ငါးပိမှာလည်း ဆိုးဆေးတွေ့

E-mail Print
မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာ စားသုံးလေ့ရှိသည့် စိမ်းစားငါးပိနှင့် ငါးပိထောင်းများတွင် ဘေးအန္တရာယ် ဖြစ်စေနိုင်သော ဆိုးဆေး (Rhodamine B) များပါဝင်နေသဖြင့် ရောင်းဝယ် စားသုံးခြင်း မပြုရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် တားမြစ်ထားသော်လည်း ဆက်လက်၍ ရောင်းဝယ် စားသုံးနေဆဲဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ရောင်းချနေသော ငါးပိ လုပ်ငန်း ၃၇ မျိုးကို ဗဟို အစားအသောက်နှင့် ကျန်းမာရေး ၀န်ကြီးဌာနက ဓာတ်ခွဲခန်းများတွင် စစ်ဆေးခဲ့ရာ ငါးပိလုပ်ငန်း ၃၂ ခုမှ ငါးပိအမျိုးအစား ၇၉ မျိုးတွင် ၎င်းဆိုးဆေး ပါဝင်သည်ကို တွေ့ရှိရ၍ ကျန်းမာရေး ၀န်ကြီးဌာနက အစိုးရ သတင်းစာများ၌ မေလ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။  

ရန်ကုန်မြို့၏ အခြေခံ လူတန်းစားများ နေထိုင်ရာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ၀ါးတရာ အပါအ၀င် ဆင်ခြေဖုံး မြို့ နယ်များမှ ဆောက်လုပ်ရေး လုပ်သား၊ ဈေးသည်များနှင့် ကျပန်း အလုပ်သမား ၇၀ ကို ဧရာဝတီက တွေ့ဆုံမေး မြန်းခဲ့ရာ ၎င်းတို့အနေဖြင့် ဆိုးဆေးပါ ငါးပိများကို ဆက်လက် စားသုံးနေဆဲ ဖြစ်သည်ဟု ပြောဆိုသည်။

“မနက် အလုပ်သွားပြီ ဆိုတာနဲ့ ထမင်းချိုင့်ကို ငါးပိထောင်းလေးနဲ့ ထည့်သွား။ ဘာဟင်းမှ ထည့်စရာ မလိုဘူး။ စိမ်းစား ငါးပိမရှိရင် ထမင်းစားလို့ မ၀င်ဘူး။ ဆိုးဆေးပါတယ် ပြောလည်း ကိုယ့်ဝင်ငွေနဲ့ ဟင်းကောင်း စားနိုင်ဖို့ဆိုတာ မလွယ်ဘူး”ဟု လှိုင်သာယာ မြို့နယ်မှ အသက်၂၈ နှစ်အရွယ် ဆောက်လုပ်ရေး ပန်းရန် လုပ်သားတဦးက ပြောသည်။

ဈေးကွက်တွင်း အသင့်စားသုံးနိုင်သော ငွေကျပ်တရာတန် မျှင်ငါးပိထောင်း ဘူးများနှင့် မျှင်ငါးပိ အစိမ်းများသည် အခြေခံ ဆင်းရဲသား လူတန်းစားများ အဓိက စားသုံးနေကြသည့် ဟင်းလျာ တခုဖြစ်နေဆဲ ဖြစ်ပြီး ငွေအကုန်အကျ သက်သာသည့် ဟင်းတခွက် ဖြစ်သည်ဟုလည်း ဒဂုံမြို့သစ်မြောက် ပိုင်း ၅၀ ကွေ့ အနီး အခြေခံစားသောက်ကုန် လက်ကား အရောင်းဆိုင်ရှင် တဦးက ဆိုသည်။

“ဆင်းရဲသားက မျှင်ငါးပိထောင်းကို ဟင်းလိုလုပ်စားတာ။ ဆိုးဆေးပါတယ် ပြောလည်း သူတို့ဝင်ငွေနဲ့က မျှင်ငါးပိ မပါရင် ထမင်းမမြိန်နိုင်တဲ့ အခြေအနေ။ ကျနော့်ဆိုင်မှာ အရောင်းရဆုံးက မျှင်ငါးပိထောင်း ဘူးလေးတွေ”ဟု အဆို ပါဆိုင်ရှင်က ပြောသည်။

မျှင်ငါးပိတွင် အသုံးပြုသည့် အနီရောင်ဆိုးဆေး (Rhodamine B) သည် ချည်၊သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးသော ဓာတုပစ္စည်းဖြစ်ပြီး ရောဂါပိုး ရှာဖွေရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံး ဆိုးဆေးလည်း ဖြစ်ကြောင်း၊မူလ အညိုရောင်ရှိသော ငါးပိများကို ပန်းရောင်အဖြစ် အမြင်လှစေရန် ယင်းဆိုးဆေးကို အသုံးပြုခြင်း ဖြစ်ပြီး ထိုဆိုးဆေးပါ ငါးပိ စားသုံးပါက အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက် အာရုံကြော ထိုင်းမှိုင်းခြင်း စသော လတ်တလော ဆိုးကျိုးများခံရပြီး ရေရှည်တွင် ကင်ဆာရောဂါ ဖြစ်ပွားစေသည်ဟု အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

