အင်တာနက် သုံးသူများ အခက်ပိုကြုံ

E-mail Print
ဂျီ မေးလ် အပါအ၀င် အီးမေးလ် လိပ်စာ အသစ်များ ဖွင့်ခြင်းနှင့် ပတ်သက်ပြီး စစ်အစိုးရက ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်နေသောကြောင့် အင်တာနက် အီးမေးလ် အသုံးပြုသူများ အနေဖြင့် အခက်အခဲများ ပိုမို ကြုံတွေ့နေရကြောင်း သိရသည်။

အင်တာနက် အသုံးပြုသူများအား ကူညီ၍ အီးမေးလ် လိပ်စာ အသစ်ဖွင့်ခြင်းများ မပြုလုပ်ရန် အာဏာပိုင်များက သတိပေး ညွှန်ကြားထားသည်ဟု ရန်ကုန်မြို့ရှိ အင်တာနက် ကဖေးဆိုင်ရှင် တချို့နှင့် အင်တာနက် အသုံးပြုသူ များက ပြောသည်။

“ပြည်ပမှာရှိတဲ့ သူငယ်ချင်းကို ဂျီမေးလ် ဖွင့်ပေးဖို့ အကူအညီ လှမ်းတောင်းထားရတယ်၊ ဒီမှာ ဖွင့်လို့မရဘူး”ဟု ဒဂုံ တက္ကသိုလ် ကျောင်းသူ တဦးက ပြောပြသည်။

ယခုကဲ့သို့ အင်တနက် အီးမေးလ်များ သုံးစွဲရ ပိုမိုခက်ခဲလာသည်မှာ လွန်ခဲ့သည့် မတ်လ အတွင်းကပင် ဖြစ်သည် ဟုလည်း သူ ကဆိုသည်။

မြန်မာပြည်တွင်း၌ ရာဟူး မေးလ်၊ ဟော့တ်မေးလ်များကို ယခင်ကတည်း စစ်အာဏာပိုင်များက ပိတ်ပင်ထားကာ ဂျီ မေးလ်ကိုလည်း တရားဝင် သုံးစွဲခွင့် မပြုပေ။

ပြည်တွင်းမှ သတင်းအချက်အလက်များကို ပြည်ပသို့ မထွက်နိုင်ရန် မြန်မာစစ်အစိုးရက တင်းကျပ်စွာ ထိန်းချုပ် နေခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာကလည်း ပြင်းထန်စွာ ဝေဖန်ပြောဆိုခဲ့ကြသည်။  

အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် စာနယ်ဇင်းသမားများ အကာအကွယ်ပေးရေး အဖွဲ့(CPJ) က လည်း မြန်မာစစ်အစိုးရသည် စာနယ်ဇင်းသမားများနှင့် ဘလော့ဂါများကို ဖိနှိပ်ထောင်ချနေမှု၊ အင်တာ နက် အသုံး ပြုခြင်းအား တင်ကျပ်နေမှုတို့တွင် ကမ္ဘာ့အဆိုးဆုံးနေရာ၌ ရှိကြောင်း ဧပြီလ ၃၀ ရက်က ထုတ်ပြန်ထား သည်။

ဂျီမေးလ် အသုံးပြုလိုသူများအား အတားအဆီးများကို ကျော်ဖြတ်သည့် နည်းပညာများသုံး၍ အကူအညီပေးရ ကြောင်း ရန်ကုန် မရမ်းကုန်း မြို့နယ် ရှိ အင်တာနက်ကဖေး ဆိုင်ရှင် တဦးက ပြောပြသည်။

“ကျနော်တို့ ဆိုင်မှာ အီးမေးလ်လာသုံးတဲ့လူတွေ ဘယ်လိုကူညီရမလဲဆိုတာ သိထားရပါတယ်၊ ဒါပေမယ့် လူစိမ်း တွေကိုတော့ မလုပ်ပေးရဲဘူး၊ အာဏာပိုင်တွေ သိသွားရင် ကျနော်တို့ ဒုက္ခရောက်နိုင်တယ်”ဟု ၎င်းက ဆိုသည်။

စစ်အစိုးရသည် သိလိုသည်များ ရှာဖွေနိုင်သည့် Google search engine နှင့် Google mail (gmail) တို့ကို ၂၀၀၆ ခုနှစ်ကတည်း ပိတ်ပင်ထားခဲ့သည်။

