ရင်ဖွင့်လိုသူများ ဘောလုံးပွဲသို့သွား

E-mail Print
ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိသော ဘောလုံးပွဲများသည် ပွဲကြည့် ပရိသတ်များအတွက် နိုင်ငံရေး၊ စီးပွားရေး အခြေအနေနှင့် ပတ်သက်ပြီး မကျေနပ်ချက်များကို အော်ဟစ် ရင်ဖွင့် သည့်နေရာ ဖြစ်လာသည်။

ဘောလုံးပွဲ ကျင်းပနေစဉ်အတွင်း လွတ်လွတ်လပ်လပ် အားပေးခြင်း၊ ပြစ်တင်ခြင်းများ ပြုလုပ်စဉ် မကျေနပ်ချက်များကို အော်ဟစ် ရင်ဖွင့်ကြခြင်း ဖြစ်သည်။

အဓိကအားဖြင့် ဘောလုံးအသင်းပိုင်ရှင်၏  နောက်ခံ စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး အော်ဟစ်ကြသည်ဟု ဆိုသည်။

“ရန်ကုန် ယူနိုက်တက် အသင်းဘက်က ကန်တာ ညံ့သွားရင် ဝိုင်းဆဲကြတယ်၊ ဒီအသင်းက ဦးတေဇရဲ့ အသင်း ဆိုတော့ Air Bagan လေယာဉ် မစီးနဲ့တို့ ဘာတို့ အော်ကြတယ်၊ အသင်းတောင် အသုံးမကျတာ လေယာဉ်လည်း အသုံးကျမှာ မဟုတ်ဘူး စသဖြင့် အော်ကြတယ်” ဟု ဘောလုံးပွဲသို့ သွားလေ့ရှိသူ ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ဦးတေဇသည် စစ်အစိုးရခေါင်းဆောင်များနှင့် နီးစပ်သူဖြစ်သောကြောင့် ပရိသတ်တချို့က ထိုသို့ အော်ဟစ် ပြစ်တင်ကြခြင်းဖြစ်သည်ဟု သိရသည်။

“Alpine ရေသန့် ကုမ္ပဏီရဲ့ ရတနာပုံ FC အသင်းဆိုရင်လည်း ပြောစရာက ရှိနေတယ်။ အသင်းက ကစားတဲ့ နေရာမှာ နည်းနည်းလေး ခြေပျက်သွားရင်၊ မကောင်းဘူးဆိုရင် Alpine ရေသန့် ဝယ် မသောက်နဲ့၊ ရေ ရောင်းစားတဲ့သူတွေ ဆိုပြီး အော်ကြတယ်” ဟု အဆိုပါ ရန်ကုန်မြို့ခံက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနေရှင်နယ်လိဂ် Grand Royal 2009 ဖလားအတွက်  ဘောလုံးအသင်းများက အကြိတ်အနယ် ယှဉ်ပြိုင်လျက်ရှိပြီး ပရိသတ်များကလည်း အားရပါးရ အော်ဟစ် အားပေးနေကြကြောင်း သိရသည်။

ပြိုင်ပွဲများကို ပြီးခဲ့သည့်လက စတင်ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးတင် စစ်ဆေးသည့် အချိန်နှင့် တိုက်ဆိုင်နေရာ ပရိသတ်တချို့က ထိုတရားစွဲဆိုမှုနှင့် ပတ်သက်ပြီး အော်ဟစ် ပြောဆိုခဲ့ကြသည် ဟု ဆိုသည်။ မစ္စတာ ယက်ထော ဆိုသူ အမေရိကန်တဦး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ကျူးကျော် ဝင်ရောက်ခဲ့ခြင်းကြောင့် ထိုအမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“အသင်းတွေမှာ နိုင်ငံခြားသား ဘောလုံးသမားတွေ ငှားထားတာ ရှိတယ်။ ဒီကောင်တွေ ဘောလုံး သယ်လာပြီ ဆိုရင် ပရိသတ်က ယက်ထော၊ ယက်ထော ဆိုပြီး အော်ကြတယ်” ဟု ဘောလုံးပွဲသို့ ရောက်ခဲ့သူ ပရိသတ်တဦးက ပြောသည်။

