ကလေးပန်းချီကားထဲက ဒေါ်အောင်ဆန်းစုကြည်

E-mail Print
စာရွက်ပေါ်တွင် မောင်သာထူးက မျက်စိ နှစ်လုံး၊ နှာခေါင်းနှင့် ပါးစပ် ဆွဲလိုက်သည်။ မောင်မြင့်လွင်က ဘေးအနားသတ် မေးရိုး လိုင်းနှစ်လိုင်း သေသေသပ်သပ် ဆွဲထည့်လိုက်ရာ မေးရိုးကို ကြည့်လိုက်သည်နှင့် ထိုပန်းချီကားက မည်သူ၏ ပုံတူရေးနေကြောင်းကို အားလုံး ရိပ်စားမိနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကို အုပ်စုလိုက် ရေးဆွဲနေကြသည့်အထဲမှာ မောင်မြင့်လွင်က မေးရိုးဆွဲရန် တာဝန်ကျပုံရသည်။ ကလေးအရွယ်ကြီးများထဲတွင် သူက ညပ်နေသည်။ သူ့ ကိုယ်ပိုင်ပန်းချီကားဘေးတွင် အသက် ၁၂ နှစ်ဟု ရေးထားသော်လည်း သူ့ခန္ဓာကိုယ်က ၁၀ နှစ်ပင် မပြည့်တတ်သေးသည့်အရွယ် သေး ငယ်လွန်းလှသည်။ ပြီးတော့ အားလုံးအလယ်တွင် သူတယောက်တည်း ဖိနပ်မပါသည်ကို သတိထားမိသည်။

“တကယ်က အဲဒီအဖွဲ့ထဲမှာ သူမပါဘူး။ ကျန်တဲ့သူတွေက ဘာဆွဲမယ်ဆိုတာ ကြိုတိုင်ပင်ထားတာ။ သူက ဘာဆွဲရမယ်ဆိုတာတောင် မသိဘူး” ဟု ကလေးများ၏ ပန်းချီသင်တန်းဆရာ ကိုဉာဏ်စိုးက ပြောပြသည်။

မဲဆောက်က မြန်မာကလေးများအားလုံး ဒေါ်အောင်ဆန်းစုကြည်ကို သိကြသည်။ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်သေးသည်ကိုလည်း သိသည်။ သို့သော် ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန် ထောင်သို့ ခေါ်သွားပြီဆိုသည်ကို လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်နေရသည် ဆိုခြင်း ကိုလည်းကောင်း သူတို့မသိကြ ..။ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိချရန် စွဲချက်တင်နေသည် ဆိုသည့်အချက်ကိုလည်း မသိကြ။

မေလ ၁၅ ရက်နေ့ ညနေ ၃ နာရီတွင် ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ရှိ Casamia စားသောက်ဆိုင်၌ ကိုဉာဏ်စိုး၏ နွေရာသီ ပန်းချီသင်တန်းမှကလေးများ ရေးဆွဲသော ပန်းချီပြပွဲ ဖွင့်ပွဲကျင်းပသည်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများ တက်ရောက်သင်ကြားနေသော ဆာသူးလေ၊ သွေးသစ် နှင့် ပါရမီ ကျောင်း ၃ ကျောင်းမှ ကလေး ၈၀ ကျော်ရေးဆွဲသော ပန်းချီကား အချပ်ပေါင်း ၉၀ ကျော်ကို ခင်းကျင်း ပြသထား သည်။

ပန်းချီပြပွဲ ဖွင့်ပွဲနေ့တွင် ကျောင်း ၃ ကျောင်းမှ လက်ရွေးစင် ပန်းချီသင်တန်းသား ၅ ယောက်စီက ပန်းချီကား တကားစီ စုပေါင်း ရေးဆွဲပြခဲ့သည်။ ထိုသို့ အုပ်စု ပန်းချီဆွဲသူများမှာ အသက် ၁၅ နှစ်အထက် ကလေးကြီး များသာ ဖြစ်သော်လည်း မောင်မြင့်လွင်က အလွန်ပါဝင်ချင်သောကြောင့် အစီအစဉ်မရှိဘဲ သူ့ကို သွေးသစ် ကျောင်းသားများ အုပ်စုတွင် ဝင်ရေးဆွဲစေခြင်း ဖြစ်သည်ဟု ကိုဉာဏ်စိုးက ဆိုသည်။

