ရန်ကုန်မြို့ကို ၆ နာရီ အလှည့်ကျနှင့် လျှပ်စစ်မီးပေးနေ

E-mail Print
ရန်ကုန်မြို့ကို လက်ရှိပေးဝေနေသည့် လျှပ်စစ်ဓာတ်အားမနိုင်သောကြောင့် ယခုမိုးရာသီအတွင်း ၆ နာရီ အလှည့်ကျ မီးပေး၊ မီးဖြတ်စနစ်ဖြင့်ပေးမည်ဟု လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ထုတ်ပြန်ကြောင်း သိရှိရ သည်။

“အခုထိ အုပ်စုခွဲမီးပေးစနစ်နဲ့ မီးဆက်ပေးဖို့ ညွှန်ကြားထားတယ်၊ ဘယ်တော့မှအပြည့်ပေးနိုင်မလဲဆိုတာ မသိသေးပါဘူး”ဟု ရန်ကုန် လှိုင်မြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ၀န်ထမ်းတဦးက ပြောသည်။

လျှပ်စစ်မီးအလှည့်ကျစနစ်ဖြင့်သာ ရရှိနေသည့်အတွက် ရန်ကုန်မြို့ခံများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ နေ့စဉ် အခက်အခဲများကြုံတွေ့နေရသည်ဟုသိရှိရသည်။

“မိုးတွင်းလည်း မီးအပြည့်မရဘူး၊ အလှည့်ကျပဲရတယ်၊ မီးမလာတော့ နေရေး၊ စားရေးအတော် ဒုက္ခရောက် တယ်၊ ညသန်းခေါင်ချိန် မီးလာမှရေတင်ရတဲ့ဒုက္ခကလည်း ခုထိမလွတ်နိုင်သေးဘူး၊ အရင်က မိုးတွင်းဆိုရင်
တနေကုန်မီးလာတယ်၊ ဒီနှစ်မရဘူးဆိုတော့ လူတွေလည်းစိတ်ပျက်လက်ပျက်ဒေါသထွက်ကြတယ်” ဟု  ရန်ကုန်မြို့တွင်းအထပ်မြင့်တိုက်ခန်းနှင့်နေထိုင်သူမြို့ခံတဦးက ပြောသည်။

အဓိကဓာတ်အားပေးဝေလျှက်ရှိသည့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားထုတ် လုပ်သည့်စက်ရုံများ ဖြစ်ကြသည့်လှော်ကား၊သာကေတ၊ရွာမ၊အလုံ စက်ရုံ စသည့် စက်ရုံလေးရုံအတွက် သဘာဝဓာတ်ငွေ့ ပေးပို့နေသည့်ကမ်းလွန်ဓာတ်ငွေ့ပိုက်လိုင်းများ မွန်ပြည်နယ် ဘီးလင်းချောင်းအတွင်းရေတိုက်စားမှု ကြောင့် ပျက်စီးသွားကြောင်း၊ ရေအားလျှပ်စစ်စက်ရုံများမှဓာတ်အားပိုမိုရရှိနေသော်လည်း ဓာတ်ငွေ့သုံးစက်ရုံများ အပြည့်အ၀မလည်ပတ်နိုင်သည့် အတွက် ရန်ကုန်မြို့ကိုလျှပ်စစ်ဓာတ်အားမပေးနိုင်ခြင်းဖြစ်ကြောင်း လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့အရာရှိ တဦးက ဆိုသည်။

ပျက်စီးသွားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကိုပြုပြင်ရမည့်အချိန်မှာလည်း လပေါင်းများစွာ ကြာမြင့်နိုင် ကြောင်းလည်း လျှပ်စစ်ဝန်ထမ်းများက ပြောသည်။

ပုံမှန်အားဖြင့် ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကနွေရာသီ၊ဆောင်းရာသီများတွင် မီးအလှည့်ကျ စနစ်ဖြင့်ပေးပြီး မိုးရာသီအချိန်များတွင်နိုင်ငံတ၀န်းရှိရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၌ ရေရရှိမှု တိုးမြင့် လာသောကြောင့် ဓာတ်အားပိုမို ထုတ်လုပ်နိုင်သည့်အတွက်ရန်ကုန်တမြို့လုံးကို ယခုထက်ပို၍ လျှပ်စစ် ဓာတ်အားပေးလေ့ရှိသည်။

