ဂန်ဘာရီ မြန်မာပြည်သွားပြီ

E-mail Print
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် ယမန်နေ့က နယူးယောက်မြို့မှ မြန်မာနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်သည် မြန်မာစစ်အစိုးရ၏ ဖိတ်ကြားချက်အရ ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ဇူလိုင်လဆန်းတွင် သွားရောက်မည့် ခရီးစဉ်အကြို သွားရောက်ခြင်းဖြစ် သည်ဟု ဆိုသည်။

သို့သော် ကြိုတင်ကြေညာခြင်းမရှိဘဲ မစ္စတာ ဂန်ဘာရီအနေနှင့် ယခုခရီးစဉ်ကို သွားရောက်ရခြင်းသည် မစ္စတာ ဘန်ကီမွန်း ခရီးစဉ်အကြို ကြိုတင်ပြင်ဆင်မှု ဖြစ်နိုင်ကြောင်း သိရသည်။

မစ္စတာ ဘန်ကီမွန်းသည် ၎င်း၏ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ တိုးတက်မှုများအတွက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ဆွေးနွေးဖွယ်ရှိပြီး ထို့ အတွက် ယခုသွားရောက်သည့် မစ္စတာ ဂန်ဘာရီ၏ ခရီးစဉ်တွင် စစ်အစိုးရနှင့် တွေ့ဆုံပြောဆိုမှုများကို လွန်စွာ အားထားမှုရှိသည်ဟု ကုလသမဂ္ဂ အရာရှိများက ဧရာဝတီသို့ ပြောသည်။

“သင့်လျော်တဲ့အချိန် ကျနော် သွားမှာပါ”ဟု မစ္စတာ ဘန်ကီမွန်းက AP သတင်းဌာသို့ အင်္ဂါနေ့က ပြောကြားခဲ့  သည်။

၎င်းက“မြန်မာအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာလုပ်မလဲဆိုတာ ကျနော့်မှာ စိုးရိမ်မှုရှိပါတယ်၊ ကျနော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုအားလုံး ရုပ်သိမ်းပြီးတော့ သူ အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို အခိုင်အမာတိုက်တွန်းပြောကြားဖို့ ရှိပါတယ်”ဟု လည်း  ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ အဓိကကျတဲ့သူ ဖြစ်ပါတယ်၊ ဒီအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ကျနော် ဘယ်အချိန်မဆို မြန်မာနိုင်ငံကို သွားဖို့ အသင့်ပါပဲ”ဟု မစ္စတာ ဘန်ကီမွန်းက ဆက်လက် ပြောကြားသည်။

“ကျနော် အခု ဖြစ်နိုင်ခြေကို ချိန်ဆနေပါတယ်၊ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး၊ ဒါပေမယ့် မကြာခင် ကျနော် ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်”ဟုလည်း သူက ထည့်သွင်းပြောဆိုခဲ့သည်။

စစ်အစိုးရက မစ္စတာ ဘန်ကီမွန်းအား လာမည့် ဇူလိုင်လအစောပိုင်း၌ မြန်မာပြည်သို့ လာရောက်ရန် ပြီးခဲ့သည့် အပတ်အတွင်းတွင် ဖိတ်ကြားထားသည်။   

မစ္စတာဘန်ကီမွန်းသည် ပြီးခဲ့သည့် ၂၀၀၈ခုနှစ် မေလအတွင်း မြန်မာနိုင်ငံသို့ပထမအဆုံးအကြိမ်သွားရောက် ခဲ့သည်။ ထိုခရီးစဉ်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန်ဖြစ်ပြီး နိုင်ငံရေးကိစ္စများ ဆွေးနွေး ဆောင်ရွက်မည်မဟုတ်ကြောင်း မြန်မာ နိုင်ငံသို့ မသွားရောက်ခင် ၎င်းက ပြောဆိုခဲ့သည်။

ထိုခရီးစဉ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ သည်။

တချိန်တည်းတွင် မစ္စတာဘန်ကီမွန်း အနေဖြင့် မြန်မာပြည်သွားရောက်၍ စစ်အစိုးရကို ဖိအားပေးပြောဆိုရန် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများက တောင်းဆိုခဲ့ကြသည်။

ကုလသမဂ္ဂကလည်း မြန်မာ စစ်အစိုးရကို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်တွေ့ဆုံဆွေးနွေးရေး ပြု လုပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန်တို့ကို တောင်းဆိုထားသည်။ ယင်းတောင်းဆိုချက်များ အကောင်အထည် ဖော်နိုင်မှသာ မြန်မာနိုင်ငံသို့ သွားရောက်လိုကြောင်း မစ္စတာ ဘန်ကီမွန်း က ထုတ်ဖော် ပြောဆိုထားသည်။

မစ္စတာ ဘန်ကီမွန်း၏ ကိုယ်စားလှယ်ဖြစ်သော မစ္စတာ ဂန်ဘာရီ ၏ ခရီးစဉ်အရ ယနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး စနေနေ့အထိ ဖြစ်ကြောင်းလည်း AP သတင်းက ဖော်ပြထားသည်။

မစ္စတာ ဂန်ဘာရီသည် ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း မြန်မာနိုင်ငံ ခရီးစဉ်တွင် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တချို့၊ စစ်အစိုးရ ထောက်ခံသည့် အဖွဲ့များနှင့် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တချို့နှင့် တွေ့ဆုံခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး နှင့် တွေ့ဆုံခဲ့ခြင်းမရှိပေ။

ထိုခရီးစဉ်နှင့် ပတ်သက်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မစ္စတာ ဂန်ဘာရီ၏ ခရီးစဉ်မှာ တိုးတက် ပြောင်းလဲမှု တစုံတရာ မရှိကြောင်း ပြောဆိုခဲ့သည်။

မစ္စတာ ဂန်ဘာရီသည် ၂၀၀၆ ခုနှစ်ကတည်းက မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တာဝန် ထမ်းဆောင်စဉ်မှစပြီး မြန်မာနိုင်ငံ ခရီးစဉ်ပေါင်း ၇ ကြိမ် သွားရောက်ခဲ့ကာ စစ်အစိုးရ ခေါင်းဆောင်များ၊ အတိုက် အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်