ဝက်တုပ်ကွေးအသိ မြန်မာပြည်တွင် အားနည်းသည်ဟုဆို

E-mail Print
မြန်မာနိုင်ငံတွင် A (H1N1) ရောဂါနှင့် ပတ်သက်ပြီး အသိပညာ အားနည်းလျက်ရှိသည်ကို တွေ့မြင်ရသောကြောင့် လူအများအတွက် စိုးရိမ်ဖွယ် ဖြစ်ကြောင်း အထွေထွေရောဂါ အထူးကု ဆရာဝန်များ အသင်း မှ တာဝန်ရှိသူ ဆရာဝန်ကြီးတဦးက ပြောကြားသည်။

“တုပ်ကွေးလို့ သံသယရှိတဲ့ လူနာဆိုရင် ဘယ်လိုတုပ်ကွေးမျိုးပဲ ဖြစ်ဖြစ်၊ ဒီအချိန်မှာ သတိထားပြီး ကုသပေး ရမယ်၊ သူတို့လာတာနဲ့ နှာခေါင်းစည်းပေးရမယ်၊ အဲဒီလူနာကို သီးသန့်ထားပြီး ကုသပေးရမယ်၊ ဒါ့အပြင် တခြားလူတွေဆီကို ကူးစက်မှု မရှိအောင်လည်း ကာကွယ်ပေးရမယ်၊ သူများနိုင်ငံတွေမှာ ဘယ်လိုကုသတယ် ဆိုတာ လေ့လာပြီး အတုယူရမယ်” ဟု အဆိုပါ ဆရာဝန်ကြီးက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ရပ်ကွက်ဆေးခန်းများ၊ ပုဂ္ဂလိက ဆေးရုံများနှင့် အစိုးရဆေးရုံများ၌ တုပ်ကွေးရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေရသူ အများအပြား ရှိသည်ကိုတွေ့မြင်ရပြီး ထိုလူနာများ၏ သလိပ်၊ နှာရည် စသည်တို့ကို ဓာတ်ခွဲစစ်ဆေးခြင်းများ မပြုလုပ်ဘဲ၊ အများစုကို ရိုးရိုးတုပ်ကွေးဟုသာ ခပ်လွယ်လွယ် သတ်မှတ်၍ ကုသနေခြင်း က အန္တရာယ်ရှိသည်ဟု အဆိုပါ ဆရာဝန်ကြီးက ဆက်ပြောသည်။

ထို့အပြင် ပြင်ပဆေးခန်းများတွင်လည်း တုပ်ကွေးလက္ခဏာဖြင့် ရောက်လာသော လူနာများအား ပေါ့ဆစွာ တခြားလူနာများနှင့် ရောနှောကုသလျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ တုပ်ကွေးလူနာများအား သီးသန့် ခွဲထုတ် ကုသရန် လိုအပ်လျက်ရှိကြောင်း၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းအားလုံး ကျင့်ဝတ်ပိုင်း ဆိုင်ရာ အတွေး အခေါ်ရှိရန် လိုအပ်နေသည်ကို တွေ့မြင်ရကြောင်း သူက ဆက်လက်ပြောဆိုသည်။

ယခုအခါ ရန်ကုန်ဆေးရုံကြီး ဖျားနာဆောင်တွင် တုပ်ကွေးရောဂါဖြင့် ဆေးဝါးကုသမှုခံနေသော လူနာများ
ရှိနေပြီး ထိုလူနာများထဲမှ တချို့ကို A (H1N1) ဟု သံသယရှိနေကြသည်။ ထိုသို့ သံသယရှိသူများကို မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ ဆေးရုံကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိကြောင်း ကြားသိရသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်များကို မေးမြန်းရာ ဖြေကြားခြင်းမရှိဘဲ သိလိုပါက ကျန်းမာရေးဦးစီးဌာနသို့ တိုက်ရိုက်မေးရန် ပြောဆိုသည်။

မြန်မာနိုင်ငံရှိ လူ ၁၀ ဦးတွင် ၂ ဦးခန့် ကသာ A (H1N1) ဆိုသည်ကို သိရှိပြီး အများစုမှာ မသိကြကြောင်း ဝက်တုပ်ကွေးရောဂါနှင့် ပတ်သက်သည့် ဟောပြောပွဲတွင် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ယဉ်သန္တာလွင်က ပြောကြားခဲ့သည်။

