ဓနုတ်စေတီ သတင်းအမှောင်ချ၊ နိမိတ်ဆိုးဟု သုံးသပ်

E-mail Print
လူ ၂၀ ထက် မနည်း သေဆုံးသွားသည်ဟု ယူဆရသည့် ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ဓနုတ်စေတီ စနေနေ့က ပြိုကျမှုနှင့် ပတ်သက်ပြီး ရေးသား ဖော်ပြခြင်း မပြုရန် အာဏာပိုင်တို့က ရန်ကုန်မှ စာနယ်ဇင်းများကို တားမြစ်ထားပြီး၊ ဗေဒင်ဆရာများကမူ နိမိတ်ဆိုးဟု သုံးသပ်နေကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုက ပြန်လည် မွမ်းမံ ပြုပြင် လှုဒါန်းထားသော စေတီ ဖြစ်ခြင်းကြောင့် ထိုသို့ တားမြစ်ခြင်း ဖြစ်မည်ဟု အများက ယူဆနေကြသည်။ စစ်အစိုးရ ချုပ်ကိုင်ထားသည့် စာနယ်ဇင်းများတွင်လည်း အဆိုပါ သတင်းကြီးကို ၂ ရက် ကြာသည်အထိ ဖော်ပြခြင်း မပြုသေးပေ။ စေတီ ပြိုကျမှုကြောင့် ယခုအချိန်အထိ ဒဏ်ရာရသူပေါင်း ၁၅၀ နီးပါး ရှိသည်ဟု သိရသည်။ ဒေသခံများက လူ ၂၀ ထက် မနည်း အသေအပျောက်ရှိသည်ဟု ပြောကြသည်။ ထိခိုက် သေဆုံးသူများမှာ စေတီကို ငြမ်းဆင်ပြီး ပြင်ဆင် မွမ်းမံနေကြသော  အလုပ်သမားများ၊ လုပ်အားပေးများ ဖြစ်သည်။

ဓနုတ် စေတီသည် ထူးခြားသော နိမိတ် လက္ခဏာများ ပြသပြီး ပြိုကျခဲ့ရာ အဆိုပါ ပြိုကျမှုသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် အစိုးရအဖွဲ့ မကြာမီ သေကြေ ပျက်စီးကိန်း ဆိုက်မည့် နိမိတ် လက္ခဏာများ ဖြစ်ကြောင်း ပြည်တွင်း နက္ခတ္တ ဗေဒပညာရှင်  နှစ်ဦးက ပြောပြသည်။

“ပြဿဒါး နေ့ရက် အချိန်အခါမှာ လူပြဿဒါးနေ့ရက်ရယ်၊ နတ်ပြဿဒါး နေ့ရက်ရယ် ဆိုပြီး နှစ်မျိုး ရှိတယ်။ နတ်ပြဿဒါး ဆိုတာ လူပြဿဒါး နေ့ရက်ထက် ပိုဆိုးတယ်။ နတ်ပြဿဒါးနေ့ရက်မှာ စေတီ ပုထိုး ဘုရား တည်တာတွေ မလုပ်သင့်ဘူး။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် နဲ့အစိုးရအဖွဲ့ ဓနုတ်စေတီတော် မြတ်ကြီးရဲ့ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်တဲ့နေ့က ၁၃၇၁ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ကြာသပတေးနေ့ (မေလ ၇ ရက်နေ့) က နတ်ပြဿဒါးနေ့ ကျနေတယ်” ဟု အသက် ၆၀ ကျော်အရွယ် နက္ခတ္တ ဗေဒ ပညာရှင်တဦးက ဆိုသည်။

“ဘုရား ဆင်းတုတော်တွေ၊ စေတီ ပုထိုးတွေကို တဦးချင်း ကိုယ်စားပြု သော်လည်းကောင်း၊ အများ ကိုယ်စားပြု သော်လည်းကောင်း တည်ထား ကိုးကွယ်တဲ့ အခါ၊ ပြုပြင် မွမ်းမံတဲ့အခါ ပျက်စီးခြင်း ဖြစ်ရင် နိမိတ်လက္ခဏာ ဗေဒကျမ်းတွေ အလိုအရ အရ ဒါက မကောင်းတဲ့ နိမိတ်။ မကောင်းတဲ့ နမိတ် ဆိုတဲ့ နေရာမှာ အကုသိုလ်ကံ အနည်း အများကို ကြည့်ပြီး သူလုပ်သမျှ မကောင်းမှုကို ပြန်ခံရမယ်” ဟု အခြား နက္ခတ္တဗေဒ ပညာရှင်တဦးကလည်း ပြောသည်။