ယင်း ၂၀၀၆ ခုနှစ်တွင်ပင် မန္တလေးတိုင်း မေမြို့၌ ရတနာပုံ ဆိုင်ဘာ စီးတီး တခု ကို စစ်အစိုးရက စတင် တည် ဆောက်လာခဲ့သည်။ ထို ရတနာပုံ ဆိုင်ဘာ စီးတီးမှ တနိုင်ငံလုံးသို့ အင်တာနက် ဆက်သွယ်ရေးနှင့် အသုံး အဆောင် ပစ္စည်းများရောင်းချရေး ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ကွန်ပျူတာ နည်းပညာရှင် တဦးက“အဲဒီ ရတနာပုံ ဆိုင်ဘာစီးတီး ဆောက်တာက သတင်း အချက်အလက် စီးဆင်းမှုနဲ့ အင်တာနက် ထိန်းချုပ်ဖို့လို့ သိရတယ်”ဟု ပြောဆိုသည်။

သို့သော် စစ်အစိုးရက Google ၏ အဆင်မြင့်နည်းပညာကို မလိုက်နိုင်၍ လုံးဝပိတ်ပင် တားဆီး၍ မရကြောင်း၊ ဂျီမေးလ် အပါအ၀င် တခြားသော လူသုံးများသည့် အီးမေးလ်များကို ပိတ်ပင်ရန် ကြိုးစားခြင်းဖြစ်ကြောင်း၊ အင်တာနက် သုံးစွဲမှုကိုလည်း လုံးဝရပ်ဆိုင်းသွားရန် မဖြစ်နိုင်သောကြောင့် မြန်နှုန်းများ လျှော့ချခြင်းနှင့် အင်တာနက်လိုင်းများကို ခေတ္တ ဖြတ်တောက်ခြင်းသာ ပြုလုပ်နိုင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

“ရတနာပုံ ဆိုင်ဘာစီးတီးကို ဆောက်တာ၊ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် သတင်းအချက်အလက် စီးဆင်းမှုကို ထိန်းချုပ်ဖို့ ကြိုတင်စီစဉ်တာလည်း ဖြစ်နိုင်တယ်”ဟု အထက်ပါ ကွန်ပျူတာ နည်းပညာရှင် က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ကိုင်နေသော အင်တာနက် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများမှာ အစိုးရ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး ၀န်ကြီးဌာနပိုင် (MPT) ၊ Myanmar Info-tech ၊ ယခင် Bagan Net ကို အမည်ပြောင်းထားသော Myanmar Teleport နှင့် Hanthawaddy National Gateway တို့ဖြစ်သည်။

Hanthawaddy National Gateway သည် အင်တာနက် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း အသစ်တခု ဖြစ်ပြီး ၂၀၀၈ ခုနှစ်အတွင်းမှစတင်ခဲ့သော်လည်း တနိုင်ငံလုံး၏ အကြီးဆုံး လုပ်ငန်းတခု ဖြစ်လာနိုင်သည်ဟု မြန်မာနိုင်ငံ ကွန်ပျုတာ ပညာရှင်များအသင်းမှ ၀ါရင့် ကွန်ပျူတာပညာရှင် တဦး ကပြောသည်။

Hanthawaddy National Gateway မှာ စစ်အစိုးရနှင့် နီးစပ်သည့် ဦးတေဇ၏ လုပ်ငန်းခွဲတခု ဖြစ်ပြီး Alcatel Shanghai Bell Company ၏ နည်းပညာအကူအညီကို ရယူထားကြောင်းလည်း ၎င်း ကွန်ပျူတာ ပညာရှင်က ဆိုသည်။

အဆိုပါ Hanthawaddy National Gateway သည် မန္တလေးရှိ ရတနာပုံ တယ်လီပို့နှင့် ချိတ်ဆက်ကာ ရန်ကုန်မှ အပ တနိုင်ငံလုံးသို့ အင်တာနက် ၀န်ဆောင်မှုပေးရန်စီစဉ်ထားကြောင်း၊ လက်ရှိတွင် စစ်တပ်အရာရှိများအတွက် စီစဉ်ပေးထားကြောင်းလည်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်