“ဒီနေ့ကတော့ ရုံးချိန်းသက်သက်ပဲ၊၁၀ နာရီရုံးတက်ပြီးတာနဲ့ တရားသူကြီးဦးသောင်းညွန့်က ရုံးချိန်းတဲ့အကြောင်း ကြေညာတယ်၊ အကြောင်းပြချက်က ဒီအမှုမှာ ဥပဒေပြဿနာကို စဉ်းစားသုံးသပ်ရန် ရှိနေတဲ့ အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၁ ရက်နေ့မနက် ၁၀ နာရီကို ချိန်းပါတယ်”ဟု ဦးဉာဏ်ဝင်း က ဧရာဝတီ သို့ ပြောသည်။ယခုကဲ့သို့ ရွှေ့ဆိုင်းခြင်းသည် နိုင်ငံတကာ၏ သဘောထား ဖိအားများကို ထည့်သွင်း စဉ်းစားနေခြင်း ဖြစ်နိုင် သည် ဟု ယူဆ၍ ရကြောင်းလည်း ၎င်းက ဆိုသည်။
လွန်ခဲ့သည့် အင်္ဂါနေ့က ဒေါ်အောင်ဆန်းစုကြည် အမှုအား ၂ ဘက်အပြီးသတ်လျှောက်လဲချက်များကို ကြားနာပြီး နောက် အင်းစိန်ထောင်တွင်း တရားရုံးက ယနေ့ နံနက်ပိုင်းတွင် စီရင်ချက်ချမှတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း ယခုကဲ့သို့ ထပ်မံ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
ယင်း စီရင်ချက်ချမည့် ရက်ကို ရွှေ့ဆိုင်းရန် တရားရုံးသို့ နေပြည်တော်ရှိ စစ်အစိုးရအကြီးအကဲက ညွှန်ကြားခဲ့ ခြင်းဖြစ်ကြောင်း အတည်မပြုနိုင်သေးသော သတင်းများအရ သိရသည်။
ယခုကဲ့သို့ စီရင်ချက်ချမည့် ရက်ကို ရွှေ့ဆိုင်းခြင်းသည် သြဂုတ်လအတွင်း ကျရောက်မည့် ၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည်နေ့ကို ရှောင်ရှားလို၍ ဖြစ်နိုင်သည်ဟု လေ့လာသူများက သုံးသပ်နေကြသည်။
ယနေ့တရားခွင်သို့ နိုင်ငံခြားသံရုံး အရာရှိများကို လာရောက်ခွင့်ပြုသည်ဟုလည်း သိရသည်။
အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင်လည်း လုံခြုံရေးတင်းကျပ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
“အခု အင်းစိန်ခုံးတံတားကို ပိတ်ထားတယ်၊ လူရော ကားရော သွားလို့မရဘူး၊ ကျနော် ရောက်နေတဲ့ ဘက်က ဒီဘက် ပန်းခြံဘက်မှာ၊ ကြံ့ဖွံ့လိုလို စွမ်းအားရှင်လို လူတွေကလည်း ၁၀၀ ဝန်းကျင်လောက်ရှိမယ်ထင်တယ်၊ သူတို့က ကျနော်တို့ လူတွေကို ဓာတ်ပုံတွေ ဘာတွေရိုက်နေတယ်၊ အခုပြောနေချိန်မှာပဲ ရဲ ကား ၇ စီးလောက် လှည့်လာတယ်၊ ကားခေါင်းပေါ်မှာလည်း စက်သေနတ်ကို အသင့် ထောက်ပြီးတင်ထားတာတွေ့ရတယ်”ဟု ၎င်း က ပြောပြသည်။
ယင်း တရားစီရင်ရာ အင်းစိန်ထောင်အနီး ဝန်းကျင်သို့ NLD အဖွဲ့ဝင်များ၊ ပြည်နယ် နှင့် တိုင်းမှလွှတ်တော်အမတ် တချို့၊ မြောင်းမြဘဆွေ၊ အမျိုးသားရေး ဦးဝင်းနိုင် နှင့် အယ်ဒီတာ ကဗျာဆရာ ဖျာပုံနီလုံဦး တို့အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသော လူပရိသတ် ၃၀၀ ဝန်းကျင်ခန့် လာရောက်ကြသည်ဟုလည်း ၎င်းက ဆိုသည်။
“ဆရာ ဦးဝင်းတင်ကလည်း လမ်းလျှောက်ရတာ မောနေလို့တဲ့ ဆိုက်ကားနဲ့ ထွက်လာချင်တယ်လို့ပြောတယ်၊ ပေါက်တောဘက်မှာတော့ ဦးအေးသာအောင်တို့ ရှိမယ်”ဟုလည်း သူ က ဆိုသည်။ အင်းစိန် ထောင်အနီး ပေါက်တော ဘက်တွင်လည်း လုံထိန်းတပ်ဖွဲ့ဝင်များစွာဖြင့် လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော NLD ပါတီ ရုံးချုပ်အနီးတွင် လည်း ရဲကား ၁၀ စီးခန့်၊ လုံထိန်း၊ စွမ်းအားရှင်တို့ ဖြင့် လုံခြုံရေး တင်းကျပ်ထားကြောင်း ပြည်တွင်း သတင်း ထောက် တဦး ကပြောသည်။
“ရုံးနားက မူလတန်းကျောင်းအနားမှာ ရဲကား ၅ စီး ၊ ကျောက်ဆည် ဓမ္မာရုံနားမှာ ၄ စီး ရှိတယ်”ဟု ၎င်းက ပြောပြ သည်။
ယမန်နေ့ ညဘက်ကလည်း NLD အဖွဲ့ဝင် ၂၀ ခန့်ကို အာဏာပိုင်များက နေအိမ်များမှ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
“မနက်ဖြန် ဒေါ်စု ရုံးချိန်းသွားမှာလားလို့ မေးတယ်၊ သွားမယ်လို့ပြောတဲ့လူတွေကို ဖမ်းသွားတာ”ဟု အထက်ပါ သတင်းထောက်ကပြောသည်။
ဒေါ်ခင်ဝင်းကြည်(ဒဂုံမြို့သစ်) ၊ မထက်ထက်အောင် ဒဂုံမြို့နယ် လူငယ်၊ မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်မှ ဦးမောင်စိုး၊ ဦးပါလေး၊ ဦးကျော်နိုင်၊ ရေနံချောင်းမှ ကိုမြင့်ငွေ၊ ကိုတင့်လွင်၊ ကိုသန်းအောင်၊ ဆင်ဖြူကျွန်းမှ ကိုနေမျိုးကျော်၊ မင်းဘူးမြို့နယ်မှ ဦးသောင်းစိုး၊ ရန်ကုန်တိုင်း တောင်ဒဂုံ မှ ကိုထိန်ဝင်း၊ သာကေတ မှ ကိုနေလင်းစိုး၊ မင်္ဂလာဒုံ မှ မခင်မြတ်သူတို့ အပါအဝင် NLD အဖွဲ့ဝင် ၂၀ ခန့် ယမန်နေ့ညက ဖမ်းဆီးခံခဲ့ရ ကြောင်း NLD ကလည်း အတည်ပြု ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင် ၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိ ကျခံရနိုင် ကြောင်း သိရသည်။
အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
ဤသတင်းအား ဧရာဝတီ သတင်းထောက် ကြည်ဝေနှင့် ပူးပေါင်းရေးသားသည်။
| < Prev | Next > |
|---|






