မန္တလေး လေနီကြမ်းကြောင့် လူ ၃ ဦးခန့် ဒဏ်ရာရ

E-mail Print
မန္တလေးမြို့တွင် အင်အားပြင်းထန်သည့် လေနီကြမ်း မုန်တိုင်းငယ်တခု ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်က တိုက်ခတ် ခဲ့သောကြောင့် အဆောက် အအုံများ ပြိုကျပျက်စီးကာ အနည်းဆုံး လူ ၃ ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကြားသိရသည်။

“တောင်ပြုံးသွားတဲ့ လမ်းတလျှောက်က ရွာလေးတွေမှာတော့ အိမ်တိုင်တွေပါ ကျွတ်ထွက်ကုန်ကြတာ၊ အိမ်အမိုးလန်တာတော့ အိမ်တိုင်းနီးပါးပဲ၊ ကလေး ၁ ယောက်နဲ့ အမျိုးသမီး တယောက်တော့ အိမ်တိုင်ပိလို့ ဆေးရုံတင်လိုက်ရတယ်လို့ ကြားတယ်။ လူသေဆုံးတာတော့ မကြားဘူး” ဟု မြို့သစ် ကွက်သစ်တွင် နေထိုင်သူတဦးက ပြောဆိုသည်။

ထို့ပြင် ပြည်ကျော်ဈေးအနောက်တွင် နေထိုင်သူတဦးကလည်း ၎င်းတို့ရပ်ကွက်အတွင်း စလောင်း တပ်ဆင် ထားသော အိမ်များမှ စလောင်များ လွင့်ကျ ပျက်စီးကုန်သည်ကို တွေ့မြင်ရကြောင်း၊ တချို့အိမ်များမှာ ပြူတင်းပေါက်ဘောင်များ ပြုတ်ကျခြင်း၊ အိမ်အမိုးလန်ခြင်း စသည့် ပျက်စီးမှုများသာရှိပြီး သစ်ကိုင်းများ  အိမ်တအိမ်ပေါ်ပိကျသောကြောင့် အဆိုပါ အိမ်အတွင်းမှ လူငယ်တဦး ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း၊ လမ်းတချို့မှာမူ သစ်ပင်များ၊ ဓာတ်တိုင်များ ပြိုလဲခြင်းကြောင့် ယာယီလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ပြောပြသည်။

လေပြင်းတိုက်ခတ်သွားသည့် မိနစ် ၃၀ ကျော်အချိန်အတွင်း ရွာသွန်းခဲ့သော မိုးရေချိန်မှာ ၀. ၉၄ လက်မ ရှိပြီး အဆိုပါ မုန်တိုင်းမှာ ဆိုက်ဆင်းလေနီကြမ်းဖြစ်၍ တိုက်ခတ်နေချိန်တွင် ၁ နာရီ ၁၀ မိုင်မှ မိုင် ၁၀၀ နှုန်း ၀န်းကျင်အထိ တိုက်ခတ်လေ့ရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနမှ ၀န်ထမ်းတဦးကဆိုသည်။
 
အဆိုပါ မုန်တိုင်းကြောင့် နေအိမ်ခေါင်မိုးပေါ်ရှိ စလောင်းများ လွင့်ကျပျက်စီးခြင်း၊ အိမ် အမိုးလန်ခြင်း၊ အိမ်ပြိုပျက်ခြင်း၊ သစ်ကိုင်းများ ကျိုးကျခြင်း၊ သစ်ပင်ပြိုလဲခြင်း၊ အုတ်တံတိုင်းပြိုခြင်း၊ ပေ ၂၀x ပေ ၅၀ ရှိ ကြော်ငြာဘုတ်များ ပြိုလဲခြင်း၊ မီးကြိုးများပြတ်တောက်ခြင်းနှင့် ဖုန်းကြိုးတချို့ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
 
“မြို့ရဲ့ အနောက်မြောက်ထောင့်ကနေ လေစတိုက်တာ။ စတိုက်ပြီး မကြာခင်မိုးတွေရွာလာတာပဲ။ လေတိုက် တာကလည်း တဖြည်းဖြည်းနဲ့ ပြင်းလာပြီး ပြန်ကျသွားတယ်။ စုစုပေါင်း နာရီဝက်လောက်ပဲ ကြာတယ်။ အဲဒီ နာရီဝက်အတွင်းမှာ ကျနော့်အိမ် အမိုးလန်သွားတယ်။ ၃၅ လမ်းပေါ်က ကြော်ငြာဘုတ်တွေ ပျက်စီးကုန်တယ်၊ သစ်ပင်ကြီးတွေ လဲကုန်တယ်” ဟု မန္တလေး အခြေစိုက် သတင်းထောက်တဦးက ပြောပြသည်။
 
လေပြင်းမုန်တိုင်း တိုက်ခတ်နေစဉ် လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ပြီး နောက်တနေ့ နံနက် ၇ နာရီထိ မီးလုံးဝ မလာဘဲ ဓာတ်တိုင်များလည်း လဲပြိုနေသည်ကိုတွေ့ရကြောင်း၊ သို့သော်လည်း ဖုန်းလိုင်းတချို့မှာ ပြတ်တောက် ခြင်း မရှိကြောင်း သူက ပြောဆိုသည်။
 
ဈေးချိုအနီးတွင်နေထိုင်သူ တဦးကလည်း ဈေးချိုပလာဇာတွင် တပ်ဆင်ထားသော မှန်ကြီးများ အားလုံး ကွဲ ကျသွားခဲ့ပြီး ဆိုင်အခန်းတချို့၏ အမိုးများလည်း လန်ထွက်ပျက်စီးကုန်သည်ဟု ဆိုသည်။
 
မန္တလေး မြို့လယ်ရပ်ကွက်များတွင် အထပ်မြင့်အဆောက်အအုံ များပြားခြင်း၊ သစ်ပင်ကြီး နည်းပါးခြင်းတို့ကြောင့် ထိခိုက်ပျက်စီးမှုနှုန်း နည်းပါးခဲ့သော်လည်း မြို့သစ်ရပ်ကွက်များတွင်မူ ထိခိုက်ပျက်စီးမှုများကြောင်း မြို့ခံတဦးက ပြောသည်။
 
ယခုအခါ မန္တလေးမြို့အတွင်း အပြိုအပျက်များကို ရှင်းလင်းလျက်ရှိပြီး အလုပ်သမား ငှားရမ်းခ ဈေးနှုန်း အနေနှင့် တဦးလျှင် ကျပ် ၁၅၀၀ မှ ကျပ် ၅ ထောင်ဈေးအထိ တက်သွားကြောင်း သိရသည်။
 
“ကျမဆိုင်ပေါ် ပိနေတဲ့ အပင်ကို ဖယ်ခိုင်းဖို့ အလုပ်သမားငှားတာ အလုပ်သမားဈေးက ချက်ခြင်းကို တက်သွား တာပဲ။ တယောက် ၅ ထောင်တဲ့။ မတတ်နိုင်ဘူး .. ၃ ယောက်ငှားလိုက်ရတယ်။ သွပ်ဈေး သံဈေးတွေလည်း တက်နေတယ်လို့ ကြားတယ်” ဟု ဈေးကလေးမှ ဈေးသည် အမျိုးသမီး တဦးကပြောပြသည်။
 
အဆိုပါ မုန်တိုင်းငယ်တိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ဦးရေကို ယခုအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်