“နိုင်ငံရေးနဲ့ ပတ်သက်ပြီး တခုခု မကျေနပ်တာ ရှိရင်လည်း ဘောလုံးကွင်းထဲမှာ ဆဲကြတယ်၊ ဘယ် ကာလ
ဘာဖြစ်နေလဲ၊ တယောက်က ဖြစ်နေတဲ့ အခြေအနေ အကြောင်း တိုင်ပေးရင် ကျန်တဲ့လူတွေက ဝိုင်းအော်ကြတယ်” ဟု သူက ဆိုသည်။

“ဘာပဲ ပြောပြော ၂ နာရီလောက် သွားထိုင်ပြီး အော်လိုက် ရရင် စိတ်ပေါ့ပါးသွားတာပေါ့။ ဒီလိုမျိုး လုပ်နိုင်တဲ့ နေရာက မြန်မာပြည်မှာက ဘောလုံးပွဲမှာပဲ ရှိတယ်” ဟု သူက ရှင်းပြသည်။

ပရိသတ်သည် အရှုံးအနိုင်ကို ကြည့်လိုသည့်အပြင် စိတ်အပန်းဖြေလိုသောကြောင့် ဘောလုံးပွဲသို့ သွားရခြင်း ဖြစ်ကြောင်း ဘောလုံးအားကစား ဆောင်းပါးရှင် ခင်မောင်ထွေး (ပျဉ်းမနား)က ဇွန် ၂၅ ရက်နေ့ထုတ် First Eleven အားကစား ဂျာနယ်တွင် ရေးသားထားသည်။

“ဘောလုံးကွင်းထဲရောက်မှ စိတ်လွတ် ကိုယ်လွတ် ဖွင့်ထုတ်ကြတာတွေလည်း ရှိကောင်း ရှိပါလိမ့်မယ်။ ရင်ထဲမှာ တစ်ဆို့ဆို့ကြီး ရှိနေတာတွေဟာ ဖွင့်ထုတ်လိုက်မှ ရင်ပေါ့သွားတဲ့ သဘောမျိုးပေါ့”ဟု ခင်မောင်ထွေး (ပျဉ်းမနား)က ဆိုသည်။

စိတ်လွတ် ကိုယ်လွတ် အော်ဟစ် အားပေးသည့် ဘောလုံးပွဲများကို ပုံမှန် သွားရောက် ကြည့်ရှုသူများထဲတွင်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်လည်း ပါဝင်သည်။

ဘောလုံးပွဲကို အလွန်အမင်း ကြိုက်နှစ်သက်သူ ဖိုးလပြည့်သည် ပွဲစဉ်တိုင်းတွင် အထူးတန်း သီးသန့်နေရာမှ ကြည့်ရှုလေ့ ရှိကြောင်း သိရသည်။

ယခု ယှဉ်ပြိုင်နေသည့် ကြေးစား ဘောလုံးအသင်းများ ပေါ်ပေါက်လာခြင်းမှာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီအမံများ ဖြစ်ပြီး သူနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက ဝိုင်းဝန်း အကောင် အထည် ဖော်ကြခြင်း ဖြစ်ကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ဘောလုံးအသင်း ၈ သင်းမှာ ရန်ကုန်ယူနိုက်တက် (ထူးကုမ္ပဏီ)၊ ရတနာပုံ (Alpine ကုမ္ပဏီ) FC ၊ ကမ္ဘောဇ (ကမ္ဘောဇဘဏ်ကုမ္ပဏီ)၊ မကွေး ( အေးရှားဝေါလ်ကုမ္ပဏီ)၊ Southern Myanmar ယူနိုက်တက် (ယုဇန ကုမ္ပဏီ)၊ ဥဿာယူနိုက်တက် (IBTC ကုမ္ပဏီ)၊ Delta United (ဧဒင်ကုမ္ပဏီ)၊ ဇေယျာရွှေမြေ (ရွှေနဂါးမင်းကုမ္ပဏီ) တို့ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်