ဆာသူးလေ ကျောင်းအဖွဲ့နှင့် ပါရမီကျောင်းအဖွဲ့က ရှုခင်းပုံများ ရေးဆွဲကြပြီး သွေးသစ်ကျောင်းက ဒေါ်အောင် ဆန်း စုကြည်၏ ပုံတူကို ရေးဆွဲကြခြင်းဖြစ်သည်။ တယောက်ရေးဆွဲနေစဉ် ကျန်ကလေးငယ်များက အမှတ်စဉ် ၁ မှ ၁၀ ထိ ရေကြသည်။ ၁၀ ပြည့်သွားလျှင် ရပ်ကာ နောက်တယောက်က ဆက်ဆွဲသည်။ ဖရောင်းရောင်စုံဖြင့် အချောသတ်အဆင့်ပြီးသွားချိန်တွင် ကိုဥာဏ်စိုးက တဖွဲ့စီအား ရေဆေး တခွက်နှင့် စုတ်တချောင်းစီ ပေးလိုက်သည်။ ထို့နောက် ၁ မှ ၅၀ ထိ ရေခိုင်းပြန်သည်။ ရေဆေးဖြင့် အချောသတ်ကိုတော့ အကြီး တယောက်စီက ပြုလုပ်သည်။ ပါရမီ အဖွဲ့တွင် မောင်ကျော်အဲက ထိုတာဝန်ကိုယူသည်။

သွေးသစ်အဖွဲ့မှ မောင်သာထူးက ဒေါ်စု၏မျက်နှာကို ဆေးခြယ်အပြီးတွင် နောက်ဆုံး ဒေါ်စု ကိုယ်တပိုင်းပုံအား သံတိုင်များဖြင့် ကာရံလိုက်သည်။ သံတိုင်များပေါ်မှနေ၍ “Free Burma, Free Aung San Su Kyi” ဟု ထပ်ရေးလိုက်သည်။

၅၀ အထိ ရေပြီးချိန်တွင် အားလုံး ရပ်လိုက်ကြသည်။ စုစုပေါင်း အုပ်စုလိုက် ရေးဆွဲချိန်က ၁၀ မိနစ်ခန့်သာရှိမည်။

ပြပွဲစသည်မှာ နာရီဝက်ပင် မပြည့်သေးသော်လည်း မောင်မြင့်လွင်၏ပန်းချီကားက အရောင်းထွက်သွားခဲ့သည်။

ကလေးများ၏ ပန်းချီကား တချပ်ကို ဘတ်ငွေ ၁၀၀ (မြန်မာငွေ ၃၅၀၀ ခန့်) ဖြင့် ရောင်းချပြီး ရောင်းရငွေကို ပန်းချီကားရေးဆွဲသူ ကလေးအား ပေးအပ်မည်ဖြစ်သည်။

“ပိုက်ဆံရရင် သားက ဖိနပ်ဝယ်မှာ” ဟု သူ့ပန်းချီကားကိုကြည့်ရင်း မောင်မြင့်လွင်က ပြောသည်။

မောင်မြင့်လွင်၏ အရောင်းထွက်သွားသည့် ပန်းချီကားက စက်ရုပ်ပုံဖြစ်သည်။ ထိုစက်ရုပ်ကို သူက စိတ်ကူးယဉ်၍ ရေးဆွဲထားခြင်း ဖြစ်၏။ ထို စက်ရုပ်ကစားစရာမျိုးဖြင့် သူမကစားဘူးသလို တီဗီ၊ ဗီဒီယိုထဲတွင်လည်း မကြည့်ဘူး ကြောင်း ပြောပြသည်။ မောင်မြင့်လွင်၏ ဖခင်က မဲဆောက်မြို့ပြင်ဘက်ရှိ စိုက်ခင်းများတွင် ဆေးဖျန်းသည့် အလုပ်လုပ်သည်ဟု ဆိုသည်။

တကယ်တော့ မောင်မြင့်လွင်က ထိုကျောင်းသုံးကျောင်းစလုံးတွင် တက်ရောက် ပညာသင်ကြားနေသူမဟုတ်။ သွေးသစ်ကျောင်း၏ နွေရာသီ ပိုးကရင်စာသင်တန်းကို လာတက်ရင်း ကိုဉာဏ်စိုး၏ ပန်းချီသင်တန်းကို ဝင် တက်ခြင်းဖြစ်သည်။