ရန်ကုန်တမြို့လုံးကို လျှပ်စစ်ဓာတ်အားအပြည့်အ၀မပေးနိုင်ခြင်းမှာဓာတ်အားပေးစက်ရုံများမှ ပေးပို့လိုက် သည့် လျှပ်စစ်ဓာတ်အား များကိုအစိုးရအုပ်ချုပ်ရေးယန္တရားမြို့တော်သစ် နေပြည်တော်နှင့် ပတ်ဝန်းကျင် ဒေသများကိုအဓိက ပေးပို့ပြီး ထိုနေရာများတွင် ၂၄နာရီမီးပေးနေခြင်းကြောင့်ဖြစ်သည် ဟုလည်း သိရှိရ သည်။

“နေပြည်တော်မှာက မီးကထိန်ထိန်ညီးပဲ၊ မီးလုံးဝမပျက်ဘူး၊ လူနေအိမ်ခြေနဲ့ဝေးတဲ့ကားလမ်းမကြီးတွေ ကိုတောင် တညလုံး မီးထွန်းထားတယ်”ဟု နေပြည်တော်ရှိ အစိုးရ၀န်ထမ်း တဦးက ဆိုသည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းပျက်သည့်အတွက် ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အားမပေး နိုင်ခြင်း ဖြစ် သည်ဟု ထုတ်ပြန်ထားသော်လည်းမီးအပြည့်ရရှိသော နေပြည်တော်သို့ လူအများပြောင်းရွှေ့မှုနေထိုင်မှု များပြား လာ ရန်ရည်ရွယ်၍ ရန်ကုန်မြို့ကိုမီးဖျက်ခြင်းဖြစ်သည်ဟုလည်းပြည်သူများအကြား ဝေဖန် ပြောဆိုနေကြသည်။

“ဒါသက်သက်ညစ်တာ၊ ရန်ကုန်ကို မီးပေးနိုင်ရက်နဲ့ နေပြည်တော်ကို လူတွေပြောင်းရွှေ့နေချင် လာအောင် ရန်ကုန်မီးဖျက်ထားတာ၊ တမင်လုပ်တာ”ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

စစ်အစိုးရ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မြစ်ချောင်းများကိုဖြတ်ပြီး ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက် ကာ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နေသော်လည်း အဆိုပါလျှပ်စစ်ဓာတ်အား အများ စုကို အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ရောင်းချရန်ဖြစ်သည်ဟု ထိုဝန်ကြီးဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

အမှတ် (၁) လျှပ်စစ်ဓာတ်အားဝန်ကြီးဌာနလက်အောက်တွင်ရေအားလျှပ်စစ်ဓာတ်အားပေးရုံ ၁၅ ရုံ လည်ပတ်နေပြီး ဓာတ်အား ၁၄၄၁ မဂ္ဂါဝပ် ထုတ်လုပ်နေကြောင်း၊လာမည့် ၂၀၁၀ ခုနှစ်တွင် ရေအားလျှပ်စစ် စီမံကိန်းခြောက်ခုပြီးစီးမည်ဖြစ်ပြီး ဓာတ်အား ၁၂၁၉ မဂ္ဂါဝပ် ထပ်မံထုတ်လုပ်နိုင်မည်ဖြစ်သည်ဟု ထိုဝန်ကြီး ဌာန ၏ တရားဝင်ထုတ်ပြန်ချက်အရသိရှိရသည်။

အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနလက်အောက်တွင်လည်း ရေနွေးငွေ့နှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၅ ရုံလည်ပတ်နေပြီး ဓာတ်အား ၇၂၃.၆၂ မဂ္ဂါဝပ် ထုတ်လုပ်နေသည်ဟု အစိုးရ စာရင်းဇယားများက ဆိုသည်။

ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ဓာတ်အား ၅၀၀ မဂ္ဂါဝပ် နီးပါးရှိပြီး တနိုင်ငံလုံးအတိုင်း အတာဖြင့် ဓာတ်အားလိုအပ်ချက်သည်မဂ္ဂါဝပ် ၁၀၀၀ ဖြစ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနများ၏
တရားဝင်ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်