သာမန်လူများထဲတွင် စာဖတ်သူတချို့သာ ၎င်းရောဂါအကြောင်း ကြားဖူးကြပြီး လူအများစုမှာ မသိရှိကြသဖြင့် ကူးစက်ရောဂါအတွက် အန္တရာယ် ကြီးမားသည်ဟု အဆိုပါ ဆရာဝန်က ဆိုသည်။

ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကလည်း ပညာတတ်အသိုင်းအ၀န်း တချို့ကသာ နှာခေါင်းစည်း၍ ကာကွယ်သင့်ကြောင်း နားလည်ထားပြီး လှိုင်သာယာ၊ ရွှေပြည်သာ အစရှိသည့် ရန်ကုန် ဆင်ခြေဖုန်းဒေသမှ လူအများစုမှာမူ A (H1N1) ရောဂါနှင့်ပတ်သက်၍ ကြားဖူးခြင်းမရှိကြောင်း ပြောသည်။

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်မှ တွဲဖက် ပါမောက္ခတဦးက “လူထုကြားထဲကို ရောက်ဖို့အတွက် ရုပ်မြင်သံကြားတို့၊ ရေဒီိယိုတို့ကို အားကိုးမှ ဖြစ်မယ်၊ ကိုရီးယားကား လွှင့်နေတဲ့ အချိန်မျိုးမှာ ကြော်ငြာပုံစံ လွှင့်ပေးသင့်တယ်၊ အစိုးရသတင်းစာကို လူတွေက သိပ် မဖတ်ကြတော့ သတင်းစာမှာ ဖော်ပြရုံနဲ့ မလုံလောက်ဘူး။ ဂျာနယ်တွေမှာ ဖော်ပြပေမယ့် ဈေးကြီးတော့ လူတိုင်း ဘယ်ဖတ်နိုင်မလဲ” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်လေဆိပ်အ၀င်၌ ဖျားနာမှုရှိ၊ မရှိ ဆေးစစ်ခြင်း ပြုလုပ်သော်လည်း ဆိပ်ကမ်းများနှင့် နယ်စပ်များမှ ရောဂါမ၀င်ရောက်နိုင်အောင် ကာကွယ်ဆောင်ရွက်ခြင်း ပြုလုပ်သည်ကို မတွေ့ရကြောင်း ပြည်တွင်း ကျန်းမာရေးဂျာနယ်မှ သတင်းအယ်ဒီတာ တဦးက ဆိုသည်။

ဇွန်လ ၂၂ ရက်နေ့က ရန်ကုန်ဆေးရုံကြီးတွင် A (H1N1) ရောဂါခံစားနေရသည်ဟု သံသယရှိသည့် လူနာ အမျိုးသား တဦးကို စစ်ဆေးကုသခဲ့ပြီး ရိုးရိုးတုပ်ကွေးဟု သတ်မှတ်ကာ ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင်လည်း A (H1N1) ဟု သံသယရှိသော လူနာ အမျိုးသားတဦးအား ရန်ကုန်ဆေးရုံကြီးမှ ဆင်းကာ စစ်ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ကြောင်း ရန်ကုန်ဆေးရုံကြီး ကျန်းမာရေး ၀န်ထမ်းများထံမှ ကြားသိရသည်။

ဇွန်လ ၂၇ ရက်နေ့က စင်ကာပူနိုင်ငံမှ ပြန်လာသော အသက် ၁၃ နှစ်အရွယ်ကျောင်းသူ တဦးထံ၌ A (H1N1) ရောဂါပိုး စတင်တွေ့ရှိခဲ့သဖြင့် ၎င်းမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဝက်တုပ်ကွေး ဖြစ်ပွားသူအဖြစ် သတ်မှတ် ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ သတင်းထုတ်လွှင့်ခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

အဆိုပါ A (H1N1) ရောဂါသည် ဧပြီလ ၁၇ ရက်နေ့တွင် မက္ကဆီကိုနိုင်ငံမှ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့အထိ ကမ္ဘာ့ နိုင်ငံပေါင်း ၁၁၇ နိုင်ငံသို့ ကူးစက်ပျံ့နှံ့ခဲ့ကာ ရောဂါဖြစ်ပွားရက် ၇၁ ရက်အကြာတွင် မြန်မာနိုင်ငံ၌ စတင်တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်