“သူတို့အိမ်က တော်တော်ဝေးတယ်။ သူ့ကို သွားခေါ်ရင် တနေကုန်သွားမှာ။ အဲဒီလောက် အဝေးကြီးမှာနေလို့ ကျောင်းမတက်နိုင်ဘူး။ ခု ပိုးကရင်စာ သင်တန်းကျတော့ ကျောင်းအိပ်ကျောင်းစား လာနေတာ” ဟု သွေးသစ် ကျောင်း အုပ်ချုပ်သူ ဦးဇော်လွင်ဦးက ရှင်းပြသည်။

ပိုးကရင်စာနှင့် ပန်းချီသင်ရန် ကျောင်းအိပ်ကျောင်းစား လာနေသော်လည်း မောင်မြင့်လွင်က တချိန်လုံး သူ့အိမ်အတွက် စိတ်ပူနေသည်ဟု သွေးသစ်ကျောင်းမှ ဆရာမ ဒေါ်မာအေးက ပြောသည်။

“သူက သူ့အိမ်မှာ ကလေးကူထိန်းပေးရတယ်၊ ထမင်းချက်ပေးရတယ်၊ ရေဝိုင်းသယ်ပေးရတယ်။ ကျောင်းမှာ လာနေရတာ သူ စိတ်မဖြောင့်ဘူး” ဟု ဒေါ်မာအေးက ဆိုသည်။

ပြခန်းတွင် ဖရောင်းရောင်စုံနှင့် ရေးဆွဲထားသည့် ပန်းချီကားလေးများကြား၌ ရေဆေးနှင့်  သေသေ သပ်သပ် ဆွဲပြထားသည့် ရှုမျှော်ခင်း ပန်းချီကားတကားကို တွေ့သည်။ ထိုပန်းချီကားကို မောင်ကျော်အဲက ရေးဆွဲထား သည်။ သူက ပါရမီ ကျောင်းတွင် တက်ရောက်ကာ ပညာ သင်ကြားနေသူဖြစ်ပြီး လာမည့်နှစ်တွင် ၈ တန်း တက်ရမည်။ သူ့ဖခင်က ပန်းရန် အလုပ်သမား ဖြစ်သည်ဟု ပြောပြသည်။ ကလေးအများစု၏ မိဘများ မှာ မဲဆောက်မြို့နှင့် အနီးတဝိုက်ရှိ စက်ရုံများ၊ အလုပ်ရုံများ၊ စိုက်ခင်းများတွင် အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်း အလုပ်သမားများဖြစ်သည်။

“ကျနော်က ကျောင်းပိတ်ရက်မှာ အဖေနဲ့ ပန်းရန်ဝိုင်းလုပ်ပေးတယ်။ ပန်းချီအရမ်းဝါသနာပါတယ်။ စုတ်တံလေး တွေစုတယ်။ ဆရာဉာဏ်စိုးကလည်း ကျနော့်ကို ပေးတယ်။ ကျနော်သုံးချင်းတဲ့ စုတ်တံမရှိရင် ဂွမ်းကို ရေစွတ်ပြီး ဆွဲတယ်။ ခု ပန်းချီကား ရောင်းရတဲ့ပိုက်ဆံကို ကျောင်းဝတ်စုံ ဝယ်မယ်ခင်ဗျ” ဟု မောင်ကျော်အဲက ပြောပြသည်။ သူ့ ပန်းချီကားလည်း ပြပွဲဖွင့်ပြီး နာရီဝက်မပြည့်ခင် အရောင်းထွက်သွားခဲ့သည်။

မောင်ကျော်အဲ ဖရောင်းရောင်စုံဖြင့် ဆွဲထားသည့် ဒေါ်အောင်ဆန်းစုကြည် ပုံတူကလည်း လက်ရာ မြောက်လှ သည်။ သူက ပိုးကရင် အမျိုးသားဖြစ်ပြီး ဗမာစကားကို ရေလည်အောင် မပြောတတ်။

ပန်းချီကားများ အားလုံးက အရောင်အသွေးစုံလှသည်၊ လက်ရာလည်းမြောက်သည်။ အသက် ၅ နှစ်အရွယ်မှ ၁၇ နှစ်အရွယ်ထိ ကလေးများရေးဆွဲသည့် ပန်းချီကားများဖြစ်သည်။ ဖွင့်ပွဲနေ့တွင်ပင် ပန်းချီကား ၁၅ ကား ရောင်းချ လိုက်ရသည်။ ပို့စ်ကတ် အရွယ် ကလေးပန်းချီကားလေးများကိုလည်း တခု ဘတ် ၂၀ ဖြင့် ရောင်းချသည်။

