓာတုလက်နက် သုံးတာတွေရှိတယ်ဆိုတဲ့ သတင်း တွေလည်း ထွက်နေတယ်။ အခု KNPP လှုပ်ရှားတဲ့နေရာမှာရော အဲဒီလို ဓာတုလက်နက် သုံးပြီး တိုက်ခိုက်တာ ရှိလား။

ဖြေ။     ။ ရှိတယ်လို့တော့ မပြောနိုင်ဘူး။ အတိအကျတော့ မပြောနိုင်ဘူး။ ဒါပေမယ့် လူကို ပင်ပန်းတဲ့ အငွေ့မျိုးတွေကိုတော့ သုံးတာ ရှိတယ်။ လူကို တောက်လျှောက် အန္တရာယ်ပေးမယ့် အငွေ့တွေတော့ မဟုတ်ဘူးလေ။ ဥပမာ ၁ လ၊ ၂ လ နွမ်းနေတဲ့ ပုံစံမျိုး။ သူတို့က အ၀ါရောင်ဆိုတာ ခဏခဏ ပြောတယ်။ ဒါပေမယ့် အ၀ါက ဘာမှန်းမသိဘူး။ ဒါကလည်း လက်နက်ကြီး တမျိုးပဲလေ။ အရင်တုန်းက ညာမိုမှာ တခါသုံးဖူးတယ်။

မေး။     ။ ပွင့်လင်းရာသီမှာ KNPP ခွင်တွေမှာ ထိုးစစ်ဆင်တာတွေ ပိုများလာနိုင်လား။

ဖြေ။     ။ လောလောဆယ်တော့ မခန့်မှန်းနိုင်သေးဘူး။ ဘာဖြစ်လဲဆိုတော့ သူတို့ အစိုးရ အဖွဲ့အစည်းထဲမှာ ကိုကလည်းပဲ ညီညွတ်မှုမရှိသလို၊ တပ်ထဲမှာလည်း ပြဿနာ ရှိနေတာ အမှန်ပဲ။ နောက်တခုက ရဲဘော်တွေရဲ့ စိတ်ဓာတ်ကလည်း စစ်တိုက်ဖို့၊ ဘာဖို့ သိပ်မရှိတော့ဘူး။ နေ့တိုင်းလိုလို ပြေးတာကိုး။ ကြိုပြီးတော့ မမြင်နိုင်ဘူးလေ နော်။ ဒါက အစောက  အခြေအနေ ပေါ်မှာ သုံးသပ်ကြည့်တာပေါ့လေ။

မေး။     ။ စစ်တပ်ကနေပြေးလာတဲ့သူတွေရော KNPP မှာ ပူးပေါင်းဆောင်ရွက်တာတွေ ရှိလား။

ဖြေ။     ။ အခု လောလောဆယ်တော့ မရှိသေးဘူး။

မေး။     ။ လက်ရှိ ရှမ်း၊ ကချင်၊ ကရင်ပြည်နယ်တွေမှာ ဖြစ်နေတဲ့ အခြေအနေတွေအပေါ် ဘယ်လိုမြင်လဲ။

ဖြေ။     ။ ဒါကတော့ သူတို့အားကို သူတို့ ပြတာပဲလေနော်။ အပစ်အခတ်ရပ်စဲရေး လုပ်လည်း လုပ်ထားတဲ့ အဖွဲ့တွေ ဖြစ်တယ်။ နောက် ၂၀၀၈ အခြေခံ ဥပဒေအရ တိုင်းပြည်တပြည်ဆို ကာကွယ်ရေး ဦးစီးချုပ် တယောက်ပဲရှိရမယ်။ တပ်ကလည်း တခုတည်းပဲ ရှိရမယ်။ အဲဒီလို ဥပဒေမှာလည်း ဖော်ပြထားတာ ရှိတယ်။ ဒီပုံစံနဲ့ သူတို့လုပ်တာ။ ဥပမာ အပစ်ခတ် ရပ်စဲရေး အဖွဲ့တွေက နယ်ခြားစောင့်တပ် (BGF) အဖြစ် သူလုပ်ပြီးပြီဆိုရင် ဒါတခုတော့ ဖြစ်သွားပြီလေ။ သူတို့ အဲဒီလို အုပ်ချုပ်ရော။ စစ်ရေး၊ စည်းကမ်း၊ ထောက်ပို့၊ လစာ အမိန့်က အစ သူတို့ကိုင်တယ်။ ကိုယ်က အောက်မှာပဲ ရှိတယ် ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။ သူတို့ ကျွေးသလိုစား၊ ခိုင်းသလိုလုပ် ရတယ် အဲဒါပဲ ဆိုတော့ တခြားနေရာတော့ ကျနော်တို့ မသိဘူး။ ကရင်နီပြည်နယ်ကတော့ ဒီအတိုင်းလာတယ်။ နောက်တခုက BGF လက်မခံဘူးဆိုလည်း ပြည်သူစစ်၊ ပြည်သူစစ် ဆိုတာလည်း ရပခမှာ ဌာနတခု ဖွင့်ထားတယ်။ အဲဒီတော့ လုံးလုံးလျားလျား သူတို့လူ ဖြစ်သွားမှာ။ 