ထေရ၀ါဒ ဗုဒ္စသာသနာ ကို ယုံကြည် သက်ဝင်၍ မဟုတ်ဘဲ အာဏာ တည်မြဲရေး အတွက် ကြားခံပစ္စည်း တခုသဖွယ် အသုံးချပြီး ယတြာအရ စေတီ၊ ဘုရားတည်ခြင်းမှာ လက်မခံနိုင်ဖွယ် ဖြစ်ကြောင်း၊ သာသနာ ကွယ်ပျောက်နိုင်ကြောင်း ရန်ကုန်မြို့တော် မှ နာမည်ကျော် တရားဟောဓမ္မကထိက ဆရာတော်တပါးကလည်း မိန့်ကြားသည်။

“မီးကွင်းအောင်ဆိုပြီး ညောင်ပင်သား နဲ့ ဒက္ခိဏသာခါဘုရားထုပြီး ကိုးကွယ်တယ်။ ဘုရားကို ယုံကြည်သက်ဝင်လို့ မှ မဟုတ်ဘဲ ဘုရားကို မီးကင်းစောင့်ခိုင်းဖို့ ကိုးကွယ်သလို ဖြစ်နေတယ်။ အဲဒီလိုပဲ ကိုယ့်ရာထူး၊ ကိုယ့် အာဏာ၊ ကိုယ့်အသက် အိုးအိမ် စီးပွားတွေ တိုးတက်လာအောင်  န၀င်းကိုးဂဏန်း ကျေအောင် ဆိုပြီး စေတီ ၉ ဆူ တည်တာတွေ လုပ်နေကြတယ်။ အဲဒီလိုမျိုး သာသနာကို သက်ဝင် ယုံကြည်လို့ မဟုတ်ဘဲနဲ့ ယတြာ ချေနေကြရင် သာသနာ ကွယ်လိမ့်မယ်၊ ဘုရားလည်း မကြိုက်ဘူး။ သမာဒေ၀ နတ်ကောင်း နတ်မြတ်တွေလည်း မကြိုက်ဘူး” ဟု အဆိုပါ ဆရာတော်က မိန့်ကြားသည်။

ဓနုတ် စေတီကို ဗိုလ်ချုပ်မှူးကြီး၏  မိသားစုက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူ ပူဇော်ခဲ့ပြီး  ၂၃ ရက် အကြာတွင် ထိုသို့ ပြိုကျခြင်း ဖြစ်သည်။ စေတီတော် ပြိုမကျမီ ထူးခြားသော နိမိတ် လက္ခဏာများ ပြသခဲ့သည်ဟု ဓနုတ် ကျေးရွာသားများ နှင့် စေတီတော် ပြုပြင် မွမ်းမံရာတွင် ပါဝင်ခဲ့သော အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။

“၃ နာရီ ၁၀ မိနစ်မှာ စပြီး ပြိုတယ်။ စေတီမပြိုခင် ၅ မိနစ် အလိုလောက်မှာ စေတီတော်ကြီးနဲ့ ရင်ပြင် တခုလုံး ဘာမှ မမြင်ရအောင် မှောင်မိုက်သွားတယ်။ စေတီတော် မြောက်ဘက်ကနေ အသံနက်ကြီးနဲ့ မီးလုံး အနီကြီး တက်လာတယ်။ ပြီးတော့ စေတီကြီးက တအား လှုပ်လာတယ်။ စေတီကြီးမှာ ဆင်ထားတဲ့ ၀ါးငြမ်းတွေ ပြုတ်ထွက်ကုန်တယ်။ “ကယ်ပါ” ဆိုတဲ့ အသံတွေကလည်း ညံသွားတယ်။ နောက်တော့ စေတီကြီး ပြိုသွားတယ်” ဟု အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး နဖူးနှင့် လက်တွင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့သူ ပန်းရံလုပ်သားတဦးက ပြောသည်။

အဆိုပါ ထူးခြားသည့် နိမိတ် လက္ခဏာများနှင့် ပတ်သက်ပြီး စေတီအနီး နေထိုင်ကြသူများ နှင့် ဘုရားဂေါပက အဖွဲ့ဝင် တချို့ကလည်း ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုကြသည်။

“စေတီပြိုတာ တအား ထူးဆန်းတယ်။ ရာသီဥတုကလည်း ကြည်လင် ကောင်းမွန်နေတဲ့ အချိန် ရုတ်ချည်း မှောင်မိုက်ပြီး အဲဒီလို ပြိုကျသွားတာ” ဟု ဓနုတ် စေတီ မုခ်ဦး အ၀င်ဝမှ စားသောက်ဆိုင် ပိုင်ရှင် တဦးက ဆိုသည်။