ပန်းချီသင်တန်းနှင့် ပတ်သက်၍ ကိုဉာဏ်စိုးက “သူတို့ကို ကျနော်က ဆွဲချင်ရာဆွဲ ဆိုပြီး .. ဆေးတွေ .. ဖရောင်းရောင်စုံတွေ ချပေးထားတာ။ အကြီးတွေကို တော့ ပန်းချီသဘောတရား နည်းနည်း ရှင်းပြတယ်။ အငယ်တွေကိုတော့ မင်းတို့ဆွဲတဲ့ပန်းချီကားကို မင်းတို့ ဘာသာလည်း ဘာဆွဲလည်း သိရမယ် ဆရာလည်း သိရမယ် .. အဲဒါဆို ရပြီ ဆိုပြီး ဒီတိုင်း ဆွဲခိုင်းတာ” ဟု ပြောပြသည်။

ဖရောင်းရောင်စုံများကို သက်ဆိုင်ရာကျောင်းကပံ့ပိုးပေးသည်။ ပိုစတာဆွဲသည့် ရေဆေးများနှင့် စုတ်တံများက တော့ ကိုဉာဏ်စိုး၏ ကိုယ်ပိုင်ပစ္စည်းများသာ ဖြစ်သည်။

“အဲဒီအလုပ်က ဘာနဲ့မှ မနှိုင်းနိုင်အောင် ပီတိဖြစ်ရတယ်ဗျာ” ဟု ကိုဉာဏ်စိုးက ပြုံးရွှင်စွာ ပြောသည်။

နွေရာသီကျောင်းပိတ်ရက်တွင် ကိုဉာဏ်စိုးက လခမယူဘဲ ကလေးများကို ပန်းချီသင်ပေးခြင်းဖြစ်သည်။ ထိုသို့ သူ ပန်းချီသင်ပေးရန် ကျောင်း ၃ ကျောင်းက ဆရာ၊ ဆရာမများကလည်း အားပေးကြသည်ဟု ဆိုသည်။ ကျောင်းဖွင့် သည့် ရာသီတွင်တော့ ပန်းချီနည်းပြ အလုပ်အတွက် ထိုကျောင်းသုံးကျောင်းမှ လစာအဖြစ် တကျောင်းလျှင် တလ ဘတ် ၅၀၀ (ကျပ် ၁ သောင်းခွဲကျော်) ရသည်။

“နွေရာသီမှာ ကလေးတွေကို သင်ချင်တော့ ကျောင်းက ဆရာ၊ ဆရာမတွေကို အကူအညီတောင်း ရတာ။ သူတို့က လက်ခံတယ်။ ကလေးတွေကို နေ့လယ်စာ ကျွေးပေးတယ်။ ခု ပြပွဲဖြစ်ဖို့ကိုလည်း သူတို့က မရှိတဲ့ ကြားက တတ်နိုင်သလောက် ကူကြပါတယ်” ဟု ကိုဉာဏ်စိုးက ပြောသည်။ သူ့ မိတ်ဆွေများက ပံ့ပိုးသဖြင့်သာ ယခု ပန်းချီပြပွဲကို ကျင်းပနိုင်ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

 “ကျောင်းတွေက ဆရာဆရာမတွေဆို မရှိတဲ့ကြားက တယောက်ကို ဘတ် ၁၀၀၊ ၂၀၀ .. စသည်ဖြင့် ဝိုင်း ပေးကြတယ်။ တချို့တတ်နိုင်တဲ့သူတွေက ထောင်နဲ့ချီပြီး ထောက်ပံ့တယ် .. အဲဒါနဲ့ ဒီ ပြပွဲလေး လုပ်နိုင်တာပါ” ဟု ကိုဥာဏ်စိုးက ရှင်းပြသည်။

ကိုဥာဏ်စိုးက အုပ်စုလိုက် လက်စွမ်းပြခဲ့ကြသည့် သူ့တပည့်များကို နေရာတွင် ပြန်ထိုင်ခိုင်းချိန်၌ မောင်မြင့်လွင်၏ မျက်နှာက ရောက်ခါစနှင့် ခြားနားစွာ ပြုံးရွှင်ကြည်လင်နေသည်ကို တွေ့ရသည်။ သူ့မျက်လုံးအစုံက အရောင် တောက် နေသည်။ တာဝန်ကြီးတခုကို ထမ်းဆောင်ပြီးသွားသည့်ဟန် ဂုဏ်ယူသည့်အပြုံးကို သူ့မျက်နှာတွင် မြင်ရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်