Rhodamine B ဆိုးဆေးပါ ငါးပိနှင့် ငါးပိထောင်းများကို ရောင်းဝယ် ဖောက်ကားလျှင် အမျိုးသား အစားအစာ ဥပဒေ ပုဒ်မ ၂၈ (က) အရ ထောင်ဒဏ် သုံးနှစ် အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၃၀၀၀၀ ဖြစ်စေ၊ ဒဏ်ငွေ နှစ်ရပ် စလုံးဖြစ်စေ ချမှတ် အရေးယူမည်ဟု ကြေညာထားသော်လည်း ရန်ကုန်မြို့၏အဓိက စားသောက်ကုန်စည် ဈေးကွက်ကြီးဖြစ်သည့် ဘုရင့်နောင်နှင့် သီရိမင်္ဂလာဈေးတွင် မျှင်ငါးပိများ ရောင်းဝယ် ဖောက်ကားလျက် ရှိဆဲဖြစ်သည်။

“မရောင်းတဲ့သူလည်း ရှိတယ်။ လက်သိပ်ထိုး ရောင်းနေတဲ့ လူလည်းရှိတယ်။ လုံးဝကြီး အရောင်းအ၀ယ် ရပ်တာမျိုးတော့ မရှိဘူး။ ရောင်းနေတဲ့ ငါးပိအများစုက ဆိုးဆေးပါတယ် ဆိုပေမယ့် ကုန်သည်တွေက သူ့မိတ်နဲ့သူ ရောင်းထုတ်ကြတယ်”ဟု သီရိမင်္ဂလာဈေး ငါးပိရောင်းဝယ်ရေးဒိုင် ပိုင်ရှင်တဦးက ပြောသည်။

ကျန်းမာရေး ၀န်ကြီးဌာနက အနီရောင်ဆိုးဆေး ပါဝင်သော မျှင်ငါးပိတံဆိပ်နှင့် ရောင်းချသည့် ပွဲရုံနာမည် စုစုပေါင်း ၃၂ မျိုးကို နာမည်များနှင့်တကွ ဖော်ပြရောင်းဝယ်ခွင့် ပိတ်ပင်ထားသော်လည်း ဈေးကွက်တွင် ပွဲရုံအမည်မပေါက်၊ တံဆိပ်မကပ်သည့် မျှင်ငါးပိအများအပြား ရောင်းဝယ်ဖောက်ကားလျက် ရှိသည်ဟုလည်း သိရှိရသည်။

“တချို့ မျှင်ငါးပိက ပွဲရုံကလည်း မလာဘူး။ တင်သွင်းတဲ့ တံဆိပ်လည်း မပါဘူး။ သူ့ အဆက်အသွယ်နဲ့သူ ငါးပိလုပ်တဲ့ တနသာင်္ရီနဲ့ ဘိတ် (မြိတ်) က တန်းယူ ရောင်းကြတာလည်း အများကြီးရှိတယ်”ဟု သီရိမင်္ဂလာ ဈေးမှ အသက် ၅၀ အရွယ် ငါးပိလုပ်ငန်းရှင် အမျိုးသမီးတဦးက ဆိုသည်။

ငါးပိများတွင် ဆိုးဆေးပါခြင်းသည် ကုန်ကြမ်းငါးပိ အဆင့်တွင်ပင် ဆိုးဆေးများ ထည့်သွင်းခြင်း ဖြစ်ပြီး မြစ်ဝကျွန်းပေါ်၊ တနသာင်္ရီတိုင်း အပါအ၀င် ငါးပိထုတ်လုပ်ရာ ဒေသများတွင် ဆိုးဆေးကို တွင်တွင် ကျယ်ကျယ် အသုံးပြု ကြကြောင်းလည်း သတင်းရရှိသည်။

မျှင်ငါးပိနှင့် လက်ဖက်တွင်သာ မဟုတ်ဘဲ မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် မညီညွှတ်သော အစားအစာ အများအပြား ဆက်လက် ကျန်ရှိနေဆဲဖြစ်ပြီး စစ်အစိုးရအနေဖြင့် ယခုထက် ပိုမိုသော စစ်ဆေးအရေးယူမှုများ ပြုလုပ်သင့်သည်ဟု လှိုင်မြို့နယ် ဒေသန္တရ ကျန်းမာရေးအဖွဲ့မှ ကျန်းမာရေး ၀န်ထမ်းတဦးနှင့် ပြည်တွင်း သတင်းဂျာနယ် တခုမှ သတင်းထောက် တဦးက သုံးသပ်ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်