ဦးဝင်းတင် သက်သေမဖြစ်သင့်ဟု အစိုးရရှေ့နေပြော

E-mail Print
ဒေါ်အောင်ဆန်း စုကြည်၏ သက်သေတဦးဖြစ်သူ သတင်းစာ ဆရာကြီး ဦးဝင်းတင်အား ပြည်ပ သတင်းမီဒီယာများနှင့် ပြောဆိုသည့်အတွက် သက်သေမဖြစ်သင့်ဟု ယမန်နေ့တွင်

ဗဟိုတရားရုံးကို အစိုးရဘက်က လျှောက်ထားကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“သူတို့က လျှောက်လဲချက်မှာ ဥပဒေထက် လူပုဂ္ဂိုလ်ကို ပြောတယ်၊ ဦးဝင်းတင်ဟာ ပြည်ပ သတင်းမီဒီယာတွေကို အမြဲတမ်းပြောနေတဲ့ ပုဂ္ဂိုလ်၊ ဒါကြောင့် တရားရုံးကို အနှောင့်အယှက် ဖြစ်နိုင်လို့ သက်သေမဖြစ်သင့်ဘူးလို့ ပြောတယ်၊ ကျနော်တို့က တရားရုံးကိုတော့ အနှောင့်အယှက်မဖြစ်နိုင်ဘူး၊ အုပ်ချုပ်ရေးဆိုင်ရာကိုသာ ဖြစ်ချင်ဖြစ် နိုင်မယ်လို့ ပြန်လည် လျှောက်ထားခဲ့ပါတယ်”ဟု ဦးဉာဏ်ဝင်း ကပြောပြသည်။

ဒေါ်အောင်ဆန်း စုကြည်ဘက်က ခုခံချေပရန် သက်သေ၂ ဦးဖြစ်သည့် သတင်းစာဆရာကြီး ဦးဝင်းတင်၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒု ဥက္ကဌ ဦးတင်ဦး တို့နှင့်ပတ်သက်ပြီး ဗဟိုတရားရုံးတွင် ယမန်နေ့က၂ ဘက် လျှောက်ထားချက်များကို ကြားနာ ခြင်းဖြစ်သည်။

ယင်းသို့ လျှောက်ထားကြားနာရာတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်က နောက်ထပ် သက်သေ တဦးဖြစ်သော ဦးတင်ဦး သည်လည်း ပုဒ်မ ၁၀(ခ)ဖြင့် နေအိမ်အကျယ်ချုပ် ချခံထားရသူဖြစ်သည့်အတွက် သက်သေ မဖြစ်သင့် ကြောင်း အစိုးရဘက်က တရားရုံးကို ဆက်လက်လျှောက်ထားခဲ့သည်ဟု သိရသည်။  

NLD ပြောခွင့်ရပုဂ္ဂိုလ်တဦးလည်းဖြစ်သည့် ဦးဉာဏ်ဝင်းက“ကျနော်တို့ ပြောတာက ဒါဟာ ဥပဒေနဲ့ မညီဘူး၊ ဦးတင်ဦးလိုပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၁၄ ရက်နေ့ တရားစွဲခံရတဲ့ အချိန်ကလည်း ဒီ ပုဒ်မ ၁၀(ခ) ဆိုတာ ရှိနေတယ်၊ ဒါကြောင့် ဒီအကြောင်း ပြချက်ဟာ မခိုင်လုံပါဘူးလို့၊ ဥပဒေအရ မှားနေတာကိုပဲ အဓိက ထောက်ပြခဲ့ပါတယ်”ဟု ပြောဆိုသည်။

အစိုးရဘက်က လျှောက်ထားချက်များသည် အစိုးရနှင့် သဘောထားအမြင်မတူသည့် လူပုဂ္ဂိုလ် ဆိုင်ရာများ ကို သာ လျှောက်ထားခြင်းဖြစ်ပြီး ၎င်းတို့ဘက်က ဥပဒေကြောင်းအရသာ လျှောက်ထားခြင်းဖြစ်သည်ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

“သဘောထား အမြင်မတူသည့် လူကို သက်သေအဖြစ် အစစ်မခံရဘူးလို့ ဘယ် ဥပဒေမှာမှ မရှိဘူးလို့လည်း ကျနော်တို့ ပြောခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေ ၂ ဦး ကိစ္စ ၂ ဘက်လျှောက်ထားချက်များကို ဗဟိုတရား ရုံးက ကြားနာခဲ့သော်လည်း သက်သေများအဖြစ် စစ်ဆေးရန် လက်ခံခြင်း လက်မခံခြင်းနှင့်ပတ်သက်ပြီး အမိန့်ချ မှတ်မည့် နေ့ရက်ကို မသိရှိရသေးဟုလည်း ဦးဉာဏ်ဝင်း က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အမှုနှင့်ပတ်သက်ပြီး ဇွန်လ ၉ ရက်နေ့တွင် တိုင်းတရားရုံးမှ ပယ်ချထားသော ဦးဝင်းတင် နှင့် ဦးတင်ဦး သက်သေ ၂ ဦးအတွက် ဇွန်လ ၁၁ ရက်နေ့က ဗဟိုတရားရုံးသို့ ဆက်လက်လျှောက်ထားချက်ကို ယမန်နေ့တွင် ဗဟိုတရားရုံးက ကြားနာခြင်းဖြစ်သည်။

ဗဟိုတရားရုံးက အမိန့်မချမှတ်ရသေးသောကြောင့် ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဘက်မှ ဒေါ်ခင်မိုးမိုးကို သက်သေ တဦးအဖြစ် ခွင့်ပြုလိုက်ပြီး ကြားနာရန် ချိန်းဆိုလိုက်သည့် လာမည့် ဇွန် ၂၆ ရက်နေ့ရုံးချိန်းမှာ ပျက်ပြယ်သွားနိုင်ကြောင်း ဦးဉာဏ်ဝင်း က ပြောဆိုသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ပတ်သက်ပြီး ရုံးချိန်းများ ရွှေ့နေခြင်းသည် စစ်အစိုးရက အချိန်ဆွဲလို၍ ဖြစ်နိုင်ကြောင်း လေ့လာသူများကလည်း သုံးသပ်နေကြသည်။

၎င်း၏နေအိမ်သို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော တိတ်တဆိတ်ဝင်ရောက်လာမှုနှင့် ပတ် သက်ပြီး တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော NLD လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ သက်သေထွက်ဆိုခဲ့ရသည်။

ထို့နောက် ကျန်သက်သေ ၃ ဦး ဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မိုးမိုး တို့အတွက် တိုင်းတရားရုံးသို့ ဆက်လက်လျှောက်ထားရာ တိုင်း ရုံးက ဦးဝင်းတင်နှင့် ဦးတင်ဦးကို ဇွန်လ ၉ ရက်နေ့တွင် ပယ်ချခဲ့ပြီး ဒေါ်ခင်မိုးမိုး တဦးသာခွင့်ပြုခဲ့သည့် အတွက် ဗဟိုတရားရုံးသို့ ဆက်လက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယခုဒေါ်အောင်ဆန်းစုကြည်အမှုနှင့်ပတ်သက်ပြီး စစ်အစိုးရ ဘက်က တရားလိုပြ သက်သေ ၂၃ ဦး စာရင်း တင်ပြ ခဲ့ပြီး ၉ ဦးကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆိုစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင် သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်