မေး။     ။ အစိုးရနဲ့ ပူးပေါင်းပြီးတော့ ပြည်သူစစ်ဖြစ်သွားတဲ့ အဖွဲ့တွေနဲ့ရော ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်လား။

ဖြေ။     ။ ရှိတာပေါ့။ ဥပမာ မတော်တဆ ဖြစ်စေ၊ သက်သက်မဲ့ လုပ်တာဖြစ်စေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ဖက်ကတော့ သက်သက်မဲ့ လုပ်တာ မရှိသေးဘူး။

မေး။     ။ အစိုးရက စေ့စပ်ညှိနှိုင်းဖို့၊ အပစ်အခတ် ရပ်စဲဖို့ ကမ်းလှမ်းလာမယ်ဆိုရင် သူတို့ရဲ့ ကမ်းလှမ်းမှုကို ယုံကြည်လား။

ဖြေ။     ။ ယုံကြည်မှုဆိုတာထက် တရားဝင် ကမ်းလှမ်းလာမယ် ဆိုရင်တော့ ခုနက ကျနော်ပြောသလို အဖွဲ့အစည်း တခု အနေနဲ့တော့ တွေ့မှာ မဟုတ်ဘူး။ UNFC ကိုယ်စားအနေနဲ့ပဲ တွေ့ပြီးတော့ UNFC အဖွဲ့အစည်းနဲ့ တွေ့ဆုံတဲ့ပုံစံ ကျနော်တို့ လုပ်သွားမှာပဲ။

မေး။     ။ UNFCရဲ့ ဆွေးနွေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဘယ်လိုထင်လဲ။

ဖြေ။     ။ အောင်မြင်တယ်လို့ ပြောရမှာပေါ့။ ကချင်မှာပဲကြည့် အခု သူကလည်း ကမ်းလှမ်းတယ်၊ ရန်သူကလည်း ကမ်းလှမ်း လာတယ်။ ဒါပေမယ့် ကချင်တဖွဲ့တည်း အနေနဲ့ တွေ့မှာ မဟုတ်ဘူး၊ UNFC ကိုယ်စားအနေနဲ့တွေ့မှာ ဆိုတော့ အများကြီး ခိုင်မာ သွားပြီလေ။

လူမျိုးစုတွေကလည်း နှစ်ရှည်လများ တပ်ပေါင်းစု အသစ်တွေ ဖွဲ့စည်းခဲပြီလေ။ သို့ပေမယ့်လည်း အကျိုးမရှိဘူး။ နောက်ဆုံး ဒီအဖွဲ့အစည်း တခုပဲရှိတယ် ဆိုတော့ လက်တွေ့အနေနဲ့ ကြည့်၊ မနေ့တနေက ကချင်ကိစ္စ၊ ကချင်ကလည်း တဖွဲ့တည်း အနေနဲ့တွေ့မှာ မဟုတ်ဘူး၊ UNFC အနေနဲ့တွေ့မယ် ဆိုတော့ ဒါ အားတခုပဲလေ။ ကျနော် တော်တော် အားရတယ်။

မေး။     ။ အရင်ရက်ပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင်တွေဆီကို စာတစောင်ပေးပို့ခဲ့တဲ့ အပေါ်ရော ဘယ်လိုမြင်လဲ။

ဖြေ။     ။ သူလုပ်ပေးနိုင်တဲ့ ကိစ္စလို့ သူပြောတာကတော့ ကောင်းတာပေါ့လေ။ ကျနော့်အနေနဲ့ ကောင်းတယ်လို့ မြင်ပါတယ်။ သို့သော်လည်း သူမပြောခင်ကလည်း UNFCက ကြေညာချက်ထုတ်တာလည်း ရှိပြီးသားပဲ။ ဒါပေမယ့် ကမ္ဘာက မကြားဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြောမှ ကမ္ဘာက ကြားတယ်လေ။  ကျနော်တို့လည်း ဒီအတိုင်းပဲ သက်သက်မဲ့ စစ်ရေးအရ တခုတည်း ကိုင်စွဲပြီးတော့မှ လူသတ်ဖို့ မဟုတ်ဘူး။ UNFC မူဝါဒ အရလည်း နိုင်ငံရေး၊ စစ်ရေး စသည်ဖြင့်ပေါ့လေ တိုးတက်ဖို့ပဲ တွေ့ဆုံ ဆွေးနွေးပွဲ ကမ်းလှမ်းလိုက်တာပဲ။ တွေ့မယ်ဆို တွေ့မယ် ဒါပေမယ့် တရားဝင်ဖြစ်ရမယ်။ အပစ်အခတ် ရပ်စဲရေးကိုလည်း တတိုင်းတပြည်လုံး အတိုင်းအတာနဲ့ ကြေညာရမယ်။ ဖြစ်နိုင်ရင်တော့ တတိယ နိုင်ငံ တနေနေရာမှာ တွေ့မယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်