ကယ်ဆယ်ရေး လုပ်ငန်းများရှိသော်လည်း နှောင့်နှေးလွန်းသည်ဟု ဒေသခံများက ဝေဖန်ကြသည်။

“စေတီရင်ပြင်ကို ပိတ်ပြီး ဘုရားဆင်းတုတော်တွေ၊ ရွှေတွေ ရှာတယ်။ အပျက် အစီးအောက်မှာ ပိတ်မိနေတဲ့ သူတွေကို အမြန်ဆုံး ကယ်ထုတ်ဖို့ ဦးစားမပေးကြဘူး။ ဒါပေမယ့် အဲဒီ အပျက်အစီးတွေ ကြားမှာ ရှိတဲ့သူတွေလည်း ခုချိန် ဆို သေနေလောက်ပြီ” ဟု ဓနုတ် ကျေးရွာသားတဦးက ပြောသည်။

မေလ ၃၁ ရက်နေ့ မနက်ပိုင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ တိုင်းမှူး ဗိုလ်မှူးချုပ် ၀င်းမြင့် အပါအ၀င် စစ်အစိုးရ ထိပ်တန်း အရာရှိကြီးများ လာရောက် ကြည့်ရှုချိန်ထိ စေတီတော် အုတ်ပုံ အပျက်အစီးများ အောက်တွင် လူ ၁၀ ဦးထက် မနည်း ပိတ်မိလျက်ရှိသည် ဟု သိရှိရသည်။

“စေတီကို ပတ်ပြီး ဆင်ထားတဲ့ ၀ါးငြမ်းတွေပေါ်မှာ ဆေးသုတ်တဲ့လူ၊ ပန်းရံ ကိုင်နေတဲ့လူ၊ အုတ်စီနေတဲ့သူ အများကြီး ရှိတယ်။ စေတီ ပြိုတဲ့အချိန် ကရိန်းတွေနဲ့ အပျက်အစီးတွေ မပြီး ဒဏ်ရာရနေတဲ့လူတွေကို ကယ်ထုတ်တယ်။
ဒဏ်ရာရတဲ့လူတွေ တော်တော် များတယ်။ တချို့ဆိုရင် ၀ါးလုံးထိုးမိလို့ ဗိုက်ပွင့်ပြီး အူထွက်နေတဲ့ သူတွေလည်းပါတယ်” ဟု ဒေသခံ တဦးက ရှင်းပြသည်။

စေတီပြိုကျပြီးနောက် ဒဏ်ရာရရှိသူ တရာကျော်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကြရာ မေလ ၃၀ ရက်နေ့ ညအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းများ  လုပ်ဆောင်ခဲ့ရသည်ဟု သိရှိရသည်။

“အရေးပေါ် ရောက်ရောက်ချင်း ၂ ဦး ဆုံးတယ်။ နောက်ရောက်လာတဲ့သူတွေ တော်တော် များများ ကလည်း ဒဏ်ရာ ပြင်းထန်တယ်” ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ သူနာပြု ဆရာမတဦးက ပြောသည်။

ရန်ကုန်မြို့ တဘက်ကမ်း ဒလမြို့ အတွင်း ရှေးမြန်မာမင်းများ အဆက်ဆက်က တည်ထား ကိုးကွယ်ခဲ့သော ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဆုတောင်းပြည့် ဓနုတ်စေတီတော်မြတ်ကြီးသည် တန်ခိုးကြီး ထင်ရှားသော ဘုရားတဆူ ဖြစ်ပြီး ဉာဏ်တော် ပေ ၁၇၀ ကျော်ရှိသည်ဟု သိရသည်။

၂၀၀၆ ခုနှစ်ကလည်း သဘာဝဘေးဒဏ်များကြောင့် ပြိုကျခဲ့ရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် မိသားစုက ဦးစီးပြီး ပြုပြင် မွမ်းမံ တည်ထားချိန်တွင် ထပ်မံ ပြိုကျခြင်း ဖြစ်သည်။

စေတီ ပြိုကျမှုကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ ဘုရားဖူး ပြည်သူလူထုက နေ့စဉ် သွားရောက် ကြည့်ရှုနေကြပြီး နိုင်ငံရေး မငြိမ်မသက် ဖြစ်လာနိုင်သည် ဆိုသော ပြောဆိုချက်များ လူထုအတွင်း ပျံ့နှံ့လျက် ရှိသည်။

ဓနုတ် စေတီတော် ပြိုကျသည့် နေ့သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို စစ်အစိုးရ ဘက်တော်သားများက အကြမ်းဖက် ရိုက်နှက် ဖမ်းဆီး သတ်ဖြတ်သည့် ဒီပဲယင်း ၆  နှစ်ပြည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တွင် ဖမ်းဆီး တရားစွဲဆိုနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်