ကြွပ်ကြွပ်အိတ် ကင်းစင်ရေး မအောင်မြင်နိုင်သေး

E-mail Print
မန္တလေးမြို့ကို ကြွပ်ကြွပ်အိတ် ကင်းစင်သည့်မြို့ ဖြစ်ရန် အရေးယူရုံသက်သက် မဟုတ်ဘဲ  အစားထိုး သုံးစွဲနိုင်သည့် ပစ္စည်းများ စီစဉ်ပေးလျှင် အောင်မြင်မှု ရနိုင်သည် ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုများ ဆောင်ရွက်နေသော မြို့ခံတချို့က ပြောသည်။

လာမည့် ဇွန် ၂၁ ရက်နေ့မှစပြီး မန္တလေးမြို့တွင် ကြွပ်ကြွပ်အိတ်များ သုံးစွဲခွင့်မပြုတော့ဘဲ သုံးစွဲသူ တွေ့ရှိပါက အရေးယူမည်ဟု မန္တလေး နေ့စဉ်သတင်းစာတွင် ကြေညာထားပြီးနောက်ပိုင်းတွင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ကာတွန်းများကို ရေးဆွဲနေသော ကာတွန်း အော်ပီကျယ်နှင့် အမည်မဖော်လိုသူ စာရေးဆရာ တဦးက အထက်ပါအတိုင်း သုံးသပ်ခြင်းဖြစ်သည်။

ကာတွန်းအော်ပီကျယ်က “အောင်မြင်မှုရဖို့တော့ ခဲယဉ်းမယ်ထင်တယ်။ ပညာပေးတာချည်းလုပ်နေပြီး အစားထိုးဖို့ စီစဉ် မပေးဘူး ဆိုရင်လည်း သုံးနေတဲ့သူတွေ ခက်ခဲလိမ့်မယ်။ ဒီအလုပ်က ကောင်းမွန်တဲ့ အလုပ်ဖြစ်တဲ့အတွက် အောင်မြင်စေ ချင်ပါတယ်၊ အောင်မြင်အောင် ဘယ်လိုလုပ်မယ်ဆိုတာလည်း စိတ်ဝင်စားတယ်” ဟု ပြောသည်။

ကာတွန်းအော်ပီကျယ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် ပူးပေါင်း၍ ဆွေးနွေးပွဲများတွင် ပါဝင်ခြင်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကာတွန်းများကို ပညာပေးရေးဆွဲခြင်းများကို စိုက်လိုက်မတ်တပ် ပြုလုပ်ခဲ့သည်။ ထို့အပြင် လာမည့်လမှစတင်၍ ဂျူနီယာ ကလေး ဂျာနယ်တွင် အိုဇုန်းလွှာနှင့်ပတ်သက်သည့် ကာ တွန်းများကို ကလေးငယ်များ နားလည်အောင် ရေးဆွဲ သွားရန် ရှိကြောင်း ပြောသည်။

ထိုသို့ ကြွပ်ကြွပ်အိတ်သုံးစွဲသူများအား အရေးယူမည်ဟူသည့်ကြေညာချက်ကို မန္တလေးမြို့တော်ဝန် ဗိုလ်မှူးကြီး ဖုန်းဇော်ဟန်၏ အမိန့်ဖြင့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ အသိတရားနဲ့တင်မရဘူး၊ တဘက်က ဥပဒေအရ ပြဌာန်းတာလည်း ပြဌာန်းရင်း တခြားတဘက် ကလည်း အစားထိုး သုံးစွဲနိုင်မယ့် ပစ္စည်းတွေကို နိုင်ငံတော် အတိုင်းအတာနဲ့ ထုတ်လုပ်ပေးနိုင်မယ်ဆိုရင် ရေရှည်မှာ အောင်မြင်မှု ရမှာပါ” ဟု ကာတွန်းအော်ပီကျယ်က ဆိုသည်။

ကြွပ်ကြွပ်အိတ်များသည် ဈေးသက်သာ၍ ထုပ်ပိုးရန်လွယ်ကူပြီး အသုံးတည့်သောကြောင့် လူအများ အလွယ်တကူ အသုံးပြုလျက်ရှိသည်။ သို့ရာတွင် အလွယ်တကူ စွန့်ပစ်မှုကြောင့် ရေမြောင်းများ ပိတ်ဆို့စေခြင်း၊ မြေကြီးထဲတွင် ဆွေးမြေ့မှုမရှိခြင်း၊ ၎င်းကို အပူပေးခြင်းဖြင့်လည်း ပြန်လည်အသုံးပြု (Recycle) ၍ မရခြင်း တို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို များစွာ အနှောင့်အယှက် ဖြစ်စေသည်ဟု ကာတွန်းဆရာက ဆက် ပြောသည်။

