ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်ဝေ လှုပ်ရှားမှု အရှိန်မြှင့်

E-mail Print
မန္တလေးနှင့် တခြားနယ်မြို့များတွင် ယခုလဆန်းပိုင်းက စတင်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ အရေအတွက် သောင်းနှင့်ချီ၍ ဖြန့်ဝေလှုပ်ရှားမှု ပြုလုပ်နေသည် ဟု ၎င်းလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူ တဦးက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၏သမီး၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုတရပ်လုံး သိရှိစေရန် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လူငယ်များက ဦးဆောင်ဖြန့်ဝေနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ ဖြန့်ဝေသည့် ဓာတ်ပုံများမှာ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ခရီးစဉ်တချို့မှ ရိုက်ယူခဲ့သည့် ပုံများဖြစ်သည်။

ဓာတ်ပုံလှုပ်ရှားမှုတွင် ပါဝင်နေသူ လူငယ်က “မန္တလေး ဈေးချို ထဲမှာ ဓာတ်ပုံ တသောင်းလောက် ဖြန်ဝေခဲ့တယ်။ ဓာတ်ပုံတွေ မလုံမလောက် ဖြစ်သွားတယ်။ ကျနော်တို့ကို နှောင့်ယှက်တာတော့ မရှိဘူး၊ စောင့်ကြည့်တာလောက်ပဲ ရှိတယ်” ဟုပြောသည်။

လာမည့် ဇွန်လ ၁၉ ရက်နေ့ တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ မတိုင်မီ ယခုလှုပ်ရှားမှုကို အရှိန်မြှင့်ကာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို မန္တလေးမြို့ပေါ် ၈ မြို့နယ်နှင့် နယ်မြို့ ၁၂ မြို့နယ် တို့၌ ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ကျေးလက်ဒေသများ တိုင်အောင် ဖြန့်ဝေသွားမည်ဟု လှုပ်ရှားမှုတွင် ပါဝင်သူက ပြောသည်။

မန္တလေးမြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော် တချို့ကလည်း ယင်းဓာတ်ပုံလှုပ်ရှားမှုကို ဦးစီး ပြုလုပ်ရန် အထူးစိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်တရားစွဲဆိုခဲ့သည့် မေလ ၁၈ ရက်နေ့ နောက်ပိုင်းတွင် အဆိုပါ လှုပ်ရှားမှုများ အရှိန်မြင့်လာခဲ့ခြင်း ဖြစ်သည်။

ယခင် အပတ်အတွင်း ကလည်း မိထ္ထီလာခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ လူထုပါဝင် ဆင်နွှဲနိုင်သော လှုပ်ရှားမှုတခုအဖြစ် ဓာတ်ပုံ ဖြန့်ဝေခြင်းကို ပြုလုပ်ခဲ့သည်။

မိထ္ထီလာမြို့နယ် NLD အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေးက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို မိထ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မြင်းခြံ၊ ညောင်ဦး စသည့်မြို့များတွင် ဖြန့်ဝေခဲ့ပြီး ဖြစ်ကြောင်း ပြောသည်။

ယခုရက်များအတွင်း မန္တလေးတိုင်းအတွင်း ဖြန့်ဝေမည်ဖြစ်ပြီး မကြာမီရက်များတွင် စကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ရှိ မြို့နယ်များအတွင်း ထပ်မံဝေငှ သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အလားတူ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave) အဖွဲ့သည်လည်း မတ်လက ရန်ကုန်နှင့် ပြည်မြို့တို့ရှိ လူစည်ကားရာနေရာများတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စာရွက်စာတမ်းများ ဖြန်ဝေခြင်း၊ မှုတ်ဆေးဖြန်းခြင်း၊ ဓာတ်ပုံဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ကြောင်း၊ ရှေ့ဆက်၍ လည်း ပြည်သူလူထုနှင့် ပူးပေါင်းကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းအဖွဲ့ခေါင်းဆောင် တဦးက ပြောသည်။

ထိုသို့ ဓာတ်ပုံ ဖြန့်ဝေလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင် လူငယ် တာဝန်ခံတဦး ဖြစ်သူ ကိုအေးထွန်းက “NLD ဗဟို လူငယ် လုပ်ငန်းများ ဖော်ဆောင်ရေး အဖွဲ့အနေနဲ့ ဒီလှုပ်ရှားမှုတွေ လုပ်ဖို့် အစည်းအဝေး ဆုံးဖြတ်ချက်ချထားတာ မရှိပါဘူး” ဟုပြောသည်။

NLD ဗဟို လူငယ် လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့အနေဖြင့် တိုင်းနှင့် ပြည်နယ် အသီးသီးအလိုက် NLD အဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရန်နှင့် ပညာပေးရေး လုပ်ငန်းများ ရှေ့ဆက် လုပ်ဆောင်သွားရန် ဟူသည့် အစည်းအဝေး ဆုံးဖြတ်ချက်သာ ရှိကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင် NLD ဗဟိုအလုပ်အမှုဆောင် လူငယ် တာဝန်ခံသုံးဦးဖြစ်သော ကိုမျိုးညွန့်၊ ကိုလှဦး နှင့် ကိုအေးထွန်းတို့ကို လည်းကောင်း၊ ဇွန်လ ၅ ရက်နေ့တွင် NLD ဗဟို အလုပ်အမှုဆောင် (CEC) အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်တို့ကိုလည်းကောင်း သက်ဆိုင်ရာ အာဏာပိုင်များက ခေါ်ယူ သတိပေးခဲ့သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုသည့် ကိစ္စနှင့်ပတ်သက်၍ NLD ဗဟို လူငယ် လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့က ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ရာ စစ်အစိုးရက တည်ဆဲဥပဒေနှင့် ညိစွန်းသည်ဟု ၎င်းအဖွဲ့ဝင် လူငယ်များနှင့် CEC တချို့ကိုခေါ်ယူ သတိပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် တရားစွဲဆို ခံရပြီး အမှုရင်ဆိုင် နေရသည်။ ၁၉၈၉ ခုနှစ်မှစ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ကျော်ပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်