သဘာဝပတ်ဝန်းကျင် ဆောင်းပါးများရေးလေ့ရှိသော မန္တလေး ဒေသခံ စာရေးဆရာ တဦးကလည်း “ဒီလုပ်ငန်းက ကောင်းတဲ့အတွက် ထောက်ခံပါတယ်။ ဒါပေမယ့် မသုံးနဲ့ ဆိုတဲ့ဥပဒေထုတ်တာထက် ဒါကို စွန့်ပစ်ဖို့ အမှိုက်ပုံး သေချာစီစဉ်ပေးတာကအစ၊ ဥပမာ - စူပါမားကက်ကြီးတွေမှာ ကြွပ်ကြွပ်အိတ် တအိတ်မယူရင် Refunds ပြန်ပေးတာမျိုး၊ ဒါမှမဟုတ်လည်း အဝတ်အိတ်တွေ သုံးဖို့ ပညာပေးတာမျိုး ပိုလုပ်သင့်တယ်” ဟု ပြောသည်။

စက္ကူနှင့် ဖက်ရွက်မျိုးစုံကို ကြွပ်ကြွပ်အိတ် အစားထိုး သုံးစွဲနိုင်သော်လည်း ထိုပစ္စည်းများမှာ ပေါပေါများများ မရနိုင်ခြင်း၊ ဈေးကြီးခြင်း၊ ဆီ၊ အရည်တို့ ထုပ်ပိုးရန်အခက်အခဲရှိခြင်းများ ဖြစ်နိုင်သည်ဟု သူကဆိုသည်။

ကြွပ်ကြွပ်အိတ် ကင်းစင်မြို့တော်အဖြစ် ဆောင်ရွက်ရန် ကြေညာပြီးနောက်တွင် မန္တလေးရှိ တချို့သော စတိုးဆိုင်ကြီးများ၌ ကျွတ်ကျွတ်အိတ် အစားထိုးသုံးစွဲရေးအတွက် ပြင်ဆင် နေကြသည်။

မန္တလေးမြို့ရှိ “စံ” စတိုးက ကြွပ်ကြွပ်အိတ် အစားထိုး သုံးစွဲရန်အတွက် မိုးကာသားဖြင့် ချုပ်လုပ်သော အိတ်များ မှာယူထားသည်ဟု ပြောသည်။

မန္တလေးရှိ ပလတ်စတစ် စက်ရုံအများစုတွင် အပူပေးကာ Recycle အဖြစ် ပြန်လည်အသုံးပြုနိုင်သော ရိုးရိုး ပလတ်စတစ်အိတ် များသာ ထုတ်လုပ်၍ ကြွပ်ကြွပ်အိတ်များကို ရန်ကုန်မှ မှာယူရကြောင်း မန္တလေးဒေသခံ ပလတ်စတစ် အိတ်မျိုးစုံ ရောင်းဝယ်သည့် လုပ်ငန်းပိုင်ရှင်တဦးက ပြောသည်။

“ကြွပ်ကြွပ်အိတ်တွေ မသုံးရတော့ရင် ကျနော်တို့ လုပ်ငန်း နည်းနည်းတော့ထိခိုက်မယ်။ ဒါပေမယ့် တခြား ပလတ်စတစ်တွေတော့ ဆက်သုံးလို့ရနေပါသေးတယ်။ အဲဒါနဲ့ဆက်အလုပ်လုပ်ရမှာပေါ့” ဟု သူက ဆိုသည်။

သို့ရာတွင် ပလတ်စတစ်အိတ်သည် ကြွပ်ကြွပ်အိတ်ထက် ဈေးပိုကြီးသဖြင့် အသုံးပြုသူများအတွက် တွက်ခြေ ကိုက်ရန် မလွယ်ကူဟု သူကဆိုသည်။

ကြွပ်ကြွပ်အိတ် အသုံးပြုသူများကို အရေးယူမည်ဟု ဆိုထားသော်လည်း မည်သို့ အရေးယူမည်ကို ဖော်ပြထား ခြင်းမရှိကြောင်း သိရသည်။

“ကြွပ်ကြွပ်အိတ် သုံးလို့ဆိုပြီး ဟိုဆိုင်ပိုက်ဆံဝင်တောင်း၊ ဒီဆိုင်ပိုက်ဆံဝင်တောင်းတာမျိုး လုပ်ရင်တော့ မကောင်းဘူးဗျ။ ဒီကြေညာချက်ကြောင့် လာဘ်စားတာမျိုးတွေ မဖြစ်စေချင်ဘူး” ဟု မန္တလေးဒေသခံ စာရေးဆရာက ပြောသည်။

မန္တလေးမြို့သည် ကြွပ်ကြွပ်အိတ် ကင်းစင် မြို့တော်အဖြစ့် မြန်မာပြည်တွင် ပထမဆုံး စတင် ဆောင်ရွက်ရန် ကြိုးစားသည့် မြို့ဖြစ်သည်။ လွန်ခဲ့သည့် ၃ နှစ်ခန့်ကလည်း မန္တလေးမြို့တွင် ကြွပ်ကြွပ်အိတ် စက်ရုံများ ဖွင့်ခွင့် မပြုတော့ကြောင်း သတင်းဂျာနယ်များတွင် ဖော်ပြခဲ့သည်။

မန္တလေးမြို့ခံ အများစုက လွန်ခဲ့သည့် ၃ နှစ်ကာလ၊ ကြွပ်ကြွပ်အိတ် စက်ရုံများပိတ်ပင်ခဲ့စဉ်က အောင်မြင်မှု မရသကဲ့သို့ ယခု တကြိမ်တွင်လည်း အောင်မြင်မှုရရန် ခက်ခဲကြောင်း ဝေဖန်ပြောဆို နေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်